“Global Fund for Burma က ကျင်းပသည့် မြန်မာနိုင်ငံရေးရာမူဝါဒ Conference ဆွေးနွေးပွဲသို့ ဒေါက်တာဇော်ဝေစိုးအပါအဝင် NUG ပြည်ထောင်စုဝန်ကြီးများနှင့် အမေရိကန်နိုင်ငံခြားရေးဌာနမှ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ဆွေးနွေး” (June 2023)

Global Fund for Burma က ကျင်းပသည့် မြန်မာနိုင်ငံရေးရာမူဝါဒ Conference ဆွေးနွေးပွဲသို့ ဒေါက်တာဇော်ဝေစိုးအပါအဝင် NUG ပြည်ထောင်စုဝန်ကြီးများနှင့် အမေရိကန်နိုင်ငံခြားရေးဌာနမှ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ဆွေးနွေး

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်

Global Fund for Burma က ကျင်းပသည့် မြန်မာနိုင်ငံရေးရာ မူဝါဒ Conference (Panel Discussion) ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် ဇွန်လ (၂၀) ရက်နေ့က ကျင်းပခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် အမေရိကန် နိုင်ငံခြားရေးဌာနမှ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့က အဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို အပိုင်း (၄) ပိုင်းခွဲ၍ ကျင်းပခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ တိုင်းရင်းသားလူမျိုးစုများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၊ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာ​ပြည်အရေးဆောင်ရွက်နေသူများ၊ ဝါရှင်တန်ဒီစီ အခြေစိုက် Think Tank အဖွဲ့များနှင့် NGO များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

မြန်မာ့ပြည်၏ လက်ရှိမြေပြင်အခြေအနေများ ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ အမေရိကန်အစိုးရနှင့် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုရရှိရေး ကိစ္စရပ်များ၊ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်မှုနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ နိုင်ငံတကာရေးရာနှင့် ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များ၊ တရားဥပဒေရေးရာများ ဆွေးနွေးခဲဲ့ကြပါသည်။ Burma Act ကိုလည်း ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်စေရေး ဆွေးနွေးခဲ့ကြပါသည်။

အောင်မြင်သော ဆွေးနွေးပွဲတစ်ခု ဖြစ်သည့်အပြင် ယခုကဲ့သို့ မြန်မာပြည်အတွက် ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့သော Conference ဆွေးနွေးပွဲတစ်ခုကို ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း Women for Myanmar Washington DC မှ တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါသည်။

Ministry of Health,
National Unity Government.

Published on: 24 June 2023
Last updated: 24 June 2023