“Feminine Wash” (January 2024)

မိန်းမကိုယ်သန့်စင်ဆေးရည် (Feminine Wash) က အမျိုးသမီးတွေအတွက် တကယ်လိုအပ်ရဲ့လား ❓❓❓

လူမှုကွန်ယက် (Social media) မှာ ဩဇာလွှမ်းမိုးသူ ဒါမှမဟုတ် ထင်ပေါ်‌ကျော်ကြားသူ (Influencers) တွေအပြင် တချို့ဆရာဝန်တွေကိုယ်တိုင်တောင် မိန်းမကိုယ်သန့်စင်ဆေးရည်ဟာ သုံးသင့်ကြောင်း၊ ပိုကောင်းကြောင်းပြောနေတော့ တကယ်ရော လိုအပ်ရဲ့လားဆိုတာ မေးစရာဖြစ်လာပါတယ်…….

အရင်ဆုံး မိန်းမကိုယ်သန့်စင်ဆေးရည် (Feminine wash) ဆိုတာ ကြော်ငြာတွေထဲမှာပြောသလို … “သင့်ရဲ့မျက်နှာအတွက် မျက်နှာသစ်ဆေး လိုအပ်သလို၊ သင့်ရဲ့ ဆံကေသာအတွက် ခေါင်းလျှော်ရည်လိုအပ်သလို၊ မိန်းမကိုယ်နဲ့ အတွင်းပိုင်းအတွက် မိန်းမကိုယ်သန့်စင်ဆေးရည် (Feminine wash) ဟာ လိုအပ်ပါတယ်” ဆိုပြီး ကြော်ငြာတော့ တကယ်လိုအပ်ရဲ့လား …….

❌❌❌ အဖြေကတော့ လုံးဝ မလိုအပ်ပါ (No ပါ) ❌❌❌

မိန်းမကိုယ်အတွင်းပိုင်းဟာ သူ့ဘာသာ သန့်ရှင်းနေပြီးသား၊ သဘာဝကပေးတဲ့ ကောင်းမွန်တဲ့ လူခန္ဓာကိုယ်မှာ အမြဲနေထိုင်တဲ့ အဏုဇီဝပိုးမွှား (Normal flora) တွေနဲ့ မိန်းမကိုယ်ဟာ သူ့ဘာသာကာကွယ်ပြီးသားမို့ မိန်းမကိုယ်အတွင်းပိုင်းကို ဘယ်လို မိန်းမကိုယ်သန့်စင်ဆေးရည် (feminine wash) (သို့) ဆပ်ပြာ (သို့) ဘယ်လိုသန့်ဆေးမှ သုံးစွဲဖို့ မလိုပါဘူးရှင်။

(ဒီနေရာမှာ ဆရာဝန်က လိုအပ်လို့ပေးတဲ့ ဆေးလုံးထည့်တာမျိုးကို မဆိုလိုပါဘူးနော်။)

တကယ်လို့ မိန်းမကိုယ်သန့်စင်‌ဆေးရည်ကို သုံးစွဲခဲ့မယ်ဆိုရင် သဘာဝအကာအကွယ်ကို ပျက်စီးစေတာကြောင့် မိန်းမကိုယ်ကနေ အဖြူဆင်းတာ၊ အနံ့ဆိုးထွက်လာတာနဲ့ မှိုစွဲတာ‌တွေဖြစ်ဖို့ ပိုအားပေးရာရောက်ပါတယ်။

မိန်းမကိုယ်အတွင်းပိုင်းအတွက် မလိုအပ်တော့ အပြင်ဘက် မိန်းမကိုယ်နေရာအတွက် လိုလားမေးရင်လည်း မလိုအပ်ပါ (No ပါ)။

“မိန်းမကိုယ် အပြင်ပိုင်းအတွက် မိန်းမကိုယ်သန့်စင်ဆေးရည် (feminine wash) တွေဟာ အက်ဆစ် ဒါမှမဟုတ် အယ်ကာလီပါဝင်မှု (pH level) ကို ညှိပေးတယ်။ အနံ့အသက် မွှေးစေတယ်” စသဖြင့် ပြောကြတဲ့ချိန်မှာ ဒီလို အနံ့အသက်၊ အမွှေးအကြိုင်များလွန်းတာ၊ အက်ဆစ် သို့မဟုတ် အယ်ကာလီပါဝင်မှု (pH) မြင့်တဲ့ ဆေးရည်တွေဟာ မိန်းမကိုယ်နဲ့ အရေပြားနေရာတွေမှာ အသားခြောက်စေတာ၊ ရောင်ရမ်းစေတာ၊ ဓာတ်မတည့်တာ စတာတွေ ဖြစ်စေပါတယ်။

ဒါကြောင့် မိန်းမကိုယ်သန့်စင်ဆေးရည် (Feminine wash) အပြင် အမွှေးနံ့တွေ၊ ဓာတုပစ္စည်း (Chemical) များတဲ့အရာတွေကို မိန်းမကိုယ်မှာ မသုံးမိဖို့လို့ပါတယ်။

မိန်းမကိုယ်ကို အလွန်အကြူး သန့်ရှင်းရေးပြုလုပ်တာဟာ အရေပြားရဲ့ကာကွယ်ထားမှုကို ဖျက်စီးသလိုဖြစ်ပြီး ရောင်ရမ်းတာနဲ့ မိန်းမကိုယ်ထဲ ပိုးဝင်တာမျိုးကို ဖြစ်စေပါတယ်။

မိန်းမကိုယ်ဟာ သဘာဝက သူ့ဘာသာ ကာကွယ်ဖို့ စီစဉ်ပြီးသားဖြစ်တာကြောင့် ပုံမှန် တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်တဲ့အခါမှ မိန်းမကိုယ်အပြင်ပိုင်းကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးရင် လုံလောက်ပါတယ်။ ပုံမှန်သန့်ရှင်းတဲ့ ချည်သားအတွင်းခံဝတ်ဆင်ပြီး အရမ်းကျပ်တဲ့ စကပ်၊ ဘောင်းဘီ၊ ထမီ‌တွေကို အတက်နိုင်ဆုံး ရှောင်ပေးရင် ရပါပြီရှင့်။

ဒီနေရာမှာ ကျွန်မ အရင်တုန်းက အဖြူဆင်းခြင်းအကြောင်းတွေ ရေးပေးတဲ့အခါမှာလည်း မိန်းမကိုယ်သန့်စင်ဆေးရည် (feminine wash) တွေ၊ မိန်းမကိုယ်ရေမွှေးဆွတ်တာတွေကို ရပ်ဖို့ရေးပေးဖူးပါတယ်။

မိန်းကလေးတိုင်းအတွက် ဒီစာစုလေးဟာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ရှင်။

Dr Cool

တယ်လီကျန်းမာ

Ref : https://www.verywellhealth.com/are-feminine-washes-safe-to-use-7108034


👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

Ministry of Health,
National Unity Government.

Published on: January 4, 2024
Last updated: January 4, 2024