ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုမြှင့်တင်ရေးဆိုင်ရာ အရှေ့တောင်အာရှဒေသတွင်း ဆွေးနွေးပွဲ၏ ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး တက်ရောက်၍ အမှာစကားပြောကြားခြင်း
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၅) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် (၁-၈-၂၀၂၂) ရက်နေ့တွင် Southeast Asian Ministers of Education Organization, Regional Center for Food and Nutrition (SEAMEO RECFON) က ဦးစီးကျင်းပသည့် “ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုမြှင့်တင်ရေးဆိုင်ရာ အရှေ့တောင်အာရှဒေသတွင်း ဆွေးနွေးပွဲ (Regional Learning Exchange Forum)” ဖွင့်ပွဲတွင် အမှာစကားပြောကြားခဲ့ပါသည်။ ဖွင့်ပွဲတွင် Professor Muchtaruddin Mansyur (Director of SEAMEO RECFON) နှင့် Dr. Xayapheth Chaphichith (Deputy Director of Programme & Development, SEAMEO Secretariat) တို့ကလည်း အမှာစကားများ အသီးသီး ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံရှိကလေးငယ်များသည် ကမ္ဘာတစ်ဝန်းရှိ ကလေးများအားလုံးနည်းတူ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကျန်းမာသန်စွမ်း၍ အာဟာရပြည့်ဝရေး၊ ကာကွယ်ဆေးအကြိမ်ပြည့် ရရှိစေရေး၊ စားနပ်ရိက္ခာ ဖူလုံမှုရှိရေး စသည့် လူ့အခွင့်အရေးများကို ရရှိသင့်သည်ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
Regional Forum သို့ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူ စသည့် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံ (၉) နိုင်ငံမှ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်စုစုပေါင်း (၆၁) ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။
Ministry of Health,
National Unity Government.




Published on: 5 August 2022
Last Updated: 5 August 2022