မိုးအေးရင် ဘာလို့ ဆီးသွားချင်တာလဲ??? (June 2024)

မိုးအေးရင် ဘာလို့ ဆီးသွားချင်တာလဲ???

အဖြေကတော့ သွေးတွေတိုးလာလို့ပါ။

ပြင်ပအအေးဓာတ်ကြောင့် ခန္ဓာကိုယ်အတွင်း သွေးကြောတွေ ကျုံ့လိုက်/ညှစ်လိုက်တာ (vasoconstriction) ကြောင့် သွေးဖိအားတွေ မြင့်တက်လာရာကနေ အစပြုပါတယ်။

👇

အခြေခံသိထားသင့်တဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်အကြောင်းလေးကို အရင်ပြောပြပါရစေ။

ဦးဆုံးအနေနဲ့…

လူအပါအဝင် နို့တိုက်သတ္တဝါများနဲ့ တချို့ငှက်တွေဟာ သွေးနွေးသတ္တဝါများဖြစ်တယ် ဆိုတဲ့အချက်ပါ (သိပ္ပံအခေါ် Homeotherms)

သွေးနွေးသတ္တဝါဆိုတာကတော့ ပတ်ဝန်းကျင်အခြေအနေ ဘယ်လိုပြောင်းပြောင်း၊ ခန္ဓာကိုယ်အပူချိန်ကို အပြောင်းအလဲမရှိ… တစ်နေရာထဲမှာပဲ သတ်သတ်မှတ်မှတ် ထားရှိကြတယ်လို့ အကြမ်းဖျင်းမှတ်ထားလို့ ရပါတယ်။

ဥပမာအားဖြင့်….လူတွေရဲ့ ပုံမှန်အပူချိန်ဟာ 37° C ( 98.6° F ) ပတ်ချာလည်လေးပဲ ဖြစ်ပါတယ်…ပြောင်းလဲလို့ မရပါဘူး။

(ဒီလိုမှမဟုတ်ဘဲ 30° ဖြစ်လိုက် 45°ဖြစ်လိုက်ဆိုရင်တော့ ကိုယ်တွင်းကဆဲလ်တွေ အလုပ်မလုပ်တော့ဘဲ ရပ်ဆိုင်းသေဆုံးကုန်ပါလိမ့်မယ်)

အဖျား ၁၀၃ (39.4°C) ဆိုရင်ကို လူက နေလို့မကောင်းတော့တာ အားလုံးသိပါတယ်နော်။

ဒီအတွက်…

ခန္ဓာကိုယ်ဟာ သူ့အပူချိန်ကို 37°C ပတ်လည်မှာ ရှိနေအောင် အလိုအလျောက် ထိန်းညှိပေးနေပါတယ်။

နေအရမ်းပူတဲ့နေ့တွေမှာ ခန္ဓာကိုယ်တွင်း ပိုလျှံနေတဲ့ အပူတွေကို သွေးကြောတွေကတစ်ဆင့် ချွေးအဖြစ်နဲ့ စွန့်ထုတ်ပစ်ရသလို…

ပတ်ဝန်းကျင်က အေးလာပြီဆိုရင်တော့ ကိုယ်တွင်းအပူချိန်တွေ မဆုံးရှုံးအောင် သွေးကြောတွေကို ကျုံ့ပြီး ကာကွယ်ရပြန်ပါတယ်။

သွေးကြောတွေကျုံ့လိုက်တဲ့ ရလဒ်ကတော့ သွေးကြောများအတွင်း ဖိအားမြင့်တက်လာခြင်းပါ။

(ဘာနဲ့တူသလဲဆိုတော့ ရေအပြည့်ဖြည့်ထားတဲ့ ပူဖောင်းကို ညှစ်လိုက်ရင်၊ ပူဖောင်းဟာ တင်းလာသလိုမျိုးပေါ့)

သွေးကြောများအတွင်း ဖိအားမြင့်တက်တယ်ဆိုတာ သွေးတိုးတာပါပဲ။

ခန္ဓာကိုယ်က သွေးတိုးတာကို လက်မခံပါဘူး။

သွေးတိုးတာလျော့အောင် သွေး​အတွင်းမှာရှိတဲ့ အရည်တွေကို ဖယ်ထုတ်ပါတယ်။

(ခုန ပူဖောင်းကို ရေနည်းနည်းလျှော့လိုက်သလိုမျိုးပါ)

အရည်တွေကို ဖယ်ထုတ်တဲ့နည်းလမ်းကတော့ ကျောက်ကပ်ကတစ်ဆင့် ဆီးအဖြစ်နဲ့ ပြင်ပကို စွန့်ထုတ်လိုက်တာပေါ့။

ဒါကြောင့်…

မိုးအေးတဲ့အခါ (ဒါမှမဟုတ်) အဲကွန်းခန်းထဲ အနေကြာတဲ့အခါ (သို့) ရေကူးကန်ထဲ ကြာကြာစိမ်တဲ့အခါ လူတွေ အလိုလိုဆီးသွားချင်စိတ် ဖြစ်လာရပါတယ်။

….

ပတ်ဝန်းကျင်အေး >> သွေးကြောတွေကျုံ့ >> သွေးဖိအားတက် >> သွေးတွင်းက အရည်တွေလျှော့ပစ် >> သွေးဖိအား ပုံမှန်ပြန်ဖြစ်သွား…..

အဲသလိုမျိုးပါ။

အခုလို တတ်နိုင်သရွေ့ နားလည်လွယ်အောင် ပြန်ရှင်းပြပေးတာလေးကို ဖတ်လိုက်ရင်ကို (ဘာပဲပြောပြော) နဂိုကထက် ဗဟုသုတတွေ တိုးပွားလာကြမယ်လို့ ယုံကြည်ပါတယ်နော်။

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း

Ministry of Health

National Unity Government

Published on: June 28, 2024

Last updated: June 29, 2024