“El Niño and Health” (January 2024)

အယ်လ်နီညို (El Niño) နှင့် သင့်ကျန်းမာရေး (ဇန်နဝါရီလ၊ ၂၀၂၄ ခုနှစ်)

အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဓရာအတွင်း ဖြစ်ပေါ်သည့် ရာသီဥတုဖြစ်စဥ်တစ်ခုဖြစ်ပြီး အီကွေတာအနီးတစ်ဝိုက် နိုင်ငံများတွင် အပူချိန်လွန်ကဲခြင်း၊ ပုံမှန်မိုးရေချိန်ထက် ကျော်လွန်၍ မိုးရွာသွန်းခြင်း (သို့မဟုတ်) ဆန့်ကျင်ဘက်အားဖြင့် အလွန်အမင်း ပူပြင်းခြောက်သွေ့ခြင်း စသည်တို့ကို ဖြစ်ပွားစေသည်။ ဤဖြစ်စဥ်သည် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပိုမိုဆိုးရွားလာသည်။

မိုးလေဝသဆိုင်ရာ အပြောင်းအလဲများကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးဆက်များကို ဖြစ်ပွားစေပြီး ၎င်းအကျိုးဆက်များတွင် အောက်ပါတို့ ပါဝင်သည်။

🔥 ရေကြီးရေလျှံခြင်း နှင့် မိုးခေါင်ခြင်း တို့ကြောင့် စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေသည်။
🔥 ရေကြီးရေလျှံခြင်း၊ မိုးခေါင်ခြင်း နှင့် (ဆိုင်ကလုန်းမုန်တိုင်းများ အပါအဝင်) မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့သည် လူတို့၏ အသက်အန္တရာယ်ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်ပြီး လူအမြောက်အမြား အိုးမဲ့အိမ်မဲ့ဖြစ်ကာ ပြောင်းရွှေ့နေထိုင်ရခြင်းများ ဖြစ်စေသည်။ ကူးစက်ရောဂါများ ဖြစ်ပွားမှုနှင့် ကပ်ရောဂါအသွင် ပျံ့နှံ့မှုများ ပိုမိုဖြစ်ပွားစေပြီး ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများကို ထိခိုက်ပျက်စီးစေသည်။
🔥 အပူချိန်မြင့်တက်လာမှုသည် ကူးစက်ရောဂါပြန့်ပွားစေသော ပိုးမွှားများကို ပျံ့နှံ့စေကာ ပုံမှန်အားဖြင့် ရောဂါကူးစက်ခြင်းမရှိသော ဒေသများသို့ ပျံ့နှံ့ရောက်ရှိသွားနိုင်သည်။
🔥 အပူလှိုင်းများဖြစ်ပေါ်စေကာ ကလေး၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အို ကဲ့သို့သော ထိခိုက်ခံစားလွယ်သည့် အုပ်စုများ၏ ကျန်းမာရေးကို ပိုမိုထိခိုက်စေပြီး မီးလောင်ခြင်းများမှတဆင့် လေထုအရည်အသွေးနိမ့်ကျခြင်း စသည်တို့ ဖြစ်ပွားစေသည်။

ဤပြောင်းလဲမှုများသည် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို ကြုံတွေ့နေရသော ထိခိုက်ခံစားလွယ်အုပ်စုများကို ထပ်ဆင့်ပြီး ဘေးဒဏ်ကို ခံစားရစေသည်။ အကျိုးဆက်အရ အဓိက ဖြစ်ပေါ်လာသော ရောဂါများနှင့် အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်သည်။

👉 အာဟာရချို့တဲ့ခြင်း
👉 ကာလဝမ်းရောဂါ နှင့် အခြား ဝမ်းပျက်ဝမ်းလျှောရောဂါများ (အထူးသဖြင့် မိုးခေါင်ရေရှား ဖြစ်ပွားသော ဒေသများတွင် လုံလောက်သော ရေအရင်းအမြစ်/ ထောက်ပံ့မှုများ ပြတ်လပ်မှုနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အစီအမံများ လုံလောက်မှုမရှိသည့်အတွက် ကူးစက်ပျံ့နှံ့ခြင်း)
👉 တိုက်ဖွိုက် (အူရောင်ငန်းဖျားရောဂါ)၊ ရှီဂဲလား ဘက်တီးရီးယားကြောင့် ဖြစ်သော အူလမ်းကြောင်း ပိုးဝင်ခြင်း၊ အသည်းရောင်အသားဝါရောဂါ အေ (A) နှင့် အီး (E)၊ ကြွက်သေးကတစ်ဆင့် ကူးစက်တတ်သော လက်ပ်တိုစပိုင်းရိုးစစ်ရောဂါ
👉 ငှက်ဖျားရောဂါ – ငှက်ဖျားရောဂါ ကူးစက်ပျံ့ပွားပုံသည် ရှုပ်ထွေးသည်။ အနည်းငယ်သော ရာသီဥတုပြောင်းလဲမှုသည်ပင် လေထုတွင်း အပူချိန်မြင့်တက်မှုနှင့် စိုထိုင်းစမြင့်တက်မှု ဖြစ်ပွားကာ ငှက်ဖျားပိုးသယ်ဆောင်သော ခြင်နှင့် ပါရာဆိုက် ကပ်ပါးကောင်များ မျိုးပွားပျံ့နှံ့မှုအပေါ် သက်ရောက်မှုရှိပြီး ငှက်ဖျားရောဂါဖြစ်စေသော ခြင်များပေါက်ပွားနိုင်သည့် နေရာဒေသများ ကျယ်ပြန့်လာခြင်းကြောင့် ငှက်ဖျားဖြစ်ပွားမှုများ မြင့်တက်စေသည်။
👉 ခြင်ကြောင့် ဖြစ်သော ဗိုင်းရပ်စ်ရောဂါများ – သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေး (ချီကန်ဂန်ညား) ရောဂါ (အယ်လ်နီညိုနှင့် ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြား ဆက်စပ်မှုနှင့် ပတ်သက်၍ အချက်အလက် အနည်းငယ်မျှသာ ရှိသေးသည်)
👉 ဟန်တာဗိုင်းရပ်စ်ကြောင့် ဖြစ်သော ရောဂါများ – ကြွက်များမှ တစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပြီး မိုးပြင်းထန်စွာရွာသွန်းသော ကာလများတွင် ကြွက်များ၏ ဆီး၊ မစင်နှင့် တံတွေးတို့နှင့် ထိတွေ့မိခြင်း (သို့မဟုတ်) ကြွက်များ အကိုက်ခံရခြင်းတို့မှတစ်ဆင့် ကူးစက်ပျံ့နှံ့သည်။
👉 ဝက်သက်နှင့် ဦးနှောက်အမြှေးပါးရောင်ရောဂါတို့သည် နေရပ်စွန့်ခွာ ရွှေ့ပြောင်းသွားလာခြင်း၊ လူဦးရေထူထပ်ခြင်း စသည့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရန် ခက်ခဲသော အခြေအနေများတွင် ဖြစ်ပွားနိုင်သည်။
👉 ပူပြင်းပြီး စိုစွတ်သော အခြေအနေတွင် ရှင်သန်ပေါက်ပွားသော ပိုးမွှားများမှ ထုတ်လွှတ်သည့် အဆိပ်များနှင့် အဆိပ်သင့်ခြင်း
👉 အပူလွန်ကဲခြင်းနှင့် မီးလောင်ခြင်းများမှထွက်သော မီးခိုးငွေ့များကြောင့် လေထုအရည်အသွေး ယိုယွင်းပျက်စီးပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်းနှင့် ရောဂါကို ပိုမိုဆိုးရွားစေခြင်း၊ အပူဒဏ်သင့်ခြင်း – ဤရောဂါအခြေအနေများသည် သက်ကြီးရွယ်အိုများ၊ မွေးကင်းစနှင့် ကလေးငယ်များ၊ အဆောက်အအုံ အပြင်ဘက်တွင် အလုပ်လုပ်သူများနှင့် နာတာရှည်ရောဂါ ခံစားနေရသူများကို အဓိက သက်ရောက်မှုရှိသည်။
👉 ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်သော ဒဏ်ရာအနာတရများ
👉 အသက်မွေးဝမ်းကြောင်း၊ အလုပ်အကိုင် အခက်အခဲများနှင့် လိင်အခြေပြု အလုပ်များမှတစ်ဆင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာခြင်း
👉 စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု အခြေအနေများ၊ စိတ်ကျန်းမာရေး အခြေအနေများ ပိုမိုဆိုးရွားလာခြင်း

အလွန်အမင်း ပြင်းထန်သည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်သည် အရင်းအမြစ်များကို လက်လှမ်းမီ ရရှိမှုနှင့် ပတ်သက်၍လည်း ပဋိပက္ခများဖြစ်ပေါ်စေရန် အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပတ်သက်လာနိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source: https://www.medscape.com/viewarticle/996461

#nugmoh #ElNiño #HealthRisk #ClimateChange #အယ်လ်နီညို

Ministry of Health,
National Unity Government.

Published on: January 20, 2024
Last updated: January 20, 2024