ဆင်ခြင်စရာ ဂနိုရောဂါ (Gonorrhea) ( September, 2022 )
ဂနိုရောဂါ / ဆီးပူညောင်းကျရောဂါရယ်လို့ ဆိုလိုက်တာနဲ့ ရှက်ကြောက်လို့ ဆေးကုသမှုခံယူဖို့ တွန့်ဆုတ်တဲ့အခါ မြန်မြန်ကုသ/ မြန်မြန်ပျောက်ကင်းရမဲ့ ရောဂါဟာ အမြစ်မပြတ်ဘဲ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ရပါတယ်။ တကယ်တော့ ဂနိုရောဂါဟာ ရှက်စရာရောဂါတစ်ခုမဟုတ်တဲ့အပြင် ရိုးရှင်းတဲ့ စစ်ဆေးကုသမှုပြုရုံနဲ့ ပျောက်ကင်းနိုင်တဲ့ လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။
ဆီးပူညောင်းကျရောဂါ/ ဂနိုရောဂါဘယ်လိုကူးစက်သလဲ
• Neisseria gonorrhoeae ဆိုတဲ့ ဘတ်တီးရီးယား ရောဂါပိုးကြောင့်ဖြစ်ရတယ်။
• ရောဂါပိုးရှိနေတဲ့သူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုရာကတစ်ဆင့် ကူးစက်တယ်။ လိင်ဆက်ဆံမှုလို့ဆိုရာမှာ ပါးစပ်/ စအို ဖြင့် လိင်ဆက်ဆံခြင်းပါ အကျုံးဝင်တယ်။ လိင်ဆက်ဆံမှုအမျိုးအစားပေါ်မူတည်ပြီး ဆီးလမ်းကြောင်း/ အမျိုးသား၊ အမျိုးသမီးအင်္ဂါ/ လည်ချောင်း / စအိုနေရာတွေမှာ ပိုးကူးစက် ရောင်ရမ်းမှုဖြစ်စေပါတယ်။
• ရောဂါပိုးရှိမိခင်ကနေလည်း မီးဖွားချိန်မှာ ကလေးငယ်ကိုကူးစက်နိုင်ပါတယ်။
သိကောင်းစရာ ဂနိုရောဂါလက္ခဏာ
ရောဂါပိုးကူးစက်ပြီး အများအားဖြင့် (၂)ရက်ကနေ (၁၀)ရက်အတွင်း အောက်ပါလက္ခဏာရပ်တွေပြသတတ်ပါတယ်။ ဘာရောဂါလက္ခဏာမှမပြသဘဲ (အထူးသဖြင့် အမျိုးသမီးတွေမှာ) နေတတ်သလို ရောဂါလက္ခဏာပြဖို့ (၃) ပတ်အထိလည်း ကြာမြင့်တတ်ပါတယ်။
အမျိုးသားတွေမှာ –
ဆီးလမ်းကြောင်း ရောင်ရမ်းပိုးဝင်ခြင်း
ဆီးသွားရ ခက်ခဲခြင်း၊ နာကျင်ခြင်း၊ ဆီးပူခြင်း
ဆီးလမ်းကြောင်းကနေ အဖြူ/ အဝါ/ အစိမ်းရောင်ရှိ ပြည်ကဲ့သို့သော ပျစ်ပျစ် အရည်/ အနှစ် တွေ ထွက်ခြင်း
အမျိုးသမီးတွေမှာ –
ဆီးသွားရခက်ခဲခြင်း၊ နာကျင်ခြင်း၊ ဆီးပူခြင်း
မိန်းမကိုယ်မှ အဖြူ/ အဝါ/ အစိမ်းရောင်ရှိ ပြည်ကဲ့သို့ အရည်ထွက်ခြင်း
ရာသီမလာခင် စပ်ကြားသွေးဆင်းခြင်း
နောက်ဆက်တွဲ နာတာရှည်အမျိုးသမီးကိုယ်တွင်းအင်္ဂါရောင်ရမ်းခြင်း (Plevic Inflammatory Disease) ပါဆက်လက်ဖြစ်ပွားရင်တော့ ဝမ်းဗိုက်အောက်ပိုင်း နဲ့ တင်ပဆုံတစ်ဝိုက် နာကျင်ကိုက်ခဲခြင်း၊ လိင်ဆက်ဆံချိန် နာကျင်ခြင်း၊ ဖျားနာခြင်း၊ ရာသီလာစဥ် အလွန်နာကျင်ခြင်း စတာတွေဖြစ်ပေါ်တတ်ပါတယ်။
အမျိုးသား/ အမျိုးသမီး နှစ်ဦးစလုံးမှာ –
စအိုဖြင့် လိင်ဆက်ဆံခြင်းက ကူးစက်တဲ့အခါမှာ စအိုတစ်ဝိုက် ယားယံတာ၊ အရည်ထွက်ပြီး တစိုစိုဖြစ်တာ၊ သွေးထွက်တာ၊ ဝမ်းသွားရနာကျင်တာ စတာတွေဖြစ်တတ်တယ်။
ဂနိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်နိုင်သလဲ
– အရိုးအဆစ် ရောင်ရမ်းပိုးဝင်ခြင်း
– အမျိုးသားတွေမှာ ဝှေးစေ့ရောင်ရမ်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းကျဥ်းခြင်း
– အမျိုးသမီးတွေမှာ နာတာရှည်အမျိုးသမီးကိုယ်တွင်းအင်္ဂါရောင်ရမ်းခြင်း (Pelvic Inflammatory Disease) ၊ မျိုးမအောင်ခြင်း… စတာတွေထိ ဖြစ်နိုင်ပါတယ်။
ဂနိုရောဂါကို ဘယ်လိုကုသနိုင်သလဲ
ဂနိုရောဂါဟာ ပုံမှန်အားဖြင့် နှစ်ပတ်အတွင်း ပိုးသတ်ဆေး ဆေးသောက်/ ဆေးထိုး ကုသမှုခံယူပြီး ပျောက်ကင်းနိုင်တဲ့အတွက် ဂနိုရောဂါသံသယရှိရင် ကုသမှုခံယူဖို့ ရှက်ကြောက်မနေပါနဲ့။ ဆရာဝန်/ကျန်းမာရေးဝန်ထမ်းနဲ့ စစ်ဆေးပြသကုသမှုခံယူပါ။
ဆရာဝန်က လိုအပ်သလို ရောဂါပိုးရှိတဲ့ အနာနေရာကနေ တို့ပတ်ယူပိုးစစ်ဆေးခြင်း၊ ဆီးမှ ပိုးစစ်ဆေးခြင်းတွေပြုလုပ်ပြီး ရောဂါအတည်ပြုပေးပါမယ်။
မိမိရဲ့ လိင်ဆက်ဆံဖော်ကိုလည်း ဆေးစစ်ပါ။ လိုအပ်ပါက ကုသမှုခံယူစေပါ။
ရောဂါပိုးပျောက်ကင်းကုသမှုပြီးဆုံးသည့်တိုင်အောင် မိမိရော မိမိလိင်ဆက်ဆံဖော်ပါ လိင်ဆက်ဆံမှုပြုခြင်းကို ရှောင်ကြဥ်ပါ။
ဂနိုရောဂါ မဖြစ်ရလေအောင်
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ရှောင်မယ်။
ပါးစပ်ဖြင့် ဆက်ဆံခြင်း၊ စအိုဖြင့်ဆက်ဆံခြင်း အပါအဝင် လိင်ဆက်ဆံမှုအားလုံးမှာ ကွန်ဒုံးကို စနစ်တကျအသုံးပြုမယ်။
လိင်ဆက်ဆံဖော်များတဲ့သူ၊ အပျော်အပါးလိုက်စားတတ်သူဖြစ်ရင်တော့ အနည်းဆုံးတစ်နှစ်တစ်ကြိမ် ဆေးစစ်သင့်ပါတယ်။
အနှစ်ချုပ်ရရင် လိင်ဆက်ဆံမှုပြုတိုင်း အကာအကွယ်သုံးပါ။ ရောဂါကူးစက်ဖြစ်လာခဲ့ရင်လည်း ဒါဟာ ရှက်ကြောက်စရာ ရောဂါမဟုတ်ပါ။ ဆရာဝန်နဲ့ပြသစစ်ဆေးပြီး ကုသမှုခံယူပါ။ လိင်ဆက်ဆံဖော်ကိုပါ စစ်ဆေးမှုပြုလုပ်စေပါ။ လိုအပ်ကကုသမှုခံယူစေပါ။ ရောဂါအမြစ်မပြတ်သေးသည့် ကုသမှုခံနေစဥ်တစ်လျှောက် လိင်ဆက်ဆံခြင်းကိုရှောင်ကြည်ပါလို့ ပြောကြားလိုက်ပါရစေ
References
John Murtagh’s Patient Education, Sixth Edition : Gonorrhea pg-133
CDC : Centers for Disease Control and Prevention : Gonorrhea
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.

Published on: 7 September 2022
Last Updated: 7 September 2022