ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာ – ကောင်းမွန်စွာစားသောက်ရန်အတွက် အဓိကအချက်များ (အောက်တိုဘာလ၊ ၂၀၂၃ ခုနှစ်)
🍉 မေးခွန်းများ
၁။ မိခင်နို့စို့သော ကလေးငယ်များအတွက် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာမှာ မည်သည့်အစားအစာနည်း။
၂။ ကလေးငယ်များကို အဘယ်ကြောင့် မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်သနည်း။
၃။ အမျိုးအမယ်စုံသော အစားအစာများစားသုံးရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၄။ ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများ ကြွယ်ဝစွာစားသုံးခြင်း၏ အကျိုးကျေးဇူးများမှာ မည်သည့်အရာများဖြစ်သနည်း။
၅။ ဆီနှင့် အဆီကို အတန်အသင့် စားသုံးခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ပါသလား။
၆။ ဆားနှင့် သကြားစားသုံးမှုကို မည်သို့လျှော့ချနိုင်မည်နည်း။
🍉 အဖြေများ
၁။ မိခင်နို့စို့သော ကလေးငယ်များအတွက် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာမှာ မည်သည့်အစားအစာနည်း ❓
မွေးစမှ အသက်(၆) လအထိ ကလေးငယ်များကို (အခြားမည်သည့် အစားအစာ၊ ရေနှင့် အရည်မျှ မတိုက်ကျွေးဘဲ) မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပါ။ ကလေးဆာသည့် အချိန်တိုင်း (နေ့ရောညပါ) မကြာခဏ မိခင်နို့တိုက်ကျွေးပါ။
ကလေးအသက် (၆) လ ပြည့်ပါက ဖြည့်စွက်စာအနေဖြင့် အန္တရာယ်ကင်းပြီး အာဟာရပြည့်ဝသော အမယ်စုံ အစားအစာများကို အစပျိုးကျွေးပြီး မိခင်နို့ကို အနည်းဆုံး ကလေးအသက် (၂) နှစ် အထိ ဆက်လက်တိုက်ကျွေးပါ။
ကလေးငယ်များအတွက် အစားအစာများတွင် ဆားနှင့်သကြားကို အပိုဆောင်းထည့်ကျွေးခြင်း မပြုရပါ။
၂။ ကလေးငယ်များကို အဘယ်ကြောင့် မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်သနည်း ❓
မိခင်နို့တွင် အသက် (၆) လအောက်အရွယ် ကလေးငယ်အတွက် ကျန်းမာစွာကြီးထွားဖွံ့ဖြိုးစေရန် လိုအပ်သော အဟာရများနှင့် ရေဓာတ်တို့ လုံလောက်စွာပါဝင်သည်။ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးသော (၆) လအောက်အရွယ် ကလေးငယ်များသည် ဝမ်းပျက်ဝမ်းလျှောခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းနှင့် နားပိုးဝင်ခြင်းစသည့် ကလေးငယ်များတွင် အဖြစ်များသော နာမကျန်းမှုများကို ပို၍ခံနိုင်ရည်ရှိသည်။ မိခင်နို့စို့ခဲ့ရသော ကလေးငယ်များသည် လူကြီးဘဝတွင် ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းတို့အပြင် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းစသည့် မကူးစက်တတ်သော ရောဂါများ ဖြစ်နိုင်ခြေနည်းပါသည်။
၃။ အမျိုးအမယ်စုံသော အစားအစာများစားသုံးရန် အဘယ်ကြောင့် အရေးကြီးသနည်း ❓
သဘာဝအတိုင်း (မပြုပြင်ထားသည့်) လတ်ဆတ်သော အစားအစာများကို အမယ်စုံအောင် စားသုံးခြင်းဖြင့် ကလေးများနှင့် လူကြီးများအတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ်များကို လုံလောက်စွာ ရရှိစေပါသည်။ ထိုသို့ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းနှင့် မကူးစက်တတ်သော ရောဂါများကို ဖြစ်စေသည့် အချို၊ အဆီနှင့် အငန်လွန်ကဲသော အစားအစားများကို စားသုံးမိခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။
ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် အစားအစာစားသုံးခြင်းသည် ကလေးငယ်များ၏ ဖွံ့ဖြိုးမှုအတွက် အထူးအရေးကြီးပါသည်။ လူကြီးများအတွက်လည်း ပိုမိုကျန်းမာ၍တက်ကြွသောဘဝကိုရရှိစေပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အခြေခံအစားအစာများ (ဥပမာ- ဂျုံ၊ ပြောင်း၊ မုယော စသည့် ကောက်နှံများ သို့မဟုတ် အာလူး၊ ကန်စွန်းဥ၊ ဝဥ၊ ပိန်းဥ၊ ပီလောပီနံ စသည့် ကစီဓာတ်ကြွယ်ဝသော သစ်ဥသစ်ဖုများ)၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများနှင့် တိရစ္ဆာန်မှရသောအစားအစာများ (ဥပမာ- အသား၊ ငါး၊ ဥ၊ နို့) စသည့် အစားအစာအမျိုးမျိုးကို စုံလင်စွာ စားသုံးရန် အကြံပြုထားသည်။
၄။ ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများ ကြွယ်ဝစွာစားသုံးခြင်း၏ အကျိုးကျေးဇူးများမှာ မည်သည့်အရာများဖြစ်သနည်း ❓
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို စုံစုံလင်လင် စားသုံးရန် အကြံပြုထားသည်။ အဆာပြေစာအဖြစ် သကြား၊ ဆီနှင့် ဆား ပါဝင်မှုများသော အစားအစာများထက် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံ အစိမ်းများကို ရွေးချယ်စားသုံးသင့်ပါသည်။
အကျက်လွန်အောင်ချက်ထားသော ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများတွင် အရေးကြီးသော ဗီတာမင်ဓာတ်များ လျော့သွားသောကြောင့် အကျက်လွန်အောင် ချက်ပြုတ်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ စည်သွတ်ထားသော သို့မဟုတ် အခြောက်ခံထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို စားသုံးပါက အပိုဆောင်း ဆားနှင့်သကြား မပါဝင်သော အမျိုးအစားကို ရွေးချယ်သင့်ပါသည်။
ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများသည် ဗီတာမင်၊ သတ္ထုဓာတ်၊ အမျှင်ဓာတ်၊ အပင်မှရသော အသားဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သော အဓိကအရင်းအမြစ်များ ဖြစ်သည်။ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ ကြွယ်ဝစွာစားသုံးသူများသည် အဝလွန်ခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုနှင့် အချို့သောကင်ဆာရောဂါများ ဖြစ်နိုင်ခြေ သိသာစွာ နည်းပါးသည်။
၅။ ဆီနှင့် အဆီကို အတန်အသင့် စားသုံးခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ပါသလား ❓
ဆီနှင့် အဆီတို့ကို အတန်အသင့်စားသုံးခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်သော အစာစားသုံးမှုပုံစံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
ဆီနှင့်အဆီတို့တွင် အင်အားဓာတ် သိပ်သည်းစွာပါဝင်သဖြင့် ဆီနှင့်အဆီကို အလွန်အကျွံ စားသုံးပါက အထူးသဖြင့် ကျန်းမာရေးနှင့် မညီညွတ်သော အဆီများကို စားသုံးပါက ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ဥပမာ- ပြည့်ဝဆီနှင့် အသွင်ပြောင်းဆီများကို အလွန်အကျွံစားသူများသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ ပိုများပါသည်။
အသွင်ပြောင်းဆီများကို အချို့သော အသားများနှင့် နို့ထွက်ပစ္စည်းများတွင် သဘာဝအားဖြင့် တွေ့ရတတ်သော်လည်း စက်ရုံထုတ် ဆီများ (ဥပမာ- အုန်းဆီ၊ စားအုန်းဆီ၊ မာဂျရင်း (margarine) ကဲ့သို့ ဟိုက်ဒရိုဂျင်ပါဝင်သည့် ဆီများ) တွင် အသွင်ပြောင်းဆီများ အဓိကပါဝင်သည်။
ပြည့်ဝဆီ/ တိရစ္ဆာန်မှရသော ဆီ (ဥပမာ- အုန်းဆီ၊ စားအုန်းဆီ၊ ထောပတ်၊ ဂီးထောပတ်၊ ဝက်ဆီ) များအစား မပြည့်ဝသော ဆီ/ဟင်းရွက်ဆီ (ဥပမာ- သံလွင်ဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီ၊ ပြောင်းဆီ) များကို ရွေးချယ်စားသုံးပါ။
ဖြစ်နိုင်ပါက အနီရောင်ရှိသော အသားများအစား အဆီဓာတ်နည်းသည့် စားသုံးရန် မွေးမြူထားသော ကြက်၊ ဘဲနှင့် ငါးများကို ရွေးချယ်ပါ။ အဆီနှင့် ဆား ပါဝင်မှုများသောကြောင့် ပြုပြင်ထားသော အသားများကို အနည်းအကျဥ်းသာ စားသုံးပါ။ အဆီနည်းသော သို့မဟုတ် အဆီထုတ်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများကို တတ်နိုင်သမျှ ရွေးချယ်စားသုံးပါ။ အသွင်ပြောင်းဆီ ပါဝင်သည့် ပြုပြင်ထားသော၊ ကင်ထားသော၊ ကြော်ထားသော အစားအစာ (ဥပမာ- အာလူးချောင်းကြော်၊ KFC/ McDonald’s ကြက်ကြော်) များကို ရှောင်ကြဉ်ပါ။
၆။ ဆားနှင့် သကြားစားသုံးမှုကို မည်သို့လျှော့ချနိုင်မည်နည်း ❓
ဆားအပါအဝင် ဆိုဒီယမ် များများစားသူများသည် သွေးတိုးရောဂါ ဖြစ်နိုင်ခြေများပြီး ထိုမှတစ်ဆင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ ပိုများပါသည်။ ထို့အတူပင် သကြားနှင့် အချို များများစားသူများတွင် ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းနှင့် သွားပိုးစားခြင်းတို့ ဖြစ်နိုင်ခြေ ပိုများပါသည်။ သကြား လျှော့စားသူများသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့ မကူးစက်တတ်သော ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါသည်။
အစားအစာများ ပြင်ဆင်ချက်ပြုတ်ရာတွင် ဆားနှင့် ဆိုဒီယမ်များသော ဟင်းခတ်များ (ဥပမာ- အသားမှုန့်၊ ပဲငံပြာရည်၊ ငါးငံပြာရည်) ကို လျှော့သုံးပါ။ ဆားနှင့် သကြား ပါဝင်မှုများသည့် မုန့်ပဲသွားရည်စာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
အချိုရည်များ၊ ဆိုဒါနှင့် သကြားပါဝင်မှုများသည့် အချိုရည်များ (ဥပမာ- အသင့်ဖျော်ထားသော အသီးဖျော်ရည်များ၊ အချိုရည်၊ အနံ့အရသာ ထည့်ထားသော နို့နှင့် ဒိန်ချဥ်များ) သောက်သုံးခြင်းကို လျှော့ပါ။ ကွတ်ကီး၊ ကိတ်နှင့် ချောကလက် စသည့် မုန့်အချိုများအစား လတ်ဆတ်သော သစ်သီးများကို ရွေးချယ်စားသုံးပါ။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Source:
https://www.who.int/news-room/questions-and-answers/item/healthy-diet-keys-to-eating-well
#nugmoh #nutrition #HealthyDiet #eating #food #diet
Ministry of Health,
National Unity Government.

Published on: October 3, 2023.
Last updated: October 3, 2023.