Frozen Shoulder (January 2022)

ပခုံးခဲ၊ ပခုံးကပ် ရောဂါ

အထက်ပါရောဂါသည် ပြင်ပလူနာအဖြစ် ပြသခံယူရသော အဖြစ်များသည့်ရောဂါ တစ်ခုဖြစ်ပါသည်။ လူနာများအနေဖြင့် အရိုးအထူးကုဆရာဝန်၊ ပြန်လည်သန်စွမ်းရေးဆရာဝန်၊ အဆစ်အမြစ်သမားတော်၊ အထွေထွေရောဂါကုဆရာဝန် စသည်တို့ထံတွင် ပြသကုသမှုခံယူလေ့ရှိပါသည်။ သို့ဖြစ်ရာ ပခုံးခဲရောဂါ သဘာဝနှင့် စပ်လျဉ်း၍ သိသင့် သတိပြုအပ်သော အချက်များကို တင်ပြအပ်ပါသည်။

ရောဂါသဘာဝ

ပခုံးခဲရောဂါသည် ပခုံးပတ်လည်ရှိ အရွတ်ကလေးများစတင်ရောင်ရမ်းရာမှ ပခုံးဆစ်တစ်ခုလုံး၏ ပတ်ပတ်လည် အဆစ်အိတ်တစ်ခုလုံး နာတာရှည်ရောင်ရမ်းခြင်း (chronic inflammation) ဖြစ်ကာ အမျှင်ဆဲလ်များ အဆမတန်ပွားများ၍ နာကျင်ကိုက်ခဲခြင်းအား ဖြစ်ပေါ်စေပါသည်။

ပခုံးခဲစေတတ်သော အခြေခံအကြောင်းရင်း

ပခုံးဆစ်အား သာမန်ထိခိုက်မှုနှင့် ပြင်းထန်ထိခိုက်မှုဖြစ်ထားသူများ (အရိုးကျိုးခြင်း စသည်)၊ ဆီးချိုရောဂါသည်များ၊ အာရုံကြောရောဂါသည်များ၊ အဆစ်ရောင်ရောဂါသည်၊ လေဖြတ်ဝေဒနာသည်များတို့တွင် ပိုမိုတွေ့ရလေ့ရှိပါသည်။ မည်သည့်အကြောင်းရင်းမျှ မရှိသော်လည်း ပခုံးခဲကပ်ခြင်းကို တွေ့ရတတ်ပါသေးသည်။ သို့ဖြစ်ပါ၍ ပခုံးခဲ လူနာတယောက်သည် ပခုံးခဲရောဂါသီးသန့်ဖြစ်နေနိုင်သကဲ့သို့ အခြားသောရောဂါတစ်ခု၏ နောက်ဆက်တွဲလည်း ( ဥပမာ- ဆီးချို ) ဖြစ်နေနိုင်ပါသည်။

ရောဂါသဘာဝ နှင့် လက္ခဏာပြပုံ

ပခုံးခဲရောဂါသည် ပြန်လည်ပျောက်ကင်းတတ်သော ကာလရှည်ရောဂါတစ်ခုဖြစ်ပါသည်။ သို့ပါသော်လည်း ၎င်းရောဂါဟု တပ်အပ်ပြောနိုင်ရန် ဆရာဝန်မှ မေးမြန်းစစ်ဆေးဖော်ထုတ်ပေးရန်လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းနှင့်ပုံစံတူရောဂါများ ရှိနေသည့်အပြင် အချို့သောရောဂါများသည် အသက်အန္တရာယ်အထိ စိုးရိမ်ရသောကြောင့် ဖြစ်ပါသည်။ လူနာအများစုသည် ပခုံးဆစ်တဝိုက် နာကျင်ခြင်းဖြင့် ရောဂါလက္ခဏာ အစပြုလေ့ရှိပါသည်။ ထိုအဆင့်တွင် လူနာအများစုသည် အမှတ်တမဲ့ဖြင့် ထိရောက်သောကုသမှုကို ခံယူလေ့မရှိကြပေ။ ထိရောက်သော ကုထုံးဆိုသည်မှာ ပခုံးခဲရောဂါအကြိုဖြစ်သည့် အရွတ်ယောင်ရမ်းခြင်း (Supra spinous tendonitis) အား Ultrasonography guidance local steroid injection ဟုခေါ်သော ကုထုံးမျိုးအား ဆိုလိုပါသည်။ အထက်ပါ ကုထုံးအား ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပြင်ပလူနာဌာနများတွင် Day care procedure အဖြစ်ကုသပေးလေ့ရှိပါသည်။

လူနာသည် ထိုအဆင့်အား အမှတ်တမဲ့ထားခြင်း၊ ထိရောက်သော ကုထုံးမခံယူခြင်းတို့ကြောင့် ပခုံးခဲခြင်း (Adhesive capsulitis) အဖြစ် ရောက်ရှိသွားတတ်ပါသည်။ လူနာအများစုသည် အထက်ပါအဆင့်တွင် ခေါင်းမဖီးနိုင်ခြင်း၊ နောက်ကျောသို့ လက်မလှမ်းနိုင်ခြင်း စသည်တို့ကို ကြုံတွေ့ရကာ ဆရာဝန်ထံ ရောက်ရှိလာလေ့ရှိပါသည်။ နာကျင်ခြင်း၊ ပခုံးလှုပ်မရခြင်း တို့သည် ၎င်းရောဂါ၏ အဓိကလက္ခဏာများဖြစ်ပါသည်။

ပခုံးခဲရောဂါ ကုသပုံ

ဆရာဝန်သည် ၎င်းရောဂါဖြစ်ကြောင်း သေချာစေရန် ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်းမှစ၍ ဖြစ်စေသော အကြောင်းရင်းများအား သိရှိစေရန် ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းတို့အား ပြုလုပ်ရလေ့ရှိပါသည်။ ရောဂါနာမည်တပ်ပြီးပါက အနာသက်သာစေရန်ဆေးဝါးပေးခြင်း၊ လေ့ကျင့်ခန်း (Physiotherapy) ပေးခြင်း၊ အပူအအေးကုထုံးများပေးခြင်းဖြင့် ကုသလေ့ရှိပါသည်။ အချို့သော လူနာများတွင် ပခုံးဆစ်အတွင်း အရောင်ကျဆေးထိုးခြင်း၊ ကာလတိုမေ့ဆေးပေး၍ ပခုံးအဆစ်အား ပြုပြင်ခြင်း၊ ပခုံးဆစ်အတွင်းပိုင်းအား မှန်ပြောင်း (Arthroscopy) သုံး၍ ပခုံးဆစ်အားရှင်းလင်းခြင်း (Adhesionolysis)  အား ပြုလုပ်လေ့ရှိသော်လည်း လူနာတိုင်းအတွက် ပြုလုပ်ရန် မလို၊ ပြုလုပ်လေ့ မရှိပါ။ လူနာအား ရောဂါသဘာဝကို သဘောပေါက်စေရန်ရှင်းပြခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးခြင်းများ ပြုလုပ်ရန်လည်း လိုအပ်ပါသည်။

သတိပြုရန် အချက်များ

ကင်ဆာရောဂါအချို့ (ဥပမာ အဆုတ်ကင်ဆာ Pancoast tumour) ၊ အရိုးကင်ဆာ၊ အရိုးအကြိတ် (GCT, Bone Cyst)၊ အရိုးတီဘီ၊ အရိုးထိပ်သွေးမလျှောက်ခြင်း (AVN) တို့တွင် ပခုံးနာကျင်ခြင်း၊ လှုပ်ရှားရခက်ခြင်း တို့အား လက္ခဏာတစ်ခုအနေဖြင့် တွေ့တတ်ပါသည်။ ထို့ကြောင့် ပခုံးခဲရောဂါလက္ခဏာနှင့် တူညီနေရုံဖြင့် ပေါ့ဆ၍ မရပါ။ ကုသမှုပြင်းထန်ခြင်း (ဥပမာ ပခုံးအတွင်း Steroid ဆေးများ အကြိမ်ကြိမ်ထိုးသွင်းခြင်း) ကြောင့် အရိုးပွခြင်း (Regional osteoporosis) များ ဖြစ်ပေါ်တတ်သဖြင့် သတိပြုရန်လိုအပ်ပါသည်။

အန္တရာယ်ရှိသော အပြုအမူများ

ပခုံးနာကျင်ကပ်ခဲနေသည်ကို အတင်းနှိပ်နယ်လှည့်ထုတ်ခြင်းများသည် အရိုးကျိုးခြင်း၊ ဒဏ်ဖြစ်စေခြင်း (Hematoma)၊ နာကျင်မှုကြောင့် သတိလစ်ခြင်း (Pain shock) စသည်တို့ ဖြစ်စေပါသည်။ အလွန်ပူလောင်သော ဆေးများ၊ အဆီများကြောင့် အရေပြားလောင်ကျွမ်းခြင်းဖြစ်စေတတ်သည်။ ထို့နည်းတူ ပခုံးအဆစ်တဝိုက်ရှိ လည်ပင်းနှင့် လက်မောင်းသွေးကြောများအား နှိပ်နယ်မိခြင်းကြောင့် မလိုအပ်သော နောက်ဆက်တွဲများဖြစ်ပေါ်တတ်သဖြင့် ဂရုစိုက်သင့်ပါသည်။

နိဂုံး

သက်လတ်နှောင်းပိုင်းနှင့် အသက်ကြီးသူများတွင် အဖြစ်များသော ပခုံးခဲကပ်ခြင်းရောဂါသည် စနစ်တကျ စိတ်ရှည်စွာဖြင့် သင့်တော်သော ညွှန်ကြားမှုခံယူကာ ကုသသင့်သောရောဂါဖြစ်ပါသည်။ ရောဂါအား စောစီးစွာပြသခြင်း၊ ရောဂါဖြစ်စေသော အကြောင်းများအား ထိရောက်စွာကုသခြင်း၊ လွဲမှားသော ကုထုံးများမှ ရှောင်ကြဉ်ခြင်းတို့သည် လူနာများသိအပ်ပြုအပ်သော ကိစ္စရပ်များဖြစ်ပါသည်။

 NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ 

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန်-
https://m.me/telehealthmm

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 28 January 2022
Last Updated: 28 January 2022