Gastritis ( February 2022 )

အစာအိမ်ရောင်ခြင်း ( February, 2022 )
==============================

စားလိုက်တဲ့အစာတွေကို ခြေဖျက်ဖို့အတွက် အစာအိမ်နံရံကနေ အက်ဆစ်တစ်မျိုးထုတ်ပေးပါတယ်။ အက်ဆစ်က အစာအိမ်နံရံကို ပြန်ပြီးမစားသွားအောင် အစာအိမ်အတွင်းနံရံကို အလွှာပါးလေးနဲ့ သဘာ၀တရားကြီးကဖုံးအုပ်ပေးထားပါတယ်။ အစာအိမ်ရောင်တယ်ဆိုတာ အဲဒီ့ အတွင်းနံရံ အလွှာပါးလေး ရောင်တာကိုခေါ်ပါတယ်။ တချို့မှာ ရုတ်တရက်ဖြစ်တတ်ပြီး၊ တချို့မှာတော့ နာတာရှည်ရောဂါပုံစံမျိုးဖြစ်တတ်ပါတယ်။ ရောဂါအခြေအနေဆိုးရွားပြင်းထန်ရင်တော့ အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်တာ၊ အဆိုးဆုံးအနေနဲ့ကတော့ အစာအိမ်နံရံပေါက်တာမျိုးအထိဖြစ်နိုင်ပြီး အချိန်မှီမကုရင် သွေးဆိပ်တက်ပြီး အသက်အန္တရာယ်အထိရှိနိုင်ပါတယ်။

🔹ရောဂါလက္ခဏာများ

  • ရင်ညွန့်နေရာမှာနာခြင်း၊ အောင့်ခြင်း
  • အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
  • အန်ခြင်း
  • လေချဉ်တက်ခြင်း
  • အစားအသောက်ပျက်ခြင်း
    (အစာအိမ်ရောင်တာကနေ အစာရေမြိုပြွန်အဆို့ရှင်လေးပါ မလုံတော့ရင် ရင်ပူတာ၊ လှဲလိုက်ရင် ရင်ခေါင်းထဲ မအီမသာဖြစ်တာမျိုးခံစားရနိုင်ပါတယ်။ အစာအိမ်အနာဖြစ်ပြီး သွေးယိုလာရင် ဝမ်းအမည်း သွားနိုင်ပါတယ်။ အသက်အန္တရာယ်ရှိပါတယ်။)

🔹ဘာကြောင့်ဖြစ်တာလဲ ?

အစားအသောက်

  • ဆေးလိပ်၊ အရက်၊ ကော်ဖီ
  • အကိုက်အခဲပျောက်ဆေးများ၊ စတီရွိုက်ဆေးများ
  • စိတ်ဖိစီးမှုများခြင်း
  • H Pylori လို့ခေါ်တဲ့ပိုးတစ်မျိုး

အခြား

  • ပြင်းပြင်းထန်ထန်အန်ထားပြီးနောက်ဆက်တွဲအနေနဲ့ အစာအိမ်ရောင်ခြင်း (ဥပမာ ကိုယ်ဝန်အစောပိုင်းတောက်လျောက်အန်နေပြီး နောက်ပိုင်းမှာအစာအိမ်ရောင်ခြင်း၊ အရက်သောက်အမူးလွန်၍ အန်ပြီး အစာအိမ်ရောင်ခြင်း)
  • ဝမ်းဗိုက်အထက်ပိုင်းဓါတ်ရောင်ခြည်ကုသခံထားသည့်လူနာများ
  • ခုခံအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ တစ်ချို့ရောဂါများ

🔹ကုသခြင်း

  • မိမိဘာကြောင့်အစာအိမ်နာလဲဆိုတဲ့ ဖြစ်စေတဲ့အကြောင်းရင်းကိုရှာပါ၊ ရှောင်ကျဉ်ပါ။
    ဥပမာ အရက်သောက်ပြီး အစာအိမ်အောင့်လျှင် အရက်ကိုလျှော့သောက်/ မသောက်ပါနှင့်၊ နာတာရှည် အဆစ်အမြစ်ကိုက်ခဲတဲ့ရောဂါရှိလို့ အကိုက်အခဲပျောက်ဆေးတွေ အမြဲစွဲသုံးနေရလျှင် အစာအိမ်ကို မထိခိုက်တဲ့ တခြားဆေးကိုပြောင်းသောက်ဖို့လိုပါတယ်
  • အစာအိမ်ဆေးသောက်ပါ
    အက်ဆစ်အထွက်နည်းစေတဲ့ဆေးတွေ၊ အစာအိမ်အမြှေးပါးကို ကာကွယ်ပေးတဲ့ဆေးတွေရှိပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး (၂~၃)ပတ်ကနေ လချီပြီးစွဲသောက်ဖို့လိုနိုင်ပါတယ်။
  • အစားအသောက်
    စဖြစ်တဲ့ ၂၄ နာရီအတွင်းမှာ ကြက်ပြုတ်ရည်၊ နွားနို့ကဲ့သို့အရည်ပဲသောက်ပါ
    ၂၄ နာရီနောက်ပိုင်း သက်သာလာရင် အစာမာတွေချက်ခြင်းမစားဘဲ မြူစွမ်ပြုတ်၊ ဆန်ပြုတ်လို အစာပျော့ပျော့တွေကို ကိုယ့်အခြေအနေပေါ်မူတည်ပြီး နည်းနည်းခြင်းစစားပါ။

ရှောင်ရမည့်အစားအသောက်များ

  • ဆေးလိပ်၊ အရက်၊ ကော်ဖီ၊ချောကလက်
  • ဆီကြော်များ
  • ချဉ်သောအရသာရှိသည့်အသီးများ ( သံပုရာသီး၊ရှောက်သီး၊ နာနတ်သီး၊ချဉ်စော်ကားသီး)
  • အချဉ်ဖောက်ထားသောအစားအစာများ ( ချဉ်ဖတ်၊ မုန့်ဟင်းခါးဖတ်)
  • အချဉ်အစပ်ကဲလွန်းသော အစားအစာများ (ခေတ်စားနေတဲ့ ကိုရီယားအစပ်ခေါက်ဆွဲကို အစာအိမ်နာနေချိန်၊ အစာအိမ်ရောဂါရှိသူတွေ လုံး၀မစားသင့်ပါဘူး)
  • ကြေလွယ်ခဲသော အစားအစာများ ( ကောက်ညှင်း)
  • အမွှေးအကြိုင်ကဲသာ အစားအစာများ( ကြက်သွန်ဖြူ၊ ဂျင်းစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကလည်း အစာအိမ်နံရံရောင်စေပါတယ်)
  • အစာအိမ်ရောင်နေစဉ် ပျားသံပရာ၊ ဂျင်းလက်ဖက်ရည်တွေ သောက်တာကလဲ ပိုဆိုးစေပါတယ်။
  • စိတိဖိစီးမှုနည်းအောင်နေပါ
  • H.pylori ပိုးရှိမရှိစစ်ပါ

***ဒါတွေဖြစ်ရင် ဆရာဝန်ဆီချက်ခြင်းပြန်ပြပါ။

  • ရောဂါတာရှည်နေလျှင်
  • တောက်လျောက်အန်နေလျှင်
  • ဗိုက်အရမ်းထိုးအောင့်လျှင်
  • ရေဓါတ်ခမ်းခြောက်သည့်လက္ခဏာများဖြစ်လာလျှင် (အလွန်အမင်းရေဆာခြင်း၊ ဆီးသွားနဲခြင်း)
  • သွေး/ကော်ဖီရောင်များအန်လျှင်၊ ဝမ်းမည်းမည်းသွားလျှင်

Reference:
NHS: Gastritis
John Murtagh’s Patient Education, six edition: Gastritis
Better health channel: Gastritis

❤️NUG, MOH တယ်လီကျန်းမာ လူတိုင်းအတွက်ပါ❤️

တယ်လီကျန်းမာ ဆေးခန်းပြရန် (8 am to 6 pm daily):
https://m.me/telehealthmm

Please donate- https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 25 February 2022
Last Updated: 25 February 2022