“ဖြစ်လေ့ရှိတတ်တဲ့ ငါးအရိုးစူးခြင်း” (May, 2023)

“ဖြစ်လေ့ရှိတတ်တဲ့ ငါးအရိုးစူးခြင်း”

ငါးအရိုးစူးတယ်ဆိုတာ အဖြစ်များလေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။ ငါးကြင်း၊ ငါးပြေမ၊ ငါးသလောက် စတဲ့ အရိုးများတဲ့ ငါးဟင်းတွေစားတဲ့အခါ အဓိကဖြစ်တတ်ပါတယ်။

ငါးအရိုးစူးနိုင်ခြေများတဲ့အုပ်စုထဲမှာ သွားအံကပ်တပ်ထားတဲ့သူတွေ၊ ကလေးငယ်‌တွေနဲ့ သက်ကြီးပုဂ္ဂိုလ်တွေ အဓိကပါဝင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ငါးဟင်းကျွေးတဲ့အခါမှာ လူကြီးတစ်ယောက်က သေချာစောင့်ကြည့် ကြပ်မတ်ပေးသင့်တာပါ။
..
..

တကယ်လို့ ငါးအရိုးစူးခဲ့ရင်လည်း သိပ်ပြီးစိုးရိမ်‌ သောကပွားစရာ မလိုပါဘူး။ စနစ်တကျဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အောက်မှာတစ်ခုချင်းစီ တင်ပြပေးသွားပါမယ်။

(၁) Marshmallow

သည်နိုင်ငံမှာတော့ သိပ်စားလေ့မရှိပေမယ့် ငါးအရိုးစူးတဲ့အခါ Marshmallow စားပေးတာဟာလည်း အကောင်းဆုံးဖြေရှင်းနည်းထဲက တစ်ခုပါပဲ။ Marshmallow ရဲ့ ကပ်စေးစေးသကြားဓာတ်က ငါးအရိုးကို သွားကပ်တဲ့အတွက် မျိုချလိုက်တဲ့အခါ ငါးအရိုးပါ တစ်ပါတည်းပါသွားပါတယ်။ ဒါ့ကြောင့် ငါးအရိုးစူးလေ့ရှိသူတွေအနေနဲ့ အိမ်မှာ Marshmallow လေးကို ဆောင်ထားသင့်ပါတယ်။
.

(၂) သံလွင်ဆီ (Olive oil)

ဟင်းချက်တဲ့အခါ သုံးလေ့ရှိတဲ့ Olive oil တစ်ဇွန်းနှစ်ဇွန်းလောက်ကို သောက်သုံးပေးတာကလည်း ငါးအရိုးစူးတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ချောဆီသဘောမျိုးဖြစ်တဲ့အတွက် ကပ်နေတဲ့ငါးအရိုးကို လွယ်လွယ်ကူကူနဲ့ အစာအိမ်ထဲရောက်အောင် Olive oil က စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။
.

(၃) ချောင်းဆိုးဟပ်ထုတ်ခြင်း

ငါးအရိုးအများစုက လည်ချောင်းအနောက်ဘက်နဲ့ အာသီးနားမှာ ကပ်‌နေတတ်တဲ့အတွက် ချောင်းဆိုးဟပ်ထုတ်တာကလည်း ဒီပြဿနာကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သည်နည်းလမ်းကို တစ်ခေါက်နှစ်ခေါက်ထက်ပိုပြီး ပြင်းပြင်းထန်ထန် မရမကလုပ်တာမျိုးကိုတော့ ရှောင်ရှားစေချင်ပါတယ်။
.

(၄) ငှက်ပျောသီး (သို့) ထမင်း

သည်နည်းကတော့ လက်တွေ့မှာ လူသုံးအများဆုံး နည်းလမ်းတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ ငှက်ပျောသီးဆိုလည်း ခပ်ကြီးကြီးကိုက်၊ ထမင်းဆိုလည်း အလုတ်ကြီးကြီးဝါးပြီး၊ မျိုမချသေးဘဲ ပါးစပ်ထဲ ခေတ္တခဏထားပေးပါ။ ဒီနောက် မျိုချလိုက်တဲ့အခါ ငှက်ပျောသီးရဲ့တွန်းအားနဲ့အတူ ငါးအရိုးပါ တစ်ပါတည်း အစာအိမ်ထဲ ရောက်သွားပါလိမ့်မယ်။
.

(၅) ရှာလကာရည်

ရှာလကာရည်က အက်စစ်ဓာတ်ပါတာကြောင့် ငါးအရိုးကို ကြေလွယ်စေပါတယ်။ ဒါကြောင့် ရှာလကာရည် တစ်ဇွန်းကို ရေတစ်ခွက်ရောပြီး သောက်ပေးခြင်းကလည်း ငါးအရိုးစူးခြင်းပြဿနာကို ပြေလည်စေပါလိမ့်မယ်။
.

(၆) Soda

ဆိုဒါပါတဲ့ ဖျော်ရည်သောက်ပေးတဲ့အခါ အစာအိမ်ထဲရောက်တာနဲ့ gas ပြန်ထွက်ပါတယ်။ ဒီ gas ရဲ့ ဖိအားက ငါးအရိုးကိုကြေလွယ်စေပြီး မျိုချရလွယ်ကူစေပါတယ်။ ဒါကြောင့် ငါးအရိုးစူးတဲ့အခါ ဆိုဒါပါတဲ့ ဖျော်ရည်တွေ သောက်သုံးပေးတာကလည်း သင့်ကို အကူအညီ ဖြစ်စေပါလိမ့်မယ်။
.

(၇) ဘာမှမလုပ်ဘဲ ဒီအတိုင်းထားပါ။

တစ်ခါတလေကျ ငါးအရိုးဟာ အစာအိမ်ထဲရောက်သွားပေမယ့် ငါးအရိုးရဲ့ ချွန်ထက်တဲ့အပိုင်းနဲ့ လည်မျိုကိုခြစ်မိထားတာကြောင့် ငါးအရိုးစူးသလို ခံစားချက်မျိုး တောက်လျှောက်ရနေတတ်ပါတယ်။ အသက်ရှုရ မခက်ခဲဘူးဆို ဒီအတိုင်းထားလိုက်ပါ။ အသက်ရှုကျပ်ပြီဆိုရင်တော့ ဆရာဝန်ဆီ အရေးပေါ် သွားသင့်ပါပြီ။
..
..

◾ဆရာဝန်ဆီ ဘယ်အချိန်သွားမလဲ။

ငါးအရိုးဟာ အစာရေမျိုနဲ့ အစာအိမ်လမ်းကြောင်းမှာ ပိတ်မိနေတဲ့အခါ နောက်ဆက်တွဲအနေနဲ့ ပြဲရာပေါ်တာ၊ ပေါက်တာ၊ ပြည်တည်တာမျိုး ဖြစ်စေတတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ဆီ အမြန်သွားသင့်သလဲ ဆိုရင်တော့ …

▪️ရက်အတော်ကြာတဲ့အထိ နာနေသေးတာ

▪️ရင်ဘတ်အောင့်တာ

▪️အသက်ရှုကျပ်တာ

▪️သွားရည် တောက်လျှောက်ကျတာ

▪️အစာမစားနိုင်တာမျိုး ရှိတဲ့အခါ ဆရာဝန်ဆီ ချက်ချင်းသွားပေးပါ။ ဆရာဝန်က endoscopy လို့ခေါ်တဲ့ အစာအိမ်လမ်းကြောင်းထဲ ထည့်ကြည့်တဲ့ ကိရိယာကိုသုံးပြီး ငါးအရိုးကို ကျွမ်းကျင်စွာ ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။
..

Reference : 📚 https: //www. healthline. com/health/fish-bone-stuck-in-throat

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine
#တယ်လီကျန်းမာ#Telekyanmar
#Fish_Bone#ငါးအရိုးစူးခြင်း

Ministry of Health,

National Unity Government.

Published on: 25 May 2023

Last updated: 25 May 2023