Hansen’s disease

အနာကြီးရောဂါ သိကောင်းစရာ (မေလ၊ ၂၀၂၂ ခုနှစ်)

👉 အနာကြီးရောဂါဆိုတာဘာလဲ?

❇️ အနာကြီးရောဂါ (Hansen’s disease) သည် Mycobacterium leprae ဟူသော ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော နာတာရှည်ကူးစက်ရောဂါ တစ်မျိုးဖြစ်သည်။
❇️ ရောဂါကူးစက်ခံရချိန်မှ ရောဂါလက္ခဏာပြသည်အထိ (၁) နှစ်မှ (၅) နှစ်ခန့်အထိ ကြာတတ်သည်။
❇️ အဓိကအားဖြင့် အရေပြား၊ အာရုံကြော၊ အသက်ရှူလမ်းကြောင်းနှင့် မျက်လုံးတို့ကို ထိခိုက်ပျက်စီးစေတတ်သည်။

👉 အနာကြီးရောဂါ ဘယ်လိုကူးစက်တတ်သလဲ?

❇️ ရောဂါရှိသူ၏ အရေပြားအနာများမှ ထွက်သော အရည်များ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ ထွက်သော တံတွေး၊ သလိပ်နှင့် အရည်များမှတစ်ဆင့် အခြားသူများသို့ အရေပြားချင်း ထိတွေ့၍သော်လည်းကောင်း၊ အသက်ရှူလမ်းကြောင်းမှသော်လည်းကောင်း ရောဂါပိုးဝင်ရောက်ကာ ကူးစက်တတ်ပါသည်။
❇️ ကူးစက်ခံရရန် အန္တရာယ်အများဆုံးသူများမှာ ရောဂါရှိသူနှင့် ကြာရှည်စွာ အတူတကွ နေထိုင်ပြုစုပေးသူများ၊ မိသားစုဝင်များနှင့် ကလေးငယ်များ ဖြစ်ပါသည်။
❇️ သာမန် ထိတွေ့နေထိုင်ခြင်းဖြင့် အလွယ်တကူ ကူးစက်နိုင်သော ရောဂါ မဟုတ်ပါ။
❇️ မျိုးရီုးလိုက်သော ရောဂါမဟုတ်ပါ။

👉 အနာကြီးရောဂါ လက္ခဏာတွေကဘာတွေလဲ?

❇️ အရေပြားတွင် အရောင်ဖျော့သော အဖြူကွက်/ အနီကွက်များ၊ အဖု၊ အကျိတ်များ ဖြစ်ပေါ်ခြင်း၊
❇️ အခြား အရေပြားရောဂါနှင့် မတူသော အချက်မှာ ထိ၊ ပူ၊ နာ၊ အေး မသိဘဲ ထုံနေခြင်း၊ ချွေးမထွက်ခြင်း၊ ယားယံမှုမရှိခြင်း၊ အချို့တွင် အကွက်မပေါ်ဘဲ အသားအရေ ပွလာပြီး အဖုအကျိတ်များ ထွက်လာခြင်း၊
❇️ မျက်နှာနှင့် နားရွက်တို့တွင် ထူအမ်းအမ်းဖြစ်ခြင်း၊ ခြေဖမိုး လက်ဖမိုးများ ထုံနေခြင်း၊
❇️ အာရုံကြောများ ထိခိုက်သည့်အတွက် ခြေ၊ လက်၊ မျက်နှာရှိ ကြွက်သားများ အားနည်းခြင်း၊ လှုပ်ရှား မရခြင်း၊
❇️ အနာကြီးရောဂါဖြစ်ပွားလေ့ရှိသော ဒေသများတွင် နေထိုင်သူများသည် ဖော်ပြပါလက္ခဏာများ ရှိ/မရှိ မိမိကိုယ်ကိုယ် မကြာခဏစစ်ဆေးသင့်သည်။

👉 အနာကြီးရောဂါကို ဘယ်လိုကုသနိုင်သလဲ?

❇️ အထက်ပါ ရောဂါလက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပြီး ရောဂါပိုးတွေ့ရှိပါက စောစီးစွာ ဆေးကုသမှုခံယူပါ။
❇️ ဆေးပုံမှန်သောက်ခြင်း၊ စောစီးစွာ ကုသမှုခံယူခြင်းဖြင့် ကိုယ်အင်္ဂါ ချို့ယွင်းခြင်း၊ မသန်မစွမ်းဖြစ်ခြင်းနှင့် အခြားသူတို့ကို ရောဂါကူးစက်ခြင်းတို့မှ ကာကွယ်နိုင်သည်။
❇️ အနာကြီးရောဂါကု ဆေးပေါင်း MDT ခေါ် Multi-drug Therapy ဖြင့် အနာကြီးရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ပါသည်။

👉 References:
1) https://who.int/news-room/fact-sheets/detail/leprosy
2) https://tinyurl.com/webmdleprosyguide

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

  Published on: 26 May 2022
Last Updated: 26 May 2022