Feel-good hormones (စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်း) (October, 2022)

စိတ်တွေပင်ပန်းလွန်းလို့ ဟင်းတွေချက်၊အခန်းသန့်ရှင်းရေးလုပ်ပစ်လိုက်မှပဲ နေသာထိုင်သာရှိသွားတာမျိုး…သီချင်းတွေနားထောင်ပြီးအော်ဆိုပစ်၊ချစ်ခင်ရသူတွေနဲ့စကားတွေပြောပြီး စိတ်ကလေးပြန်အဆင်ပြေသွားတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။

ဒီအပြုအမူလေးတွေ နောက်ကွယ်က အကြောင်းရင်းကတော့ ကျွန်တော်တို့စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်းလေးတွေ ထွက်လာလို့ပဲဖြစ်ပါတယ်။

ဟော်မုန်းဆိုတာ❣️

ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ဂလင်းတွေကနေ သွေးကြောထဲကိုထုတ်လွှတ်ပေးလိုက်တဲ့ ဓာတုအချက်ပြသတင်းပို့သူ (chemical messenger )လို့တင်စားချင်ပါတယ်။သွေးကြောထဲမှတစ်ဆင့် ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်း၊တစ်ရှူးတွေဆီ ရောက်တဲ့အခါ သက်ဆိုင်ရာလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့ အချက်ပြပါတယ်။

လူသားတွေရဲ့ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ ဟော်မုန်းအမျိုးအစားများစွာရှိတဲ့အထဲမှာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုကို လွှမ်းမိုးနိုင်တဲ့ ဟော်မုန်း (၄)မျိုးကိုမျှဝေပေးပါမယ်။

Feel-good hormones (တနည်းအားဖြင့်) စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်း (၄)မျိုးကတော့

• Dopamine
• Serotonin
• Endorphins
• Oxytocin

❣️ Dopamine: The pathway to pleasure

Dopamine ဟော်မုန်းက ကျွန်တော်တို့ကို စိတ်အားထက်သန်မှု၊ စိတ်ပျော်ရွှင်ကျေနပ်မှုကို ခံစားရစေပါတယ်။ ဦးနှောက် reward systemရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

ဥပမာအားဖြင့် – အလုပ်တာဝန်တစ်ခုခု ပြီးမြောက်အောင်ဆောင်ရွက်လိုက်ခြင်း (အခန်းသန့်ရှင်းရေးလုပ်ခြင်း၊ ကိုယ်နှစ်သက်ရာ ဟင်းတစ်ခွက်ချက်ပြုတ်ခြင်း) စတဲ့အချိန်မှာ စိတ်ကျေနပ်မှုနဲ့အတူ စိတ်ကြည်လင်လန်းဆန်းတက်ကြွမှုကို ရစေပါတယ်။

🪄ကျွန်တော်တို့ တစ်ခါတစ်ရံမှာ စိတ်တွေလေပြီး လမ်းပျောက်တဲ့အချိန်၊ motivationတွေလိုအပ်တဲ့အချိန်မှာ ဒီဟော်မုန်းလေးရဲ့အကူအညီယူနိုင်ပါတယ်။

– အိပ်ရေးဝဝအိပ်မယ်။

– ပရိုတင်းဓာတ် များများစားမယ်။

– ပုံမှန်လေ့ကျင့်ခန်းလုပ်မယ်။

– တရားထိုင်မယ်။

– သီချင်းကောင်းလေးတွေ နားထောင်မယ် ဆိုရင် ခန္ဓာကိုယ်ကနေ သဘာဝအလျောက် ပျော်ရွှင်မှုဟော်မုန်း Dopamine ကိုရရှိမှာဖြစ်ပါတယ်။
….
….

❣️ Serotonin: The natural mood booster

Serotonin ကိုစိတ်ရွှင်လန်းပျော်မြူးစေတဲ့ ဟော်မုန်းလေးလို့ တင်စားကြပါတယ်။

စိတ်ကျဝေဒနာဆိုးကြီးကို တွန်းလှန်ရာမှာ အရေးပါတဲ့ ဟော်မုန်းဖြစ်ပါတယ်။ Serotonin ဟော်မုန်းက ဦးနှောက်ရဲ့သက်ဆိုင်ရာ အစိတ်အပိုင်းကို အချက်ပြခြင်းဖြင့် မှတ်ဉာဏ်နှင့်လေ့လာသင်ယူခြင်း၊အစာခြေဖျက်ခြင်း၊အိပ်စက်ခြင်း စတဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။

🪄Serotonin ဟော်မုန်းကျဆင်းမှုကြောင့် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတွေ ခံစားရနိုင်ပါတယ်။ဒါကြောင့် Serotonin ဟော်မုန်း မြှင့်တင်ဖို့ဆိုရင်

– ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်း

– နေရောင်ခြည်နှင့်ထိတွေ့ခြင်း

– ဟော်မုန်းထုတ်လုပ်ရာမှာအသုံးဝင်တဲ့ ပရိုတင်းဓာတ်များများစားခြင်း တို့ကိုပြုလုပ်ပေးနိုင်ပါတယ်။
….
….

❣️ Endorphins: The natural pain reliever

Endorphins ဟော်မုန်းကြောင့် ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ နေထိုင်မကောင်းတာ၊ စိတ်ဖိစီးတာတွေကို သက်သာစေပါတယ်။ဒါကြောင့် Endorphins ကို သဘာဝရဲ့နာကျင်မှုကိုသက်သာစေသော ဟော်မုန်းလို့တင်စားကြပါတယ်။

🪄Endorphins ဟော်မုန်းကို

– ရယ်မောခြင်း (ဟာသရုပ်ရှင်ကြည့်ခြင်း)

– အမွှေးနံ့သာကုထုံး၊ အပ်စိုက်ကုထုံးခံယူခြင်း

– Dark ချောကလက်🍫စားပေးခြင်း

– သီချင်းနားထောင်ခြင်း၊ အနုပညာတစ်ခုခု ခံစားခြင်း

– အားကစားပုံမှန်လုပ်ခြင်း စတဲ့ အပြုအမူတွေကနေ အလုံအလောက်ရရှိနိုင်ပါတယ်။
….
….

❣️ Oxytocin: The love hormone

နောက်ဆုံးဟော်မုန်းတစ်မျိုးကတော့ အချစ်ဟော်မုန်းလေး Oxytocin ပါ။ ဘာကြောင့်အချစ်ဟော်မုန်းလို့ခေါ်လဲဆိုရင် မိခင်တွေ မီးဖွားရာမှာ လျောလျောလျူလျူဖွားမြင်နိုင်ဖို့ မွေးလမ်းကြောင်းကိုပိုမိုကျယ်အောင် ကူညီပေးသလို မိခင်နို့တိုက်ကျွေးရာမှာလည်း နို့ရည်ပိုမိုထွက်ရှိအောင်လုပ်ဆောင်ပေးပြီး မိခင် နှင့်ကလေးကြားက ချစ်ခြင်းမေတ္တာကို ပိုမိုခိုင်မြဲစေလို့ပါ။ Oxytocin ဟော်မုန်းက တစ်ဦးနှင့်တစ်ဦးကြား မြတ်နိုးတွယ်တာမှုတိုးမြှင့်စေပြီး ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာလည်း ယုံကြည်မှုပိုရှိစေပါတယ်။

🪄ကိုယ်ချစ်ခင်ရသူနှင့် ပွေ့ဖက်ခြင်း၊အချိန်အတူကုန်ဆုံးခြင်း

– အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ကစားခြင်း

– ကိုယ်လေးစားချစ်ခင်ရသူထံမှ အားပေးချီးမွမ်းခံရခြင်း (သို့) စိတ်ခွန်အားပေးခြင်း

– အုပ်စုဖွဲ့ သီချင်းဆို၊ကခုန်ခြင်း

– အနှိပ်ခံခြင်း

– ချစ်ခင်ရသူတွေနှင့် ချက်ပြုတ်စားသောက်ခြင်း တို့ကနေ အချစ်ဟော်မုန်းလေးတွေ စုဆောင်းနိုင်ပါတယ်။
….
….

အခုလိုခက်ခဲတဲ့ကာလမှာ သူများကို ကူညီနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်အရင်ဂရုစိုက်ခြင်း (self-care) အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းအားဖြင့် ကိုယ့်မိသားစု၊ပတ်ဝန်းကျင်ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ကိုယ်လုပ်ချင်တာတွေ၊ လုပ်သင့်တာတွေပိုလုပ်လာနိုင်ပါမယ်။

💛ပျော်ရွှင်မှုတွေရှားပါးပြီး စိတ်ထိခိုက်စရာတွေများလာတဲ့ ကာလမှာ အပေါ်က အပြုအမူလေးတွေကနေတစ်ဆင့် Feel-good hormones လေးတွေနေ့စဉ်စုဆောင်းနိုင်ကြပါစေ💛

🪄“Little thing matters because it made you feel better.”

Reference 📚📄
https://www.health.harvard.edu/…/feel-good-hormones-how…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity government.

 Published on: 30 October 2022
Last Updated: 30 October 2022