ဂိမ်းကစားမှုကို အလွန်အကျွံစွဲလမ်းခြင်း
(Gaming disorder)
အွန်လိုင်းဂိမ်းတွေ အလွန်ခေတ်စားလာပြီး eSport ဆိုပြီး နိုင်ငံတကာပြိုင်ပွဲတွေပါ ဖြစ်လာတာနဲ့အတူ ဂိမ်းကို အလွန်အကျွံစွဲလမ်းပြီး ဘဝပျက်သွားတဲ့လူငယ်တွေရဲ့သတင်းတွေလည်း များသည်ထက်များလာပါတယ်။
ကွန်ပြူတာ၊ ဖုန်း စတာတွေ ဝယ်မယ်ဆိုရင်တောင် ဂိမ်းကစားလို့ကောင်းတဲ့ပစ္စည်းဆိုပြီး လိုအပ်ချက်တစ်ခုအနေနဲ့ ထည့်သွင်းရွေးချယ်ကြတာ များလာပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတကာရောဂါအုပ်စုခွဲသတ်မှတ်ခြင်း အမှတ်စဉ် ၁၁ (ICD-11) မှာ “digital-gaming” or “video-gaming” နဲ့ပတ်သက်ပြီး ဂိမ်းကစားခြင်းကို အလွန်အကျွံစွဲလမ်းတဲ့ပြဿနာကို Gaming disorder ဆိုပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။ အလွယ်ပြောရရင် စိတ်ရောဂါအခြေအနေတစ်ခုလို့ သတ်မှတ်လိုက်တယ်ဆိုပါစို့။
ဂိမ်းကစားသူတိုင်း ဒီလို အလွန်အကျွံစွဲလမ်းမှုဖြစ်သွားကြတာတော့ မဟုတ်သေးပါဘူး။
ဂိမ်းကစားခြင်းမှာ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ၊ ဂိမ်းကို အလွန်အကျွံကစားလို့ မကောင်းတဲ့ရလာဒ်တွေရလာတာကို သိရှိပါလျက် မိမိရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေ၊ တခြားလုပ်ဆောင်စရာတွေကို လစ်လျူရှုပြီး အလွန်အကျွံ ဆက်ကစားခြင်းကြောင့် မိသားစု၊ လူမှုရေး၊ ပညာရေး၊ လုပ်ငန်းခွင်နဲ့ တခြားအရေးကြီးတဲ့နယ်ပယ်တွေမှာ စွမ်းဆောင်ရည်တွေ အနည်းဆုံး ၁၂ လကြာအထိ သိသိသာသာ ထိခိုက် ဆုတ်ယုတ်မှုတွေရှိလာတဲ့အခြေအနေကို “ဂိမ်းကိုစွဲလမ်းလွန်ခြင်းပြဿနာ Addictive behaviours: Gaming disorder” လို့ သတ်မှတ်ပါတယ်။
..
..
ဘယ်လိုလူတွေ သတိထားရမလဲ
ဂိမ်းကစားသူ ၁၀၀ မှာ ၁ ယောက်ကနေ ၉ ယောက် အထိ ဒီပြဿနာမျိုး ခံစားနေရနိုင်ပါတယ်။
ဂိမ်းကစားခြင်းကြောင့် နိစ္စဓူဝလုပ်ဆောင်စရာတွေကို လစ်ဟင်းလာပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လူမှုဆက်ဆံရေးပိုင်းတွေမှာ ထိခိုက်မှုရှိလာပြီဆိုရင်တော့ သူတို့ဂိမ်းကစားတဲ့အချိန်ကို ကန့်သတ်ဖို့/သတိပေးဖို့ လိုလာပါပြီ။
..
..
ဂိမ်းစွဲလမ်းလွန်ခြင်း လက္ခဏာများ
• အချိန်တိုင်း စိတ်ထဲမှာ ဂိမ်းအကြောင်းသာ စိုးမိုးနေခြင်း။ ကစားချိန်ကို မထိန်းချုပ်နိုင်တော့ခြင်း။
• မိသားစု၊ မိတ်ဆွေ၊ လုပ်ဖေါ်ကိုင်ဖက်များနှင့် ကင်းကွာလာခြင်း။
• မကစားရလျှင် စိတ်တိုလွယ်၊ ဂနာမငြိမ်ဖြစ်၊ စိတ်ကျ၊ သောကများ စသောလက္ခဏာများ ပြခြင်း။
• ဂိမ်းကစားချိန် သိပ်များနေတာနဲ့ပတ်သက်ပြီး မိသားစု၊ အပေါင်းသင်းများက သတိပေးတာကို လက်မခံနိုင်တော့ခြင်း။
• ယခင်ကရှိခဲ့တဲ့ လူမှုဆက်ဆံရေး၊ ဝါသနာ၊ ဖျော်ဖြေမှုတို့အပေါ် စိတ်ဝင်စားမှုများ လျော့ပါးကာ ဂိမ်းကစားခြင်းကသာ အစားထိုးဝင်ရောက်လာခြင်း။
• ပညာရေး၊ လုပ်ငန်းခွင်၊ အနာဂတ်မျှော်လင့်ချက်တို့ကို လစ်လျူရှုကာ ဂိမ်းကစားခြင်းမှာသာ ပိုတိုးပြီး အချိန်ကုန်လာခြင်း။
• အာရုံစိုက်နိုင်စွမ်း ကျခြင်း၊ ကြိုးစားချင်စိတ် ကျခြင်း။
• မိမိရုပ်ခန္ဓာ၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ကျန်းမာရေးကို လစ်လျူရှုလာခြင်း။
• အိပ်ရေးပျက်ကာ အမြဲပင်ပန်းနွမ်းနယ်လာခြင်း။
• ဂိမ်းကို အလွန်ကျွံကစားခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို သိရှိပါလျက် ကစားခြင်းကို မစွန့်လွှတ်နိုင်ဘဲ တိုး၍တိုး၍ ကစားခြင်း။
• ဂိမ်းကစားချိန် လျှော့ချရန်၊ ရပ်တန့်ရန် ကြိုးစားသော်လည်း မအောင်မြင်တော့ခြင်း။
• Screen ကို ကြည့်ပါများသဖြင့် မျက်စိထိခိုက်ခြင်း။
..
..
ကုထုံး
လက်ရှိအခြေအနေမှာ အများလက်ခံထားတာကတော့ စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်မျိုးဖြစ်တဲ့ cognitive behavioural therapy ဖြစ်ပါတယ်။
ဒီလိုစိတ်ပိုင်းဆိုင်ရာကုထုံးနဲ့ ကုနိုင်ဖို့ကတော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေးပညာရှင်များရဲ့ အကူအညီကို ရယူရမှာဖြစ်ပါတယ်။
ကုသတဲ့အခါ ဂိမ်းကို လုံးဝမကစားတော့ဘဲ ရပ်တန့်နိုင်သည်အထိ ကုသဖို့ လုပ်ဆောင်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ နည်းနည်းပါးပါး ကစားရာကနေ ကစားချိန် တဖြည်းဖြည်း ပြန်တိုးလာပြီး စွဲလမ်းမှုပြန်ဖြစ်နိုင်လို့ပါ။
အဲဒီလိုလုပ်ဖို့ ကုသရေးအဖွဲ့က လူနာကို ကူညီပေးတာတွေကတော့…
• မိမိရဲ့ ဂိမ်းစွဲလမ်းမှုပြဿနာကို သိရှိလက်ခံလာစေခြင်း။
• ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို နားလည်သိရှိလာစေပြီး ဘယ်လို ရုန်းထွက်ရမယ်ဆိုတာကို ပူးပေါင်းဆွေးနွေးပေးခြင်း။
• ဂိမ်းစွဲလမ်းလွန်ခြင်းရဲ့ဆိုးကျိုးများကို သိရှိနားလည် လက်ခံလာစေခြင်း။
• ကစားချိန်ကို တဖြည်းဖြည်းလျှော့ချခြင်း။
• ကာယကံရှင်သာမဟုတ်၊ မိသာစုဝင်များကိုပါ ကုသရေးမှာပါဝင်စေပြီး ပံ့ပိုးပေးစေခြင်း။
..
..
အခုထိ လေ့လာတွေ့ရှိချက်တွေအရကတော့ ဂိမ်းစွဲလမ်းခြင်းပြဿနာကို သိရှိလက်ခံ ကုသပြီးနောက် တစ်နှစ်အကြာမှာ ကုသခံသူတွေရဲ့ ထက်ဝက်အထိ စွဲလမ်းမှုပျောက်ကင်းသွားတယ် ဆိုပါတယ်။ နောက်သုတေသနတစ်ခုကတော့ ကုသမှုစပြီး ၂ နှစ်ကြာသည်အထိ လေးပုံတစ်ပုံသောလူနာများမှာ ဂိမ်းစွဲလမ်းမှု လက္ခဏာများ ဆက်ရှိနေသေးတာကို တွေ့ရတယ်ဆိုပါတယ်။
ဒါကြောင့် ဂိမ်းကစားခြင်းကိုလည်း မူးယစ်ဆေးနဲ့ လောင်းကစားတွေလိုပဲ အလွန်အကျွံ စွဲလမ်းမှုမဖြစ်ခင် အစကတည်းက သတိထား ထိန်းကျောင်းသင့်ကြောင်းပါ။
မိမိ (သို့) မိမိရဲ့မိသားစုထဲမှာ၊ မိတ်ဆွေတွေထဲမှာ အထက်ပါလက္ခဏာတွေ ရှိလာပါက အချိန်မနှောင်းခင် နားလည်တတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေးပညာရှင်များရဲ့ အကူအညီကို ရယူရသင့်ပါတယ်။
Reference :
https://www.psychiatry.org/patients-families/internet-gaming
https://www.who.int/…/addictive-behaviours-gaming-disorder
https://americanaddictioncenters.org/video-gaming-addiction
https://patient.info/men…/gaming-disorder-gaming-addiction
NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
#gaming_disorder
Ministry of Health,
National Unity Government.

Published on: 22 August 2023
Last updated: 22 August 2023