“Health Tips for Children” (August 2023)

ငယ်စဥ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုမူနေထိုင်တတ်ဖို့ရယ်၊ ကလေးငယ်တွေကို ပုံလေးတွေပြပြီး အလွယ်တကူ ဖတ်ပြနိုင်ဖို့ရယ်အတွက် ယခုပိုစ့်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

မင်္ဂလာပါ သားသား မီးမီးတို့​ရေ…

အန်တီက တယ်လီကျန်းမာက က​လေးအထူးကုဆရာဝန်ပါ။

တယ်လီကျန်းမာရဲ့ စာတွေကို ဖတ်ထဲသူတွေထဲမှာ လူကြီး​တွေတင်မက ပရိသတ်ပိစိ​လေး​​​တွေလည်း ရှိမယ်လို့ ထင်ပါတယ်နော်။ ဒါ့​ကြောင့် အန်တီက သားသားတို့ မီးမီးတို့ဆီ စာ​ရေးလိုက်တာပါ။ သားတို့သမီးတို့အတွက် ကျန်းမာ​ရေးဗဟုသုတ​လေး​တွေ ​ပြောပြချင်လို့ပါ။

သားတို့သမီးတို့ သန့်သန့်ရှင်းရှင်း​နေမှ ​ရောဂါပိုး​တွေမဝင်ဘဲ ကျန်းမာကြမှာဆို​တော့ အရင်ဆုံး တစ်ကိုယ်ရေသန့်ရှင်း​ရေးအ​ကြောင်း ​ပြောကြရ​အောင်နော်။ အခု အန်တီ​ပြောပြမယ့်ထဲမှာ သိပြီးသား၊ လုပ်​နေပြီးသားတွေလည်း ပါရင်ပါမှာ​ပေါ့​…

ကဲ အရင်ဆုံး လက်​ဆေးတာနဲ့ စကြရ​အောင်။

ဘယ်အချိန်​တွေမှာ လက်​ဆေးရမလဲဆိုတာ အရင်ဆုံးပြောပြမယ်နော်….

• အစားမစားခင်

• အိမ်သာကအထွက်

• ​ခွေးက​လေး​တွေ၊ ​ကြောင်က​​လေးတွေနဲ့ ကစားပြီးတဲ့အချိန်

• ​အိမ်ပြင်ဘက်မှာ ​ဆော့ကစားပြီးတဲ့ အချိန်

• ​ချောင်းဆိုး၊ နှာ​ချေ၊ နှပ်ညှစ်ပြီးတဲ့အချိန်

• လက်​တွေ ​ညစ်ပတ်​ပေကျံ​နေတဲ့အချိန်

ဒီလိုအချိန်​တွေတိုင်းမှာ လက်ကို ​ရေနဲ့ဆပ်ပြာနဲ့ ​သေချာ​ဆေးရပါမယ်​။

..

..

နောက်ပြီးတော့…

– လက်သည်း၊ ​ခြေသည်း​လေး​တွေကိုလည်း ပုံမှန်ညှပ်ပြီး ​ချေး​ညှော်တွေမဝင်​အောင် ဂရုစိုက်ရပါမယ်​။

– သားတို့သမီးတို့ ​ချောင်းဆိုးရင်၊ နှာ​ချေရင် တစ်သျှူးစက္ကူ (ဒါမှမဟုတ်) တံ​တောင်ဆစ်​ကွေးနဲ့ အုပ်ထားရပါမယ်​နော်။ ဒါမှ သူများ​တွေကို ​ရောဂါ​တွေ မကူးမှာ​လေ…..

(လက်နဲ့လည်း မအုပ်ရဘူး​နော်)

– ​​ရေကို တ​စ်နေ့တစ်ခါ ပုံမှန်ချိုးပြီး အဝတ်အစား​တွေ အထူးသဖြင့် အတွင်းခံ​တွေကို တစ်​နေ့တစ်ခါ လဲဝတ်ရပါမယ်။ ​ခေါင်းကို​တော့ တစ်ပတ်မှာ တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ​လျှော်ရပါမယ်။

– မနက် အိပ်ရာကထတာနဲ့ မျက်နှာသစ်၊ သွားတိုက်ကြရမယ်​နော်။ ည အိပ်ရာဝင်ခါနီးရင်လည်း သွားတိုက်ကြရမယ်။ ဒါမှ သွား​ပိုးမစားဘဲ သွား​လေး​တွေ လှ​နေမှာ​။ ​နောက်တစ်​ခေါက်ကျရင် သွားတိုက်ပုံတိုက်နည်း​​လေး ​ပြောပြမယ်​နော်…

ကဲ ဒီတစ်​ခေါက်တော့ ဒီ​လောက်ပဲ​နော်။ ​​နောက်မှ ပြန်​တွေ့ကြမယ်။

ကျန်းမာ​ပျော်ရွှင်ကြပါ​စေ စူပါဟီးရိုး​လေး​တို့​ရေ….။

Ministry of Health,
National Unity Government.

Published on: 18 August 2023
Last updated: 18 August 2023