Genital Wart/ Anal Wart(လိင်အင်္ဂါကြွက်နို့ အကြောင်းသိကောင်းစရာ) ( June, 2022 )

လိင်အင်္ဂါကြွက်နို့ အကြောင်းသိကောင်းစရာ (Genital Wart/ Anal Wart) ( June, 2022 )

လိင်အင်္ဂါကြွက်နို့ဟာ Human papillomavirus (HPV ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတဲ့ အရေပြားရောဂါ တစ်ခုဖြစ်ပြီး အဖြစ်များတဲ့ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

❓ လိင်အင်္ဂါကြွက်နို့ ဘာလို့ဖြစ်တာလဲ?

👉 Human Papillomavirus (HPV ဗိုင်းရပ်စ်) အမျိုးကွဲပေါင်း ရာနဲ့ချီ ရှိတဲ့အနက် တချို့သော HPV ဗိုင်းရပ်စ် မျိုးကွဲတွေဟာ လိင်အင်္ဂါကြွက်နို့ (Genital Wart) နဲ့ စအိုတွင်ပေါက်သောကြွက်နို့ (Anal Wart) တွေကိုဖြစ်စေပါတယ်။ ဒါဟာ ခန္ဓာကိုယ်ခြေလက်တွေမှာပေါက်တဲ့ ကြွက်နို့တွေကို ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်တွေနဲ့ အမျိုးအစားမတူသလို၊ ကူးစက်ပုံလည်းကွဲပြားပြီး စနစ်တကျ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

❓ ကူးစက်စေတဲ့နည်းလမ်းတွေကဘာတွေလဲ?

လိင်အင်္ဂါကြွက်နို့ဟာ လိင်ကတစ်ဆင့် အဓိကကူးစက်တတ်ပါတယ်။ စအိုနဲ့လိင်ဆက်ဆံတာ၊ ပါးစပ်နဲ့လိင်ဆက်ဆံတာ၊ လိင်အင်္ဂါချင်းထိတွေ့တာတွေအပါအဝင် လိင်ဆက်ဆံမှုအားလုံး အကျုံးဝင်ပါတယ်။

👉 လိင်အင်္ဂါကြွက်နို့တိုင်းဟာ လိင်ကတစ်ဆင့်ကူးစက်တာတော့မဟုတ်ပါဘူး။ အထိအတွေ့ (Close Human Contact) ကနေလည်း ကူးတတ်ပါတယ်။ နောက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာနဲ့လည်း ဆက်စပ်ပါတယ်။

👉 ကလေးငယ်တွေမှာ လိင်အင်္ဂါမှာကြွက်နို့ ပေါက်ခဲပေမယ့် ပေါက်နေခဲ့ရင် ဒါဟာ Sexual Abuse (လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း/ သက်ငယ်မုဒိမ်း) စတာတွေကိုထည့်သွင်း စဉ်းစားကြရပါမယ်။

👉 မိခင်ကနေ သန္ဓေသားကို မွေးလမ်းကြောင်းကနေတစ်ဆင့်ကူးစက်တတ်ပါတယ်။

❗️လိင်အင်္ဂါကြွက်နို့တွေဟာ ခန္ဓာကိုယ်ခြေလက်တွေမှာပေါက်တဲ့ ရိုးရိုးကြွက်နို့တွေထက် ပိုကူးစက်လွယ် ပါတယ်။

❓ဘယ်သူတွေမှာ လိင်အင်္ဂါကြွက်နို့ ပေါက်နိုင်ခြေပိုများသလဲ

👉 လိင်ဆက်ဆံဖော်များတဲ့သူတွေ။

👉 လိင်ဆက်ဆံတဲ့အခါ အကာအကွယ်မသုံးတဲ့သူတွေ။

👉 အခြားသော လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေပါ ယှဉ်တွဲရှိနေရှိနေတဲ့သူတွေ။ (ဥပမာ။ HIV/AIDS)။

👉 လူထူထပ်သိပ်သည်းတဲ့ နေရာတွေမှာနေတဲ့သူတွေ၊ အများသုံး အသုံးအဆောင် ပစ္စည်းတွေ မျှဝေသုံးစွဲသူတွေ။ (ဥပမာ။ အများသုံးရေချိုး/ရေကူးကန်၊ အဆောင်လိုနေရာမျိုးတွေ၊ အကျဉ်းထောင် စသည်)။

👉 တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတဲ့သူတွေ နဲ့ အာဟာရဓာတ်ချို့တဲ့သူတွေ။

❓ လိင်အင်္ဂါကြွက်နို့ ရဲ့ လက္ခဏာတွေက ဘာတွေလဲ?

👉 လိင်အင်္ဂါကြွက်နို့တွေဟာ အရွယ်အစား/ပုံသဏ္ဌာန်/ အရေအတွက်အနည်းအများ မျိုးစုံ ဖြစ်နိုင်ပါတယ်။

👉 မျက်နှာပြင်မညီညာတဲ့ အသားရောင် အသားစိုင်အလုံးအဖုလေးတွေလိုဖြစ်ပါတယ်။ မာတာလည်းရှိသလို ပျော့တွဲတွဲ အသားစိုင်တွေ အစုလိုက်အစုလိုက် ပုံစံမျိုးနဲ့လည်းဖြစ်နိုင်ပါတယ်။

👉 အမျိုးသားတွေမှာဆိုရင် အမျိုးသားလိင်တံထိပ်တစ်ဝိုက်၊ လိင်တံ၊ ကပ်ပယ်အိတ်၊ ပေါင်ခြံ နဲ့ ပေါင် နေရာတွေမှာ ပေါက်တတ်ပါတယ်။

👉 အမျိုးသမီးတွေမှာဆိုရင် မိန်းမကိုယ်အဝတစ်ဝိုက် (Vulva)၊ မိန်းမကိုယ်အတွင်းဖက် (Vaigna)၊ သားအိမ်ခေါင်း (Cervix) နဲ့ ပေါင်ခြံ (Grion) တွေမှာပေါက်တတ်ပါတယ်။

👉 ရောဂါပိုးရှိသူနဲ့ ပါးစပ်နဲ့ လိင်ဆက်ဆံမိရင် ပါးစပ်မှာဖြစ်နိုင်ပါတယ်။ စအိုနဲ့လိင်ဆက်ဆံမိရင် စအိုတစ်ဝိုက်နေရာတွေမှာ ကူးစက်ဖြစ်ပွားတတ်ပါတယ်။

👉 ယားယံတာ၊ သွေးထွက်လွယ်တာ၊ အနေရခက်စေတာ နဲ့ လိင်ဆက်ဆံတဲ့အခါ အမြင်မလှတာတွေ ဖြစ်စေပါတယ်။

👉 ကြွက်နို့ကို ဆွတာ၊ ဆိတ်တာ၊ အဆက်မပြတ်ကုတ်ဖဲ့တာ လုပ်ရင်တော့ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးဝင်ပြီး အရေပြားရောင်ရမ်းကာ အခြေအနေဆိုးစေနိုင်ပါတယ်။

❓ လိင်အင်္ဂါကြွက်နို့ကို ဘယ်လိုကုမလဲ?

👉 ဆရာဝန်က ကြွက်နို့ကို အသားစ (Biopsy) ယူပြီး အဏုကြည့်မှန်ပြောင်းသုံးကာ ကြွက်နို့ ဟုတ်/မဟုတ် အတည်ပြုပေးပါလိမ့်မယ်။

👉 လိင်အင်္ဂါကြွက်နို့ဟာ ကုသမှုမခံရင်တောင် အများအားဖြင့် တဖြည်းဖြည်း ပျောက်ကင်းတတ်ပေမယ့် အင်မတန်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းနိုင်တဲ့အပြင် ကူးစက်တတ်တဲ့ အခြေအနေတစ်ခုဖြစ်လို့ ကုသမှုခံယူနိုင်ပါတယ်။

👉 ဒါဟာ ရှက်စရာအခြေအနေတစ်ခုမဟုတ်တဲ့အတွက် ရှက်ကြောက်တာ၊ ပြသရမှာ စိတ်မသက်မသာ ဖြစ်တာမျိုးမဖြစ်ဘဲ ဆရာဝန်နဲ့ ပြသဆွေးနွေးတိုင်ပင်ပါ။ စနစ်တကျကုသမှုခံယူပါ။

👉 ကြွက်နို့အရွယ်အစား နဲ့ လူနာအခြေအနေပေါ်မူတည်ပြီး ဆရာဝန်က သင့်တော်တဲ့ ကုသမှုပေးပါလိမ့်မယ်။

👉 လိမ်းဆေး၊ ထိုးဆေး၊ သောက်ဆေး တွေရှိပါတယ်။

👉 လိုအပ်ရင် ဆရာဝန်က ကြွက်နို့ကိုလှီးဖြတ်ခွဲစိတ်ပေးပါလိမ့်မယ်။

👉 Laser လေဆာသုံးကုသမှုတွေ ခံယူနိုင်ပါတယ်။

👉 Liquid Nitrogen နဲ့ ကြွက်နို့ကို အေးခဲသေဆုံးစေတဲ့ကုသမှုတွေလည်း ပြုလုပ်နိုင်ပါတယ်။

👉 Electrocautery လို့ခေါ်တဲ့ လျှပ်စစ်သုံးပြီး ကြွက်နို့ဖယ်ထုတ်ကုသမှုတွေလည်း ပြုလုပ်နိုင်ပါသေးတယ်။

👉 လိင်အင်္ဂါကြွက်နို့တွေဟာ ပျောက်ကင်းအောင်ကုသပြီးသည့်တိုင်အောင် ပြန်ပြန်ဖြစ်တတ်လို့ ကုသမှု ထပ်ခါထပ်ခါ လိုအပ်နိုင်ပါတယ်။

👉 ကြွက်နို့ကုသတာဟာ ပျောက်ကင်းဖို့အချိန်ယူရတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပြီး ဆရာဝန်နဲ့ ရက်ချိန်း (Follow up) ကို မပျက်မကွက် မှန်မှန်ပြသရပါမယ်။

👉 လိင်အင်္ဂါကြွက်နို့ရှိတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာအကြိုစစ်ဆေးမှုပြုလုပ်ဖို့ Pap Smear ယူသင့်ပါတယ်။

❓ လိင်အင်္ဂါကြွက်နို့ကို ဘယ်လိုကာကွယ်ကြမလဲ?

✅ လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးစတဲ့ အကာအကွယ်သုံးပါ။ သတိချပ်ရမှာက ကွန်ဒုံးဟာ ကြွက်နို့ရှိနေတဲ့ လိင်အင်္ဂါတစ်ဝိုက်ကအရေပြားနေရာ အားလုံးကို မအုပ်မိနိုင်တဲ့အတွက် အပြည့်အဝကာကွယ်မှုမပေးနိုင်ပါ။

✅ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုပြုပါ။ အထူးသဖြင့် လိင်အင်္ဂါနဲ့ စအိုတစ်ဝိုက် ကို မှန်မှန် ဆေးကြော သန့်စင်ပြီး သန့်ရှင်းခြောက်သွေ့အောင်ထားပါ။

✅ မိမိမှာ လိင်အင်္ဂါကြွက်နို့ဖြစ်နေရင် မိမိရဲ့လိင်ဆက်ဆံဖော်ကိုပါ အသိပေးပါ။ လိုအပ်ပါက ကုသမှုအတူခံယူကြပါ။

✅ ကာကွယ်ဆေး (HPV Vaccine) ထိုးနှံထားရင်လည်း လိင်အင်္ဂါကြွက်နို့ကိုပါ ကာကွယ်ပြီးသားဖြစ်စေပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ အသက် ၉ နှစ်အရွယ်ကနေစပြီး ထိုးနှံနိုင်ပါတယ်။

✅ လေ့လာမှုတွေအရ ဆေးလိပ်သောက်သူတွေမှာ မသောက်သူတွေထက် လိင်အင်္ဂါကြွက်နို့ပိုဖြစ်နိုင်လို့ ဆေးလိပ်ဖြတ်သင့်ပါတယ်။

❎ အလွန် ကူးလွယ် ပျံ့လွယ်လို့ လိင်အင်္ဂါကြွက်နို့တွေအားလုံး ပျောက်ကင်းတဲ့အချိန်အထိ လိင်ဆက်ဆံတာကို ရှောင်ရပါမယ်။

❎ ကြွက်နို့တွေကို ဆွတာ၊ ဆိတ်တာ၊ ကုတ်ဖဲ့တာတွေကို မပြုလုပ်ပါနဲ့။

အနှစ်ချုပ်ရရင် လိင်အင်္ဂါနဲ့စအိုတစ်ဝိုက်ပေါက်သောကြွက်နို့တွေမဖြစ်ရအောင် ကြိုတင်ကာကွယ်ပါ။ လိင်ဆက်ဆံတိုင်း အကာအကွယ်သုံးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားပါ။ အလွန်ကူးစက်လွယ်လို့ ဖြစ်ပွားပါက ဆရာဝန်နဲ့ ပြသဖို့ ဝန်မလေးပါနဲ့။ မိမိအခြေအနေကိုပွင့်လင်းစွာ ထုတ်ဖော် ဆွေးနွေး ကုသမှုခံယူပါ။

References 📚
📎John Murtagh’s Patient Education, Sixth Edition; Genital Warts/Venereal Warts pg-160
📎AAD : American Academy of Dermatology Association : Genital Warts
📎Oxford Handbook of Medical Dermatology, Second Edition; Human Papillomavirus pg-160

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
ကုသမှုအားလုံး အခမဲ့ (အခမဲ့) ဖြစ်ပါသည်။

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm )ကိုနှိပ်ပါ။

ချက်ချင်းဆေးခန်းပြရန်အတွက်( https://t.me/TelehealthMM )ကိုနှိပ်ပါ။

Ministry of Health,

National Unity Government.

Published on: 27 June 2022
Last Updated: 27 June 2022