Head Injury

ဦးခေါင်းထိခိုက်ဒဏ်ရာ(Head Injury)

ခေါင်းခိုက်မိတာဟာ အရေးပေါ်ဆေးရုံဆေးခန်းကို အများဆုံးလာပြကြတဲ့ အကြောင်းရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဦးခေါင်းခိုက်မိတယ်ဆိုရာမှာ ဦးခေါင်းအရေပြား ( scalp) မှာ အဖုသီးလေးထရုံအသေးစားခိုက်မိတာကနေ ဦးနှောက်အတွင်းသား ပျက်စီးတဲ့အထိပြင်းထန်တဲ့ ထိခိုက်မှုတွေ (serious brain injury)လည်းပါ၀င်ပါတယ်။

အဲလိုပဲ ခေါင်းကို အရာ၀တ္ထုတစ်ခုခုနဲ့ ခိုက်မိ၊ထုမိ၊ဆောင့်မိတဲ့အခါဖြစ်တာ (closed head injury)နဲ့ ဦးခေါင်းကို ဆောင့်မိခိုက်မိတာကနေ ဦးခေါင်းခွံ(skull) ကျိုး/ပွင့်ပြီး ဦးနှောက်ထဲ တစ်ခုခု၀င်သွားတာ (open/ penetrating head injury) [ဥပမာ ကားအက်စီးဒင့်/ သေနတ်ဒဏ်ရာ] စသည်ဖြင့်လည်း အမျိုးအစားခွဲနိုင်ပါတယ်။

🤕 ဒါကြောင့် ခေါင်းခိုက်မိရင်
(၁) ဦးခေါင်းအရေပြား (scalp) ထိခိုက်တာ
(၂) ဦးခေါင်းခွံ (skull) ထိခိုက်တာ
(၃) ဦးနှောက်အသား (brain) ထိခိုက်တာ စသည်ဖြင့် ဖြစ်နိုင်ပါတယ်။
အရေးကြီးဆုံးကတော့ ဦးနှောက်အသားထဲ သွေးထွက် ( intra cerebral hemorrhage) တာနဲ့ ဦးနှောက်အသား ဘေးပတ်လည်မှာ သွေးထွက်တာ ( extra-dural haemorrhage, subdural haemorrhage and subarachnoid hemorrhage)တို့ပဲ ဖြစ်ပါတယ်။

🤕ဘယ်အခါခိုက်မိနိုင်လဲ?

၁)အိမ်မှာ၊ ကျောင်းမှာ၊ အလုပ်မှာ၊ အပြင်မှာ၊ အားကစားပွဲတွေမှာ မတော်တဆဖြစ်တဲ့အခါ
( အဲ့ဒီမှာ သတိထားဖို့မှာလိုတာကတော့ လူကြီးတွေ ချော်လဲတဲ့အခါပဲ ဖြစ်ပါတယ်။ လူကြီးတွေဟာ ချော်လဲလို့ ခေါင်းခိုက်မိတာလား၊ ဦခေါင်းနှောက်သွေးကြော ပေါက် (သို့) ပိတ်ပြီးမှ ဟန်ချက်မထိန်းနိုင် (သို့) သတိလစ်ပြီး လဲကျတာလားဆိုတာ ကွဲပြားနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် လူကြီးတွေနဲ့သွေးကျဲဆေးသောက်နေတဲ့သူတွေ၊ သွေးရောဂါရှိတဲ့သူတွေမှာ လဲရင် မပေါ့ပါနဲ့ အရေးကြီးပါတယ်။ )

(၂) အမြင့်မှ ပြုတ်ကျတဲ့အခါ

(၃) ယာဉ်တိုက်မှုဖြစ်တဲ့အခါ

(၄)သူများက တိုက်ခိုက်တဲ့အခါ (သို့) စစ်ပွဲတွေမှာ မိုင်းမှန်၊ဗုံးထိ၊သေနတ်ဒဏ်ရာရတဲ့အခါတွေ ဖြစ်နိုင်ပါတယ်။

🤕 ခေါင်းခိုက်မိရင် စိုးရိမ်ရလား?

ဦးခေါင်းခိုက်မိတဲ့လူအများစုက မစိုးရိမ်ရပါဘူး။ ဦးခေါင်းခွံ (skull) က ဦးနှောက်အသား(brain)ကို ကာကွယ်ပေးထားလို့ပါ။ အချို့လူနာတွေမှာတော့ ဆေးရုံတက်ပြီး စောင့်ကြည့်ရတာတွေ၊ ခွဲစိတ်တာတွေ လုပ်ရနိုင်ပါတယ်။

🤕 ခေါင်းခိုက်မိရင် ဘာတွေခံစားရနိုင်ပါလဲ?

ခေါင်းခိုက်မိတဲ့အခါ ခေါင်းမကွဲရင်တောင် တစ်ခါတလေမှာ ဦးနှောက်အသား (brain)ကို ရိုက်မိသလို ဖြစ်နိုင်လို့ သတိထားရပါမယ်။ အမြင့်ကပြုတ်ကျတာ၊ ယာဉ်ပေါ်ကလွင့်စင်တာတွေဖြစ်ရင်လည်း ခေါင်းအပြင် ကျောရိုးအာရုံကြောမကြီး ထိခိုက်တာတွေဖြစ်နိုင်လို့ မပေါ့ရပါဘူး။ ခံစားရတဲ့ လက္ခဏာတွေကတော့ ဖြစ်ဖြစ်ချင်း လက္ခဏာပြနိုင်သလို နာရီပြောင်းများစွာကြာပြီး (သို့) ရက်နဲ့ချီကြာပြီးမှ ပြနိုင်ပါတယ်။
အများစုကတော့ ခေါင်းမူးတယ်၊ ခိုက်မိတဲ့နေရာနာတယ်၊ တချို့တလေကတော့ တစ်ကြိမ်လောက်အန်နိုင်ပါတယ်။

🤕 ဘယ်အခါ အရေးကြီးပါလဲ?

ခိုက်မိပြီးတဲ့နောက် လူနာက
(၁) မှိန်းနေ အိပ်ချင်နေရင်
(၂) ပုံမှန်မဟုတ်တာတွေပြုမူပြောဆို/ နားမလည်နိုင်တဲ့စကားတွေ ကယောင်ကတန်းပြောနေရင်
(၃) ခေါင်းအရမ်းထိုးကိုက်ပြီး လည်ပင်းက တောင့်လာရင်
(၄) တက်ရင်
(၅) ခြေလက် တစ်ဖက်ဖက် မလှုပ်ရှားနိုင်တော့ရင်
(၆) ခိုက်မိပြီး ခဏသတိလစ်သွားရင်
(၇) တစ်ကြိမ်မက အန်ရင်
(၈) နှာခေါင်းတို့ နားတို့ကနေ သွေး (သို့) အရည်ကြည်ထွက်လာရင်။
ဒါတွေထဲက တစ်ခုခုဖြစ်တယ်ဆိုရင် အရေးကြီးပါတယ်။ ဆေးရုံဆေးခန်းသွားပြီး ဆရာ၀န်နဲ့ပြသရပါမယ်။

🤕 ခေါင်းခိုက်မိတဲ့လူနာကို တွေ့ရင် ဘာလုပ်ပေးရမလဲ?

🚨မျက်နှာ/ခေါင်းမှာ သွေးအရမ်းထွက်နေလား ?
သို့
🚨လူနာက သတိလစ်/ ဇဝေဇဝါဖြစ်နေလား ?
သို့
🚨အသက်မရှုတော့ဘူးလား ?
သို့
🚨လူနာ ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ်အရ ခေါင်းကို အကြီးအကျယ်ထိခိုက်မယ်/ လည်ပင်းရိုးကို ထိခိုက်မယ်လို့ ထင်ပါသလား?
ဒါတွေဆိုရင်တော့ အရေးပေါ်လူနာတင်ယာဥ်ဖုန်းကို ဆက်လိုက်ပါ။ ဆေးရုံအမြန်ဆုံးပို့ဆောင်ပါ။

အဲလိုအခြေအနေတွေမဟုတ်ခဲ့ရင်တော့
(၁) လူနာကို အခြေအနေကို အရင်ခန့်မှန်းပါ။
– မျက်လုံးဖွင့်လားကြည့်လိုက်ပါ။
– မဖွင့်ရင် အဆင်ပြေလား သတိရလားလို့ အရင်မေးလိုက်ပါ။
– ဒါကိုမှ မဖွင့်ရင် ရင်ညွန့်ကို လက်ဆစ်နဲ့ဖိနှိပ်ပြီး နာအောင်လုပ်ကြည့်ပါ။
– ဒါမှ မဖွင့်ရင်တော့ လူနာက သတိမေ့နေတာပါ။

(၃) လူနာက သတိမရရင်တော့ လည်ပင်းသွေးကြောခုန်နှုန်းလေးကို ပုံ (၁) အတိုင်း စမ်းကြည့်ပါ။ အသက်ရှူမရှူ နှာခေါင်း၀နား လက်ထားကြည့်ပါ။
လူနာရဲ့သွေးခုန်နှုန်းကို စမ်းမိတယ်၊ အသက်ရှုတယ်ဆိုရင်တော့ ကျောရိုးအာရုံကြောမ ခိုက်မိတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူနာရဲ့ လည်ပင်းကို မလှုပ်မိစေဖို့ ခေါင်းကို လက်နှစ်ဘက်နဲ့ ပုံ (၂) အတိုင်းထိန်းထားပေးပါ။ ပြီးရင် ကူညီမယ့်သူ လာတဲ့အထိစောင့်ပါ။

(၃) သွေးထွက်နေတဲ့နေရာတွေ့ရင်အ၀တ်ထူထူနဲ့ဖိထားပေးပါ။ ပထမ အ၀တ်သွေးရွှဲသွားရင် မဖယ်ပါနဲ့ နောက်အ၀တ်တခုကို အပေါ်က ထပ်တင်ပြီး ဆက်ဖိထားပေးပါ။

(၄) ခေါင်းကွဲတယ်လို့ယူဆရင်တော့ သွေးထွက်တဲ့နေရာတည့်တည့်ကို တိုက်ရိုက်မဖိပါနဲ့။ အဲ့နေရာက အမှိုက်စဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဘာမှ မဖယ်ပါနဲ့။ ဖြစ်နိုင်ရင် ပေါင်းထားတဲ့ ပတ်တီးစ ထူထူလေး ခံပြီး ခေါင်းကို ပတ်တီး စီးပေးထားပါ။

(၅) လူနာ အန်ရင် အန်ဖတ် မစို့အောင်၊ မသီးအောင် လူနာကို ပုံ (၅)အတိုင်း ဘေးစောင်းပေးပါ။ အဲဒီအခါမှာ လည်ပင်းမလိမ်သွားဖို့ ခေါင်း၊လည်ပင်း၊ကိုယ်လုံးတို့ကို သစ်တုံးလှိမ့်သလို ပုံ (၃-၄) အတိုင်းကိုင်ပြီးတပြိုင်တည်း လှည့်ရပါမယ်။ ကလေးတွေမှာလည်း ခေါင်းခိုက်မိပြီးရင် တစ်ကြိမ်တော့ အန်တတ်ပါတယ်။ စိုးရိမ်စရာတော့မရှိပေမယ့် အပေါ်မှာဖော်ပြထားတဲ့ အရေးကြီးအခြေအနေတွေကို စောင့်ကြည့်ရပါမယ်။ ဒါမှ တစ်ခုခုဆို ဆေးရုံဆေးခန်း အမြန်ပြနိုင်ဖို့ပါ။

၆။ ဖူးရောင်နေတဲ့နေရာရှိရင် အ၀တ်စခံပြီး ရေခဲကပ်နိုင်ပါတယ်။

🤕 ခေါင်းခိုက်မိတဲ့လူနာတွေ့ရင် ဘာတွေ ရှောင်ရမလဲ ?

❌ သွေးတအားထွက်သော ခေါင်းဒဏ်ရာ (သို့) နက်သောဒဏ်ရာတွေကို မိမိဘာသာ မဆေးပါနဲ့။
❌ ဒဏ်ရာမှာ ကပ်နေ စိုက်နေတဲ့ ဘယ်အရာကိုမှ မဖယ်ပါနဲ့။
❌ လူနာကို မလိုအပ်ပဲ ရွှေ့တာ လှုပ်တာ မပြုလုပ်ပါနဲ့။
❌ လူနာ ဇဝေဇဝါဖြစ်နေချိန်မှာ လူနာကို ကိုင်လှုပ်ခြင်း မပြုပါနဲ့။
❌ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားရင် မချွတ်ပါနဲ့။
❌ အမြင့်ပေါ်က ပြုတ်ကျတဲ့ကလေးကို ကောက်မချီပါနဲ့။
❌ခေါင်းကို ပြင်းပြင်းထန်ထန်ခိုက်မိပြီး ၄၈နာရီအတွင်း အရက်မသောက်ပါနဲ့။

ယခုအနေအထားလောက်ဆိုရင် ခေါင်းခိုက်မိရင် ဘာတွေလုပ်ရမယ်၊ မလုပ်ရဘူး။ ဘာတွေစောင့်ကြည့်ရမယ်။ ဘယ်အခါ ဆေးရုံသွားဖို့လိုတယ်ဆိုတာတွေကို သိရှိနားလည်လောက်မယ်လို့မျှော်လင့်ပါတယ်။
ပြည်သူများအနေနဲ့လည်း ကျန်းမာရေး ၀န်ထမ်းမဟုတ်ခဲ့ရင်တောင် မိမိအနီး၀န်းကျင်မှာရှိတဲ့ ခေါင်းခိုက်မိသူများကို တစ်တပ်တအား ဝိုင်း၀န်းကူညီပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

Reference
Encyclopedia, M. and aid, H., 2022. Head injury – first aid: MedlinePkus Medical Encyclopedia. [online] MedlinePkus.gov. Available at: <https://medlineplus.gov/ency/article/000028.htm>

👉 နွေဦးဆေးခန်းတွင် ဆေးခန်းပြသရန်
( အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ )

အရိုး၊ အရွတ်၊ အကြောအဆစ်၊ ကြွက်သားဆိုင်ရာရောဂါများအတွက်
– ည ၈နာရီ မှ ည ၁၁နာရီအထိ

ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆိုင်ရာရောဂါများအတွက်
– မနက် ၈နာရီ မှ မနက် ၁၁နာရီအထိ

ကြိုတင်ဘိုကင်ယူရန်အတွက်( https://nwayooclinic.com/ )ကို နှိပ်ပါ

Ministry of Health.

National Unity Government.

Published on: 16 May 2022
Last Updated: 16 May 2022