Glandular Fever ( November, 2022)

” Glandular Fever (သို့) Kissing Disease “

Glandular fever ဆိုတာကတော့ Epstein-Barr virusလို့ခေါ်တဲ့ ဗိုင်းရပ်တစ်မျိုးကြောင့်ဖြစ်ပြီး သူက တုပ်ကွေးရောဂါနဲ့ လက္ခဏာတွေ တော်တော်တူပါတယ်။ ဒီရောဂါကို “kissing disease”လို့လည်း ခေါ်ဆိုကြတာကို တွေ့ရပါတယ်။

ဒါဆို kissingကနေ ကူးနိုင်တာမို့လို့လားလို့တော့ မထင်လိုက်ပါနဲ့နော်။

❓ဘာကြောင့် kissing diseaseလို့ ခေါ်ကြတာလဲ

ဒီရောဂါဟာ ရောဂါရှိတဲ့သူရဲ့ တံတွေးကနေတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ ဥပမာ – နှာချေတာ၊ ချောင်းဆိုးတာကြောင့်ဖြစ်စေ၊ အစားအသောက်တွေ ခွဲဝေစားသောက်ရာကနေဖြစ်စေ၊ kissingကြောင့်ဖြစ်စေ ကူးစက်နိုင်လို့ပဲ ဖြစ်ပါတယ်။

ကူးစက်ပြီဆိုရင် ဗိုင်းရပ်က ခန္ဓာကိုယ်ရဲ့ သွေးထဲနဲ့ ပြန်ရေကြောလို့ခေါ်တဲ့ lymphatic systemထဲကို ပျံ့နှံ့သွားပါတယ်။ အဲ့ဒီအတွက်ကြောင့် တုပ်ကွေးလက္ခဏာတွေတင်မကဘဲ အသည်းကြီးတာ၊ သရက်ရွက်ကြီးတာအပြင် အကျိတ်(lymph gland)တွေကိုပါ ရောင်ရမ်းစေပြီး ဖျားနာစေတတ်ပါတယ်တယ်။ ဒါကြောင့် glandular feverလို့ခေါ်ကြတာပဲ ဖြစ်ပါတယ်။

❓ရောဂါလက္ခဏာတွေက ဘာတွေလဲ

တုပ်ကွေးလက္ခဏာတွေနဲ့ ဆင်တူတဲ့အတွက်ကြောင့်

– ဖျားတာ
– ခေါင်းကိုက်တာ
– နှာခေါင်းပိတ်တာ
– ပျို့တာ
– ပါးစပ်နဲ့ အသက်ရှူရတာ
– လည်ချောင်းနာတာ ( အာသီးရောင်တာ)တွေအပြင်
– လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံတို့လို့ lymph glandတွေရှိတဲ့နေရာတွေမှာ ဂလင်းတွေကြီးတာ၊ ရောင်နေတာတို့ကို ကာယကံရှင်ကိုယ်တိုင် သတိထားမိနိုင်ပါတယ်။

တစ်ခါတလေမှာတော့ ခန္ဓာကိုယ်မှာ အစက်အပြောက်တွေထွက်တာတို့၊ အသည်းရောင်အသားဝါ လက္ခဏာတို့နဲ့လည်း လာနိုင်ပါတယ်။

❓ရောဂါဖြစ်နေတာကို ဘယ်လိုသိရှိနိုင်လဲ

အဓိကသိနိုင်တဲ့ နည်းလမ်းကတော့ သွေးစစ်တာပဲ ဖြစ်ပါတယ်။ သွေးထဲမှာ monocyteလို့ခေါ်တဲ့ သွေးဖြူဥတွေ များနေတတ်ပါတယ်။ ဒါကြောင့် ဒီရောဂါကို Epstein-Barr virusကြောင့်ဖြစ်တဲ့ Epstein-Barr Mononucleosis လို့လည်း ခေါ်ကြပါသေးတယ်။

❓ရောဂါလက္ခဏာတွေ ဘယ်လောက်ကြာကြာ ခံစားရနိုင်လဲ

၂ပတ်ကနေ ၃ပတ်အထိတော့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ အားမရှိဘူး။ နုံးနေမယ်။ စိတ်ဓာတ်ကျနေမယ် အစရှိတာတွေ ခံစားရနိုင်ပါတယ်။ တခါတလေမှာတော့ အဲ့ဒီလို အားမရှိ နုံးနေတာတွေက လပိုင်းတွေအထိ ကြာတတ်တာလည်း ရှိပါတယ်။ အဲ့ဒါဆိုရင်တော့ နာတာရှည် glandular fever ကို သတိထားသင့်ပါတယ်။

❓Glandular fever က ဘယ်လောက် အဖြစ်များလဲ

တော်တော်များများကို အဖြစ်များတဲ့ရောဂါတစ်ခုပါ။ ဘာလို့လဲဆိုတော့ တုပ်ကွေးနဲ့ အမှတ်မှားပြီး တော်တော်များများက သတိမထားမိတာကြောင့်ပါ။

အဓိက အဖြစ်များတာကတော့ ကလေးတွေနဲ့ လူငယ်တွေမှာပါ။ ၁၅နှစ်နဲ့ ၂၅နှစ်ကြားမှာ တွေ့ရအများဆုံး ဖြစ်ပါတယ်။

❓နောက်ဆက်တွဲအနေနဲ့ ဘာတွေ အန္တရာယ်ဖြစ်နိုင်လဲ

ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်လာတယ်ဆိုရင်တော့ အသည်းရောင်တာအထိဖြစ်နိုင်ပြီး စိုးရီမ်ရပါတယ်။ လပေါင်းများစွာကြာတဲ့အထိ နာတာရှည်မောပန်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သွေးဥမွှားနည်းတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

Guillain-Barré syndrome သို့ Bell’s palsy အစရှိတဲ့ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတွေ ခံစားရနိုင်ပါတယ်။

❓ဘယ်လို ကုသကြမလဲ

ဒီရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးတွေကို သတ်တဲ့ antibiotic တွေသောက်လို့ မရပါဘူး။

နာကျင်ကိုက်ခဲတာတွေအတွက် ပါရာစီတမော၊ အကိုက်အခဲပျောက်ဆေးတို့ သောက်သုံးနိုင်ပါတယ်။ (ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ဆေးတွေကို စနစ်တကျ သောက်သုံးပါ။)

✔️ အိမ်မှာ ကောင်းကောင်း အနားယူပါ။

✔️ ရေနဲ့ သဘာဝသစ်သီးဖျော်ရည်တွေ သောက်သုံးပေးပါ။

✔️ လည်ချောင်းနာတာအတွက် ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ။

✔️ လက်ဆေးပါ။ ကိုယ်ရဲ့ ခန္ဓာကိုယ်က အရည်တွေ၊ တံတွေးတွေ ဖိတ်စင်နိုင်တဲ့ အဝတ်တွေ၊ အိပ်ရာခင်းတွေကို မှန်မှန် လျှော်ပါ။

❌ အရက်သောက်တာတွေ၊ အဆီများတဲ့ အစားအသောက်တွေ ရှောင်ပါ။

❌ မသက်သာသေးဘဲ အလုပ်ဖိလုပ်တာတွေ ရှောင်ပါ။

❌ လုံးဝသက်သာသွားအပြီး (၄)ပတ်ကနေ (၆)ပတ်အထိ အားကစားလုပ်တာတွေ ရှောင်ပါ။ ( ဝမ်းဗိုက်ကို ထိခိုက်ဒဏ်ရာရရင် ရောင်ရမ်းနေတဲ့ သရက်ရွက်သရက်ရွက်က ကွဲသွားနိုင်တာကြောင့် ဖြစ်ပါတယ်။)

❌ အစားအသောက်တွေ၊ အရည်တွေကို ခွက်တစ်ခွက်တည်း၊ ပန်းကန်တစ်ခွက်တည်း မျှဝေသုံးတာမျိုး ရှောင်ပါ။

ဒါဆို တုပ်ကွေးနဲ့ ဆင်တူတဲ့ Glandular Feverအကြောင်းကို သိသင့်သိထိုက်တာတွေ သိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် မိမိမှာ အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် မပေါ့ဆကြဘဲ ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်တွေးနွေးဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

Reference 📚
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 132

Glandular Fever- NHS. UK

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စစဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Gladular_Fever

Ministry of Health,

National Unity Government.

Published on: 15 November 2022
Last Updated: 15 November 2022