G20 Summit Side Event တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၏ ဆွေးနွေးပြောကြားချက်

“မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ဘေးဒုက္ခများကို ကျော်လွှားနိုင်ရေး – COVID – 19 ရောဂါ၊ စီးပွားရေးပြိုလဲမှု နှင့် နိုင်ငံတကာ၏ ထိရောက်သော တုံ့ပြန်မှု”

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ဘေးဒုက္ခများအပေါ် လက်တွေ့ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ယခုအခမ်းအနားတွင် ဆွေးနွေးအဖြေရှာကြမည် ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာသည့် အကျိုးဆက်များဖြစ်သော ကျန်းမာရေး စနစ် ပျက်စီးမှု၊ စီးပွားရေး ချွတ်ခြုံကျမှု၊ စစ်ဘေးရှောင်ဒုက္ခသည်များ တိုးပွားလာမှုနှင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်မှု မရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံအား နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ဖြစ်ပေါ် စေခဲ့ပါသည်။ COVID-19 နှင့် စီးပွားရေးချွတ်ခြုံကျမှုတို့သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ အား ဂယက်ရိုက်ခတ်စေခဲ့ပါသည်။ ထို့အပြင် ASEAN အနေနှင့်လည်း စစ်အာဏာသိမ်းမှုကြောင့် အကြပ်အတည်း တွေ့ကြုံနေရပါသည်။ ထိုအခြေအနေများအပေါ်တွင် နိုင်ငံတကာအနေဖြင့် ထိရောက်၍ လက်တွေ့ကျသော တုံ့ပြန်မှုအစီအစဉ်များ ဆောင်ရွက်နိုင်ရန် အခမ်းအနားတက်ရောက် သူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြမည်ဖြစ်ပါသည်။

အခမ်းအနားစီစဉ်သူ – အီတလီသမ္မတနိုင်ငံ၊ Senate လွှတ်တော်နှင့် Senator Pier Ferdinando Casini

နေရာ – “Caduti di Nassirya” Room, Piazza Madama, Rome, Italy
နေ့စွဲ – ၂၀၂၁၊ အောက်တိုဘာလ (၂၇) ရက်
အချိန် – မြန်မာစံတော်ချိန် ၁၈:၃၀-၁၉:၃၀/ အီတလီစံတော်ချိန် ၁၄:၀၀-၁၅:၀၀
မေးခွန်းမေးမြန်းသူ – Moderator Michael Marett-Crosby, CEO-Suu Foundation

ပြည်ထောင်စုဝန်ကြီးခင်ဗျာ။

စစ်တပ်အာဏာသိမ်းမှု မဖြစ်ခင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှု လျှော့ချရေးနဲ့ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးမဟာဗျူဟာလုပ်ငန်းများကို ဦးစီးဆောင်ရွက်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ အတွေ့အကြုံများအပေါ် မူတည်ပြီး အောက်ပါမေးခွန်းများကို ဖြေကြားပေး စေလိုပါတယ်။ မေးမြန်းလိုတာကတော့
(၁) COVID-19 ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ အောင်မြင်စွာ ထိုးနှံနိုင်ရေးအတွက် နိုင်ငံတကာ က မည်ကဲ့သို့ ဆောင်ရွက်ပေးစေလိုပါသလဲ၊
(၂) ယခုကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးနေတဲ့ အခါသမယမှာ ၎င်းတို့ထံမှ မြန်မာပြည်သူများအနေနဲ့ မည်ကဲ့သို့ အကူအညီများရရှိရန် မျှော်လင့်ပါသလဲ ဆိုတဲ့ မေးခွန်း တွေ ဖြစ်ပါတယ်။
ဖြေကြားသူ – အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးကျေးဇူးတင်ပါတယ်။
Mr. Michael မေးခွန်းမေးမြန်းတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါ တယ်။ တက်ရောက်လာကြတဲ့ ဂုဏ်သရေရှိလူကြီးမင်းများကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက် ပြောကြား လိုပါတယ်။
မိမိတို့အားလုံးသိရှိကြတဲ့အတိုင်း မြန်မာနိုင်ငံဟာ လူ့စွမ်းအား စတဲ့ အရင်းအမြစ်များ အကန့် အသတ်ရှိတဲ့ နိုင်ငံဖြစ်ပြီး ကျန်းမာရေးစောင့်ရှာက်မှုစနစ်ဟာလည်း ကမ္ဘာ့အဆင့်အနိမ့်ဆုံး စာရင်းဝင် ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ ၁၉၆၂ ခုနှစ်က စတင်ပြီး ယနေ့အထိ စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ် တစ်လျှောက်လုံး မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာ လုံလောက်တဲ့ ရင်းနှီးမြှပ်နှံမှုများ မပြုလုပ်ခဲ့တာ ကြောင့် ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ (၅) နှစ်အတွင်း ဒီမိုကရေစီအစိုးရသစ် ပေါ်ပေါက်လာပြီးနောက် ကျန်းမာရေး စနစ်ကို ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူလူထု ကျန်းမာရေးအသုံးစရိတ်ကို GDP ရဲ့ (၅.၂) ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲခဲ့ပါတယ်။ ထိုသို့ တိုးမြှင့်ခြင်းနဲ့အတူ နိုင်ငံရဲ့ ကျန်းမာရေး ညွှန်းကိန်းများမှာလည်း များစွာ တိုးမြင့်ပြောင်းလဲလာခဲ့ပါတယ်။
COVID-19 ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအတွင်း အရှေ့တောင်အာရှမှာ အသေအပျောက် အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြည်သူ့အစိုးရအနေနဲ့ COVISHIELD ကာကွယ် ဆေး (၃၅) သန်းကို ဝယ်ယူနိုင်ရန် သဘောတူညီချက်ရရှိခဲ့ပြီး စစ်အာဏာမသိမ်းခင် တစ်ပတ် အလိုမှာ ကာကွယ်ဆေးထိုးနှံခြင်းကို စတင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
မိမိတို့အနေနဲ့ မြန်မာနိုင်ငံမှာ COVID-19 တတိယလှိုင်းဖြစ်ပွားလာပါက ထိခိုက်မှုကြီးမား နိုင်ကြောင်း ယူဆခဲ့ပြီး အလွန်စိုးရိမ်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်သူ့အစိုးရ လက်ထက်က ပြင်ဆင်ထားရှိခဲ့တဲ့ COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များမှာ စစ်ကောင်စီရဲ့ ဖျက်လိုဖျက်စီး ဆောင်ရွက်မှုများကြောင့် အကောင်အထည်မပေါ်ဘဲ ပျက်စီးသွားခဲ့ရပါတယ်။
စစ်ကောင်စီဟာ ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးနှောင့်ယှက်ခြင်း၊ ဆေးအထောက် အကူပစ္စည်းများ၊ လူနာတင်ယာဉ်များကို ဖျက်ဆီးခြင်းတို့ကြောင့် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည်စတင်နိုင်ဖို့ မဖြစ်နိုင်သေးပါ။ အထူးသဖြင့် CDM ပြုလုပ်နေတဲ့ ကျန်းမာရေး ဝန်ထမ်းများကို အဓိကထားပြီး ဖိနှိပ်ခဲ့ပါတယ်။ ယခုနှစ် COVID-19 တတိယလှိုင်း ဖြစ်ပွားခဲ့တဲ့ ဇူလိုင်လအတွင်းမှာတောင် အထက်ပါ လုပ်ရပ်များကို စစ်ကောင်စီက တိုးမြှင့်ကျူးလွန်လုပ်ဆောင် ခဲ့ပြီး ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၂၁၀) ဦး၊ ဒဏ်ရာရသူ (၄၀) ဦးနဲ့ သေဆုံးသူ (၂၉) ဦးအထိ ရှိခဲ့ပါတယ်။
တိုင်းပြည်အတွင်း COVID-19 ရောဂါ ဖြစ်ပွားမှု စတင်တွေ့ရှိတဲ့အချိန်ကစပြီး COVID-19 ရောဂါနဲ့ သေဆုံးသူ လူနာဦးရေ (၁၈,၅၀၀) ဦး ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအရေအတွက်မှာ အမှန်တကယ်သေဆုံးခဲ့တာထက် သုံးဆ၊ လေးဆ လျော့နည်းစွာ ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။ အကြောင်းရင်းမှာ စစ်ကောင်စီအနေနဲ့ COVID-19 တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများ မဆောင်ရွက်နိုင်ခဲ့တဲ့အပြင် COVID-19 လူနာများ အတွက် လိုအပ်တဲ့ အောက်ဆီဂျင်အိုးများအပါအဝင် ဆေးဝါးပစ္စည်းများကိုလည်း ဟန့်တား နှောင့်ယှက်ဖမ်းဆီးခဲ့ပါတယ်။
လက်ရှိအခြေအနေမှာလည်း COVID-19 စတုတ္ထလှိုင်းအန္တရာယ်အတွက် များစွာ စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ အကြောင်းရင်းမှာ စစ်ကောင်စီက COVID-19 မကူးစက်စေရေးအတွက် ပြည်သူများ လိုက်နာရမဲ့ ခပ်ခွာခွာ နေထိုင်ခြင်း၊ လူစုလူဝေးများ မပြုလုပ်ရခြင်း အစရှိတဲ့ Social Distancing Measure များကို ဖြေလျှော့ခဲ့ပြီး လူစုလူဝေးများ ဖြစ်ပေါ်စေခဲ့တဲ့ ဘုရားပုထိုးများ အပါအဝင် အပန်းဖြေကမ်းခြေများ၊ ဖျော်ဖြေမှုလုပ်ငန်းများကို ဖွင့်လှစ်ပေးနေတာကြောင့် ဖြစ်ပါတယ်။ ထိုကဲ့သို့ ဖွင့်လှစ်ပေးနေခြင်းဟာ စစ်ကောင်စီအနေနဲ့ တိုင်းပြည်ကို အမှန်တကယ် အုပ်ချုပ်နိုင်စွမ်း မရှိပေမဲ့ အုပ်ချုပ်နိုင်စွမ်းရှိသယောင် ပြသချင်နေတာဖြစ်ပြီး တစ်နိုင်ငံလုံးအနေနဲ့ COVID-19 ကာကွယ်ဆေး ထိုးနှံခြင်း လွှမ်းခြုံမှုဟာလည်း (၇) ရာခိုင်နှုန်းလောက်ပဲ ရှိသေးတာ ဖြစ်ပါတယ်။
NUG အနေနဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မရှင်ကို ဖွဲ့စည်းထားရှိခဲ့ပြီး COVID-19 Task Force (CTF) ကိုလည်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်း (EHO) များအားလုံးနဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံး ညီညီညွတ်ညွတ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါ့အပြင် အောက်ပါ အခြေခံမူများအပေါ် အခြေခံထားပြီး မူဝါဒများ ချမှတ်ထားပါတယ်။ ဒါတွေကတော့
(၁) ပြည်သူသာ အဓိက (People First)
(၂) ပွင့်လင်းမြင်သာမှု (Transparency)
(၃) တန်းတူညီမျှမှု၊ ဘက်မလိုက်မှုနဲ့ တရားမျှတညီညွတ်စွာ ဆက်သွယ်ဆောင်ရွက်မှု (Equality, Impartiality and Equibalanced communication) တို့ ဖြစ်ပါတယ်။
မိမိတို့အနေနဲ့ ဧပြီလကတည်းက ကုလသမဂ္ဂအဖွဲ့အစည်းများ၊ GAVI အပါအဝင် နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာမှာ COVID-19 ကာကွယ်ဆေးထိုးနှံခြင်းဟာ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အရေးတကြီး လိုအပ်ချက် တစ်ခု ဖြစ်ကြောင်း၊ ပြည်သူလူထုအနေနဲ့ လုံခြုံမှုရှိပြီး ယုံကြည်စိတ်ချစွာ ကာကွယ်ဆေးထိုးနှံနိုင် ရေးအတွက် မြို့ပြဒေသများမှာ ကုလသမဂ္ဂအဖွဲ့အစည်းများက COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ ထိန်းချုပ်ထားတဲ့ နယ်မြေများသို့ COVID-19 ကာကွယ်ဆေးများကို နယ်စပ်ဖြတ်ကျော် ပေးပို့ ပေးရန် တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ယခုလို COVID-19 ရောဂါကူးစက်မှုလှိုင်းများ ဆက်လက်ဖြစ်ပွားရန် တာစူနေချိန်မှာ တောင် အချိန်ကာလအနေနဲ့ ခြောက်လလွန်မြောက်ခဲ့တဲ့တိုင် GAVI အနေနဲ့ နယ်စပ်ဒေသကသော် လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကသော်လည်းကောင်း COVID-19 ကာကွယ် ဆေးများ ပေးပို့ခဲ့ခြင်း မရှိသေးပါ။
ဒါကြောင့်မို့ မိမိအနေနဲ့ နိုင်ငံတကာမိတ်ဖက်များကို တိုက်တွန်းပြောကြားလိုတာကတော့
(၁) လျင်လျင်မြန်မြန်နဲ့ ထိရောက်စွာ ဆောင်ရွက်ရန်၊
(၂) ပထဝီအနေအထားအရ COVID-19 ရောဂါ စတုတ္ထလှိုင်း ကူးစက်ပြန့်ပွားနိုင်ခြေ မြင့်မားတဲ့ နယ်စပ်ဒေသများမှာ COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့ကတစ်ဆင့် မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ပြီး COVID-19 ကာကွယ်ဆေးများ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရများနဲ့ ညှိနှိုင်းဆောင်ရွက်ပေးရန်၊
(၃) မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကိစ္စကို နိုင်ငံတကာရဲ့ အရေးကိစ္စကဲ့သို့ စဉ်းစားဆောင်ရွက်ရန် လိုအပ်ပြီး အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အကူအညီများ ပေးအပ်ရန် ဖြစ်ပါတယ်။
မြန်မာ့အကြပ်အတည်းရဲ့ အဓိကအကြောင်းရင်းမှာ မြန်မာစစ်အုပ်စုရဲ့ အာဏာသိမ်းမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုများကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာ့အကြပ်အတည်းဟာ မြန်မာတစ်နိုင်ငံ တည်းရဲ့ အရေးကိစ္စမဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ တည်ငြိမ်ရေးနဲ့ အထူးသဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားခြင်းတို့မှာ ပထဝီနိုင်ငံရေးအရ ဒေသတွင်းနိုင်ငံများကိုပါ ကြီးမားစွာ ရိုက်ခတ်လျက် ရှိပါတယ်။ လူတိုင်းလုံခြုံဘေးကင်းမှပဲ အားလုံးလုံခြုံဘေးကင်းမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံကို ကူညီကယ်တင်ပေးကြပါ။ ကျွန်တော့်အနေနဲ့ EU နဲ့ G20 အပါ အဝင် နိုင်ငံတကာကို အလေးအနက်ပန်ကြားလိုတာက မြန်မာနိုင်ငံကို ယခုချက်ခြင်းပဲ ကယ်တင် ပေးကြပါ။ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

PDF file download ရန် >>> https://moh.nugmyanmar.org/wp-content/uploads/2021/10/G20-MM-Dr-ZWS-29-10-2021.pdf

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ — ၂၉ အောက်တိုဘာ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ — ၂၉ အောက်တိုဘာ ၂၀၂၁