မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာအနေဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းကြောင့် ကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာအနေဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းကြောင့် ကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

၈။ Haemophilus influenzae type b (Hib) ရောဂါနှင့် ကာကွယ်ဆေး

👉 Haemophilus influenzae type b (Hib) ဆိုသည်မှာ

Haemophilus influenzae သည် ကလေးများ၏ နှာခေါင်းနှင့် လည်ချောင်းတွင် အများအားဖြင့်တွေ့ရသော ဘက်တီးရီးယားတစ်မျိုး ဖြစ်သည်။ ပြင်ပအခွံ (Outer Capsule) ရှိသော Haemophilus influenzae အမျိုးကွဲ (၆) ခုရှိသည်။ ယင်းတို့အနက် Hib အမျိုးအစားသည် ကြီးမားသော ပြည်သူ့ကျန်းမာရေးပြဿနာ ဖြစ်စေသည်။ Haemophilus influenza type b (Hib) သည် ပြင်းထန်သော Haemophilus influenzae ရောဂါပိုး ကူးစက်ဝင်ရောက်ခြင်း၏ (၉၀) ရာခိုင်နှုန်းကျော်ကို ဖြစ်စေသည်။ Hib ရောဂါပိုးသည် အထူးသဖြင့် ငါးနှစ်အောက်ကလေးများတွင် ဖြစ်ပွားသော ပြင်းထန်နမိုးနီးယား အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် အခြားကိုယ်တွင်းပြန့်ရောဂါများကို ဖြစ်ပွားစေပါသည်။

👉 ရောဂါပိုးကူးစက်ပြန့်ပွားပုံ

Hib ဘက်တီးရီးယားပိုးသည် ရောဂါရှိသူက ချောင်းဆိုး၊ နှာချေသောအခါ ထွက်လာသည့် အသက်ရှူလမ်းကြောင်းအမှုန်များမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပြန့်ပွားစေပါသည်။ ကလေးများသည် ရောဂါလက္ခဏာမပြဘဲ ၄င်းတို့၏ နှာခေါင်းနှင့် လည်ချောင်းတွင် Hib ဘက်တီးရီးယားရောဂါ ပိုးသယ်ဆောင်ထားနိုင်သည်။ (ကျန်းမာသော ရောဂါပိုး သယ်ဆောင်သူများ ဖြစ်ကြပါသည်)။ သို့ရာတွင် အခြားသူများကို ရောဂါကူးစက်နိုင်သည်။

👉 Hib ရောဂါ၏ လက္ခဏာများ

Hib ကြောင့် မကြာခဏဖြစ်ပွားသည့် ပြင်းထန်သောရောဂါများမှာ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါများ ဖြစ်ကြပါသည်။ Hib တစ်ခုတည်းသာ ယင်းရောဂါများ ဖြစ်စေတတ်သည် မဟုတ်သောကြောင့် ကလေးတစ်ဦးတွင် သက်ဆိုင်သော ရောဂါလက္ခဏာများ တွေ့ရှိပါက သံသယရှိရပါမည်။ အဆုတ်ရောင်ရောဂါ ဖြစ်ပွားသော ကလေးသည် ဖျားခြင်း၊ ချမ်းတုန်ခြင်း ၊ ချောင်းဆိုးခြင်း၊ အသက်ရှူမြန်ခြင်းနှင့် ရင်ဘတ်ချိုင့်ဝင်ခြင်းများ ဖြစ်တတ်သည်။ ဦးနှောက်အမြှေးရောင်ရောဂါဖြစ်သော ကလေးများသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အလင်းရောင်မကြည့်နိုင်ခြင်း၊ ဇက်တောင့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် သတိလစ်ခြင်းများ ဖြစ်တတ်သည်။ Hib ရောဂါပိုးသည် အခြားကိုယ်တွင်းနေရာအမျိုးမျိုးသို့ ရောက်ရှိလျက် အခြားရောဂါအမျိုးမျိုး ဖြစ်စေနိုင်သည်။ အဖြစ်နည်းသော်လည်း ပြင်းထန်ဆိုးရွားသောရောဂါမှာ အသံအိုးဖုံးရောင်ခြင်း (အသံအိုးဝင်ပေါက်အကာချပ် ရောင်ရမ်းခြင်း) (Epiglottitis) ဖြစ်စေပြီး လည်ပင်းအစ်ဆို့သော ဆူညံသံကြားရပြီး အသက်ရှူခက်ခြင်းနှင့် သွေးဆိပ်တက်ခြင်းဖြစ်စေလျက် ဖျားခြင်း၊ ချမ်းတုန်ခြင်းနှင့် အခြားနေရာများသို့ ရောဂါပိုး ဆက်လက်ပျံ့နှံ့သွားနိုင်သည်။

👉 Hib ကြောင့်ဖြစ်သောရောဂါ၏ နောက်ဆက်တွဲပြဿနာများ

Hib ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပွားပြီးနောက် အသက်ရှင်ကျန်ရစ်သော ကလေး ၄၀% ခန့်ထိ ဦးနှောက်ပျက်စီးခြင်းအပါအဝင် အမြဲတမ်း ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ မသန်စွမ်းမှုများဖြစ်ခြင်း၊ ဉာဏ်ရည်မမီခြင်း၊ နားပင်းခြင်းများ ဖြစ်ပွားတတ်ပါသည်။

👉 Hib ရောဂါကို ကာကွယ်နည်း

Hib ရောဂါကာကွယ်ရန် ကာကွယ်ဆေးထိုးခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါသည်။ Hib ကာကွယ်ဆေးများကို တစ်နှစ်အောက်ကလေးများ (သို့မဟုတ်) နှစ်နှစ်အထိ ကလေးငယ်များတွင် အချိန်စောစော ကာကွယ်ဆေးထိုးပေးပါက ထိရောက်မှုရှိသည်။

👉 ကမ္ဘာတစ်ဝန်း Hib ရောဂါကာကွယ် ထိန်းချုပ်နှိမ်နင်းရန် ဆောင်ရွက်နေပုံများ

ကာကွယ်ဆေးထိုးခြင်းသည် အဆုတ်ရောင်ရောဂါနှိမ်နင်းရေး မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ အခြားလုပ်ငန်းများမှာ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း၊ ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ ရေကောင်းရေသန့်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး တိုးတက်ကောင်းမွန်စေခြင်း၊ အိပ်တွင်း လေထုညစ်ညမ်းမှုကာကွယ်ခြင်း၊ လူထုအတွင်းနှင့် ဆေးရုံဆေးခန်းများတွင် လူနာများပြုစုကုသခြင်းများ ပါဝင်သည်။ အဆုတ်ရောင်ရောဂါနှင့် ဝမ်းလျှောရောဂါများ ပေါင်းစည်း ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအစီအစဉ်တွင် ပါဝင်ပြီးဖြစ်ပါသည်။ ကာကွယ်ပါ၊ တားဆီးပါ၊ ကုသပါ ဟူသော မူဘောင်ချထားပါသည်။

👉 Hib ပါဝင်သော ကာကွယ်ဆေးများ

Hib ပါဝင်သော ကာကွယ်ဆေးများသည် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အသံအိမ်ပေါက် အကာချပ်ရောင်ခြင်းနှင့် အခြားရောဂါများကို ကာကွယ်နိုင်ပါသည်။ Haemophilus influenzae ရောဂါပိုး အခြားမျိုးကွဲများနှင့် အခြား ဘက်တီးရီးယားများကြောင့်ဖြစ်သော အလားတူရောဂါများကို ကာကွယ်မှု မပေးနိုင်ပါ။ Hib ပါဝင်သော ကာကွယ်ဆေးများသည် တစ်မျိုးတည်း (သို့ဟုတ်) ပေါင်းစပ်ပုံစံအဖြစ် ဖော်စပ်ထားပါသည်။ Hib ကာကွယ်ဆေးနှင့် DPT, အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး (သို့မဟုတ်) ငါးမျိုးစပ်ကာကွယ်ဆေးအဖြစ် ပေါင်းစပ်ထားသည်။ ကာကွယ်ဆေးထိုးအစီအစဉ် အပြည့်အဝထိုးရန် ဆေးထိုးရသောအကြိမ် လျော့နည်းသွားမည်ဖြစ်ပါသည်။

👉 အဓိကအချက်များ

🟦 Hib ရောဂါသည် နှစ်နှစ်အောက်ကလေးများတွင် အဖြစ်အများဆုံးဖြစ်သည်။
🟦 ရောဂါလက္ခဏာမပြဘဲ Hib ရောဂါပိုးသယ်ဆောင်ထားသည့် ကျန်းမာသော ကလေးများနှင့် နေမကောင်းသော လူနာများသည် ရောဂါကူးစက်ပျံ့နှံ့စေပါသည်။ Hib ရောဂါသည်ကိုယ်ခန္ဓာ အစိတ်အပိုင်းများစွာကို ရောဂါဖြစ်စေပါသည်။ အဖြစ်များသော ပြင်းထန်ရောဂါများမှာ နမိုးနီးယား အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ဖြစ်ပွားသည်။
🟦 Hib တွဲချိတ်ကာကွယ်ဆေး (Conjucate vaccine) သည် Type b ကိုသာ ကာကွယ် ပေးပါသည်။
🟦 Type b ပိုးအမျိုးအစားကို Haemophilus influenzae ရောဂါဖြစ်သူ လူနာ (၉၀%) တွင် တွေ့ရသည်။
🟦 ကလေးငယ်များကို Hib ပါဝင်သော ကာကွယ်ဆေးထိုးခြင်းသည် ကလေးများ အဆုတ်ရောင်ရောဂါလျှော့ချရေးအတွက် ပြည့်စုံသော ပေါင်းစည်းနည်းဗျူဟာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

Source:
ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန် ၂၀၂၂ (NUG, MOH)
https://www.facebook.com/mohnugmyanmar/posts/pfbid02V8izYCZD69Y5qsE69vnCz7YeGQCSkKJZaLv42LdfxvGLX9sC1djczrEgXeSTPShtl

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

၁။ ဆုံဆို့နာရောဂါ (Diphtheria) https://www.facebook.com/mohnugmyanmar/posts/pfbid0oCNuFcdNNYotmjCVuUYiCe9qHf8akU8DJ1BQUtPxcb1kPCmedFoHUd6F5HczPHQdl

၂။ ကြက်ညှာချောင်းဆိုးရောဂါ (Whooping cough or pertussis)
https://www.facebook.com/mohnugmyanmar/posts/pfbid02NHRFL8UDX7WMi8tWPTosygRdbaNbLxW2p5ogrZRFYD48gp6CrXvSkj28PJz9yqyzl

၃။ ပိုလီယိုအကြောသေရောဂါ (Poliomyelitis)
https://web.facebook.com/mohnugmyanmar/posts/pfbid02NgboWKcPGL83euMob1uTSfg1vmL4JMeGLeGsRpZqH18K9TaAVgingrK4sg6JSH4Jl

၄။ ဝက်သက်ရောဂါ (Measles)
https://www.facebook.com/mohnugmyanmar/posts/pfbid02cLvYfnyD985nJrpRmeFx5QzSVFDiCJwNo2QZQjYFf32aNsWhQxvw4CXErpzxgBtMl

၅။ ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ (Rotavirus Diarrhoea)
https://www.facebook.com/mohnugmyanmar/posts/pfbid035n1oTAVmMKvE85KMtZ8ptGssn7V1ZBmkuLMLPg4LXraARVjdqXEujRpdbp7P54VFl

၆။ မေးခိုင်ရောဂါ (Tetanus)
https://www.facebook.com/mohnugmyanmar/posts/pfbid0yk17gtnZGjUvDRRH5PuDCEuGCCwVbKogJbr4TfpnsGDsPUis1bEFeyhgTBCkcWEKl

၇။ အသည်းရောင်အသားဝါ ဘီ ရောဂါ (Hepatitis B)
https://www.facebook.com/mohnugmyanmar/posts/pfbid0osdzW1B9Sa5iHX9LZBYK7vAzP8vdNbRcsQuwgpdSm8UkPyfcCjDQXnCwfQhLz5i4l

#nugmoh #VPD #HaemophilusinfluenzaeTypeB #Hib #Haemophilusinfluenza

Published on: 24 December 2022
Last Updated: 24 December 2022