“နှင်းခူ အကြောင်းသိကောင်းစရာ (Eczema/ Atopic Dermatitis)” ( June, 2022 )
=====================================
နှင်းခူဆိုတာ အရေပြားနီရဲယားယံရောင်ရမ်းတဲ့ အခြေအနေတစ်ခုပါ။ ကလေးငယ်တွေသာမက အရွယ်ရောက်ပြီးသူတွေပါမကျန် အဖြစ်များလှတဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။
နှင်းခူဘာလို့ဖြစ်ရတာပါလဲ?
အရေပြားဓာတ်မတည့်မှုဖြစ်လို့ အရေပြားရောင်ရမ်းရတာဖြစ်ပါတယ်။ သဲ၊ ဖုန်မှုန့်၊ ဓာတ်မတည့်တဲ့ ဆပ်ပြာ၊ အစွန်းချွတ်ပစ္စည်းတွေ၊ တိရစ္ဆာန်အမွှေးတွေနဲ့ထိတွေ့မိတာ၊ အရေပြားကို ကြမ်းရှပွတ်တိုက်မှုဖြစ်စေတဲ့ အဝတ်အစားတွေဝတ်တာက အရေပြားရောင်ရမ်းတာကို ပိုမိုဆိုးရွားစေပါတယ်။
နှင်းခူဟာ အဖြစ်များသော်လည်း မကူးစက်နိုင်တဲ့ အရေပြားရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်းမှာ နှင်းခူရှိကြပါတယ်။ တစ်နှစ်အောက်ကလေးငယ်တွေပါမကျန် ဖြစ်တတ်ကြပါတယ်။ တချို့ကလေးငယ်တွေမှာ နှင်းခူဖြစ်ရင် နှစ်အနည်းငယ်ကြာတဲ့အခါ ပျောက်ကင်းသက်သာသွားတတ်ပေမယ့် တချို့ကတော့ အရွယ်ရောက်တဲ့အထိ မပျောက်ဘဲ ဆက်လက်ကျန်ရှိနေနိုင်ပါတယ်။
ဘယ်သူတွေမှာ နှင်းခူပိုဖြစ်နိုင်ပါသလဲ?
– စိတ်ဖိစီးမှုကြောင့်လည်း နှင်းခူပိုဖြစ်စေပါတယ်။
– ပူနွေးစွတ်စိုတဲ့ရာသီဥတုမှာနေရသူတွေ။
– ကိုယ်ခန္ဓာခုခံအားနည်းနေသူတွေ (ဥပမာ Steriod စတီးရွိုက်ဆေးတွေသုံးနေရတာ၊ HIV/AIDS ရောဂါရှိတာ စသဖြင့်)။
– အသားအရေခြောက်သွေ့တတ်သူတွေ။
– ချွေးထွက်များသူတွေ။
– သဲ၊ ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး စတဲ့အရာတွေနဲ့ ဓာတ်မတည့်သူတွေ စသူတွေမှာ နှင်းခူ ပိုအဖြစ်များပါတယ်။
နှင်းခူရဲ့ အရေပြားလက္ခဏာတွေက ဘာတွေလဲ?
နှင်းခူဟာ အင်မတန်ယားယံတဲ့၊ နီရဲတဲ့ အနာတွေဖြစ်ပါတယ်။ အရေပြားခြောက်သွေ့အက်ကွဲပြီး အဖြူအဖတ်အဖတ်တွေ ကွာကျတတ်ပါတယ်။
ဖြစ်စမှာ ခန္ဓာကိုယ်နေရာအစိတ်အပိုင်း အနည်းငယ်မှာသာဖြစ်တာကနေ ခန္ဓာကိုယ်နေရာအနှံ့ ပျံ့နှံ့ ဖြစ်ပွားသွားတတ်ပါတယ်။ ယားယံမှုကလည်း ပိုမိုပြင်းထန်လာပြီး ချပ်ပြားလို အနာတွေပါဖြစ်စေနိုင်ပါတယ်။
(Infantile Eczema) လို့ခေါ်တဲ့ တစ်နှစ်အောက်ကလေးငယ်လေးတွေမှာ ဖြစ်တဲ့ နှင်းခူအမျိုးအစားမှာဆိုရင် မျက်နှာ၊ ဦးရေပြားလိုနေရာတွေမှာ စတင်ဖြစ်ပွားတတ်ပါတယ်။ အင်မတန်ယားယံတဲ့ အနာချပ်ပြားတွေ ဖြစ်တဲ့အထိ အခြေအနေပြင်းထန်နိုင်တတ်ပါတယ်။ ကလေးဟာ နာကျင်ယားယံလွန်းတော့ စိတ်တို၊ စိတ်ဆတ်၊ စိတ်အလိုမကျဖြစ်ကာ ငိုယိုနေတတ်ပါတယ်။
နှင်းခူဟာ အန္တရာယ်ရှိတဲ့ အရေပြားရောဂါတစ်ခုမဟုတ်ပေမယ့် ယားလို့ ကုတ်ဖဲ့မိတဲ့အခါ သွေးထွက်တာ၊ ပေါက်ပြဲတာ၊ အနာတွေတစိုစိုဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ပိုးဝင်ရောင်ရမ်းတာ စတာတွေ ဖြစ်နိုင်ပါသေးတယ်။
ဓာတ်မတည့်တာကြောင့်ဖြစ်ရတာဖြစ်လို့ အခြားသောဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ ပန်းနာရင်ကြပ်(Asthma) လို ရောဂါတွေလည်း ဖြစ်ဖို့အခွင့်အလမ်း ပိုများစေတတ်ပါတယ်။
နှင်းခူကို ဘယ်လိုကုသသလဲ၊ ဘာတွေဆောင်ရ/ ရှောင်ရမလဲ?
နှင်းခူဖြစ်ရင် အရေပြားဆရာဝန်နဲ့ အတည်ပြုစစ်ဆေးပြီး ကုသမှုခံယူကြရပါမယ်။
ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေကိုရှောင်ရှားဖို့က အဓိကဖြစ်တယ်။ သဲ၊ ဖုန်မှုန့်တွေဟာ ဓာတ်မတည့်မှုကိုဖြစ်စေလို့ ဂရုပြုပါ။
နောက်ဆက်တွဲပိုးဝင်တတ်လို့ နှင်းခူကို အဆက်မပြတ်ကုတ်ဖဲ့တာမျိုး (အထူး) ရှောင်ရပါမယ်။ မကုတ်ဖဲ့မိအောင် အနာကို ပတ်တီးစည်းပေးထားတာ၊ လက်အိတ်ဝတ်ထားတာ စတာတွေပါ လုပ်နိုင်ပါသေးတယ်။ လက်သည်းကနေပိုးဝင်တတ်လို့လက်သည်းညှပ်ပါ။
ဆရာဝန်က လိုအပ်သလို လိမ်းဆေး၊ သောက်ဆေး ပေးပါလိမ့်မယ်။
အရေပြားခြောက်သွေ့တာအတွက် အရေပြားအစိုဓာတ်ထိန်းပေးတဲ့ Moisturizer ပါတဲ့ အသုံးအဆောင်တွေ အသုံးပြုနိုင်ပါတယ်။
ပေါ့ပါးချောင်ချိတဲ့ အဝတ်တွေကို ဝတ်ဆင်ပါ။
ကြမ်းရှပြီး အနာကိုပွတ်တိုက်မှုဖြစ်စေတဲ့ အဝတ်တွေကို မဝတ်သင့်ပါ။
ဓာတ်မတည့်စေနိုင်တဲ့ ဆပ်ပြာ၊ ရေမွှေးစတာတွေကိုရှောင်ပါ။
အနှစ်ချုပ်ရရင် နှင်းခူဟာ မကူးစက်တတ်တဲ့၊ အရေပြားရောင်ရမ်းတဲ့ အခြေအနေတစ်မျိုးဖြစ်ပါတယ်။ ဓာတ်မတည့်စေတဲ့အရာတွေကို အထူးရှောင်ရှားရပါမယ်။ ဆိုးကျိုးများဆင့်ပွားဖြစ်စေတတ်လို့ အဆက်မပြတ်ကုတ်ဖဲ့တာမျိုးကို ရှောင်ပါ။ နှင်းခူဖြစ်ရင် ဆရာဝန်နဲ့ ကုသမှုခံယူပါ။
References John Murtagh’s Patient Education, Sixth Edition; Eczema pg-13
AAD : American Academy of Dermatology Association : Eczema
Oxford Handbook of Medical Dermatology, Second Edition; Eczema pg-212
NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
*** ကုသမှုအားလုံး အခမဲ့ (အခမဲ့) ***
ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm ) ကိုနှိပ်ပါ။
ချက်ချင်းဆေးခန်းပြရန်အတွက်( https://t.me/TelehealthMM ) ကိုနှိပ်ပါ။
Ministry of Health,
National Unity Government.

Published on: 13 June 2022
Last Updated: 13 June 2022