အပူဒဏ်နှင့် သင့် ကျန်းမာရေး (ဧပြီလ၊ ၂၀၂၃ ခုနှစ်)
☀️ အဓိကအချက်များ
🔴 ရာသီဥတုပြောင်းလဲခြင်းကြောင့် အပူဒဏ်ခံစားရသော လူဦးရေ တိုးပွားလျက်ရှိပြီး ရှေ့ဆက် တိုးပွားနေမည်ဖြစ်သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် အပူချိန် ဆိုးဆိုး၀ါး၀ါးပြောင်းလဲမှုဖြစ်စဥ် ဖြစ်ပွားသည့် အကြိမ်ရေ၊ ကာလနှင့် ပြင်းထန်မှုပမာဏ မြင့်တက်လာသည်ကို တွေ့မြင်နေရပါသည်။
🔴 အပူလှိုင်းတစ်ခုသည် ရက်သတ္တပတ်များစွာ ကြာမြင့်တတ်ပြီး ဆင့်ကာဆင့်ကာဖြစ်သောကြောင့် သေဆုံးနှုန်း သိသိသာသာများသည်။ (၂၀၀၃) ခုနှစ်တွင် ဥရောပ၌ ဇွန် – သြဂုတ်အပူလှိုင်းကြောင့် လူပေါင်း (၇၀,၀၀၀) သေဆုံးခဲ့ပြီး (၂၀၁၀) ခုနှစ်တွင် ရုရှား၌ ဖြစ်သော ၄၄ ရက်ကြာ အပူလှိုင်းကြောင့် လူပေါင်း (၅၆,၀၀၀) သေဆုံးခဲ့သည်။
🔴 ပြင်းထန်အပူဒဏ်သည် လူ့ခန္ဓာကိုယ်အပေါ် အမျိုးမျိုးသော ဇီဝကမ္မသက်ရောက်မှုဖြစ်ပြီး ရှိရင်းစွဲအခြေအနေများကို ပိုမိုဆိုးရွားစေကာ အရွယ်မတိုင်ခင် သေဆုံးခြင်းနှင့် မသန်စွမ်းခြင်းကို ဖြစ်စေပါသည်။
🔴 အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်မှုများမှာ ကြိုတင်တွက်ဆနိုင်ပြီး ပြည်သူ့ကျန်းမာရေးလုပ်ဆောင်ချက်များဖြင့် ထိရောက်စွာ ကာကွယ်နိုင်ပါသည်။
☀️ ခြုံငုံသုံးသပ်ချက်
ရာသီဥတုပြောင်းလဲမှုကြောင့် တစ်ကမ္ဘာလုံးအပူချိန်၊ အပူလှိုင်းဖြစ်ပွားနှုန်းနှင့် ပြင်းထန်မှုသည် (၂၁) ရာစုတွင် မြင့်တက်လာသည်။ နေ့၊ ညအပူချိန် ကြာရှည်မြင့်တက်ခြင်းဖြင့် ခန္ဓာကိုယ်ဇီဝကမ္မဆိုင်ရာ ဖိစီးမှုတိုးလာပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါများအပါအဝင် တစ်ကမ္ဘာလုံး သေဆုံးမှုနှုန်းကို ပိုမိုဆိုးရွားစေသည်။ အပူလှိုင်းသည် အချိန်တိုအတွင်း လူဦးရေအများအပြားကို ထိခိုက်စေနိုင်ပြီး တစ်ခါတစ်ရံ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအထိ ဖြစ်စေကာ သေနှုန်းမြင့်မားခြင်းနှင့် နောက်ဆက်တွဲ လူမှုစီးပွားသက်ရောက်မှုများ (ဥပမာ – လုပ်ငန်းခွင်စွမ်းဆောင်ရည်နှင့် ထုတ်လုပ်မှုဆုံးရှုံးခြင်း) ထိ ဖြစ်စေနိုင်သည်။ အပူလှိုင်းနှင့် ယှဥ်တွဲဖြစ်ပေါ်တတ်သော စွမ်းအင်မလုံလောက်မှုကြောင့် ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရေပေးဝေမှုဆိုင်ရာ အခြေခံအဆောက်အဦးများတွင် လျှပ်စစ်ပြတ်တောက်သဖြင့် ကျန်းမာရေးဝန်ဆောင်မှု စွမ်းဆောင်ရည် ကျဆင်းစေသည်။
အပူလှိုင်းနှင့် အပူဒဏ်ကြာရှည်ထိတွေ့မှုကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်း လူထုအသိပညာပေးများ ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်။ ကျန်းမာရေးပညာရှင်များအနေဖြင့် အပူဒဏ်ဆက်စပ်ကျန်းမာရေးပြဿနာများအတွက် တင်ကြိုပြင်ဆင်ခြင်းနှင့် စီမံချက်များချမှတ်ခြင်းကို လုပ်ဆောင်ရပါမည်။ လူတစ်ဦးချင်းမှသည် ရပ်ရွာလူထု၊ အစိုးရနှင့် လူမှုအဖွဲ့အစည်းများ သက်ဆိုင်ရာအဆင့်အလိုက် လက်တွေ့ကျလျော်ညီသည့် စီမံချက်များ လုပ်ဆောင်ခြင်းဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါသည်။
☀️ ဘယ်သူတွေအပေါ် သက်ရောက်မှုရှိမလဲ။
ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်မားလာခြင်းသည် လူသားအားလုံးအပေါ် သက်ရောက်မှုရှိသည်။ သို့သော် အချို့သော သူတို့တွင် ဇီဝကမ္မဆိုင်ရာ ဖွဲ့စည်းမှုအရ (သို့မဟုတ်) လူမှုစီးပွားအခြေအနေအရ အပူဒဏ်စပ်ဆက် နာမကျန်းမှုနှင့် သေဆုံးနိုင်ခြေများမှုတို့ကို ပိုမိုထိတွေ့ခံစားရပါသည်။ ၎င်းတို့ထဲတွင် အသက်အရွယ်ကြီးသူများ၊ မွေးကင်းစနှင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ ကာယလုပ်သားများ၊ အားကစားသမားများနှင့် အခြေခံလူတန်းစားများ ပါဝင်သည်။ ကျား၊မ လိင် အမျိုးအစားပေါ်မူတည်၍ အပူဒဏ်သက်ရောက်မှုခံနိုင်ရည် ကွာခြားနိုင်သေးသည်။
☀️ အပူဒဏ်သည် ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နိုင်သလဲ။
လူ့ခန္ဓာကိုယ်သည် ပြင်ပပတ်ဝန်းကျင်မှ လာသော အပူနှင့် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဥ်မှ ထွက်သော အပူ ဟူ၍ ရှိသည်။ ပုံမှန်ထက် ပိုပူသော အခြေအနေကို ထိတွေ့ရလျှင် အပူချိန် လျင်မြန်စွာမြင့်တက်လာပြီး ခန္ဓာကိုယ်၏ အပူချိန်ထိန်းသိမ်းမှုလုပ်ငန်းစဉ်ကို ယိုယွင်းစေသောကြောင့် ကြွက်တက်ခြင်း၊ အပူကြောင့် နွမ်းနယ်ခြင်း၊ လေဖြတ်ခြင်း၊ အပူလွန်ကဲခြင်းစသည့် နာမကျန်းမှုများကို ခံစားရနိုင်ပါသည်။
အပူဒဏ်ကြောင့် ဆေးရုံတင်သည့်နေ့တွင်ပင် အသက်ဆုံးရှုံးရသည်အထိ မြန်ဆန်နိုင်သကဲ့သို့ ရက်ပေါင်းများစွာ ခံစားရပြီးမှ သေဆုံးခြင်းလည်း ဖြစ်နိုင်ပြီး အထူးသဖြင့် အပူလှိုင်းအစပြုသည့်ရက်များတွင် ကျန်းမာရေး ဆိုးဝါးမှုများ၊ သေဆုံးနှုန်းမြင့်ခြင်းများ သိသာစွာတွေ့ရှိရသည်။ ရာသီအလိုက် ပျမ်းမျှအပူချိန် အနည်းငယ်ပြောင်းလဲခြင်းသည်ပင်လျှင် နာမကျန်းဖြစ်မှုနှင့် သေဆုံးနှုန်း တိုးလာစေနိုင်သည်။ အပူအအေးလွန်ကဲမှုကြောင့် နာတာရှည်ကျန်းမာရေးပြဿနာများဖြစ်သည့် နှလုံးနှင့် သွေးကြောရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ဦးနှောက်သွေးကြောရောဂါနှင့် ဆီးချိုရောဂါ အစရှိသည်ကို ပိုမိုဆိုးရွားစေနိုင်သည်။
အပူဒဏ်သည် ကျန်းမာရေးအပေါ် အရေးကြီးသည့် အခြားသက်ရောက်မှုများလည်း ရှိသည်။ အပူချိန်ကြောင့် လူတို့၏ အပြုအမူ၊ ရောဂါကူးစက်ပုံ၊ ကျန်းမာရေးဝန်ဆောင်မှု၊ လေထုအရည်အသွေး နှင့် အရေးကြီးသည့် လူနေမှုအခြေခံဖြစ်သော စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် ရေအရင်းအမြစ်တို့အပေါ် သက်ရောက် ပြောင်းလဲစေနိုင်သည်။ အပူဒဏ်ကြောင့် ကျန်းမာရေးအပေါ် မည်မျှ သက်ရောက်သည်ဆိုသည့် အတိုင်းအတာနှင့် သဘာဝသည် အပူပြောင်းလဲမှုဖြစ်စဥ်၏ ချိန်ကိုက်ဖြစ်မှု၊ ပြင်းထန်ပမာဏနှင့် ကြာချိန်၊ ဒေသခံလူထု၏ နေသားတကျဖြစ်နိုင်မှုနှင့် ရာသီဥတုနှင့်အညီ အလိုက်သင့်ပြောင်းလဲနိုင်စွမ်း၊ အခြေခံအဆောက်အအုံနှင့် အဖွဲ့အစည်းတို့အပေါ် မူတည်သည်။ အန္တရာယ်ဖြစ်စေနိုင်သည့် အပူချိန်မှတ်ဆိုသည်မှာ နေရာဒေသအလိုက် ကွဲပြားနိုင်ပြီး ဒေသတစ်ခု၏ လေထုစိုထိုင်းဆ၊ လေတိုက်နှုန်း၊ ရပ်ရွာနေလူထု၏ နေသားတကျဖြစ်မှုနှင့် အပူချိန်ပြောင်းလဲမှုအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားမှုပေါ် မူတည်ပါသည်။
☀️ လူထုက ဘာတွေ ပြင်ဆင်လုပ်ဆောင်သင့်သလဲ။
🔴 အိမ်ကို အေးမြအောင်ထားပါ။
🔆 မိမိနေထိုင်သော နေရာကို အပူချိန် သမမျှတအောင် ထားပါ။ အခန်းအပူချိန်ကို မနက် ၈ နာရီနှင့် ၁၀ နာရီအတွင်း၊ နေ့လယ် ၁ နာရီနှင့် ည ၁၀ နာရီနောက်ပိုင်း စစ်ဆေးပါ။ အခန်းအပူချိန်ကို နေ့အချိန်တွင် (၃၂) ဒီဂရီစင်တီဂရိတ်အောက်နှင့် ညအချိန်တွင် (၂၄) ဒီဂရီစင်တီဂရိတ်အောက်တွင် ထားနိုင်ပါက အကောင်းဆုံးဖြစ်သည်။ ၎င်းအပူချိန်သည် မွေးကင်းစကလေးငယ်များ၊ အသက် (၆၀) နှစ် အထက်လူကြီးများနှင့် နာတာရှည်ရောဂါရှိသူများအတွက် အထူးအရေးကြီးသည်။
🔆 ညအချိန် သဘာ၀လေသည် အိမ်တွင်းအပူချိန်လျော့နည်းစေရန် အသုံးဝင်သည်။ ပြင်ပလေအေးသည့် ညအချိန်နှင့် မနက်စောစောတွင် (လုံခြုံရေးစိတ်ချရသည့် အခြေအနေဆိုလျှင်) အိမ်ရှိ ပြတင်းပေါက်နှင့် လိုက်ကာများကို ဖွင့်ထားပါ။
🔆 တိုက်ခန်း သို့မဟုတ် အိမ်အတွင်းရှိ အပူပမာဏကို လျှော့ချပါ။ နေ့အချိန် နေပူရှိန် တိုက်ရိုက်ကျရောက်သော အိမ်ဖြစ်လျှင် ပြတင်းပေါက်နှင့် လိုက်ကာများ ပိတ်ထားပါ။ မီးသီးမီးချောင်းနှင့် လျှပ်စစ်ပစ္စည်းများကို ဖြစ်နိုင်သရွေ့ ပိတ်ထားပါ။
🔆 မနက်ခင်း သို့မဟုတ် နေ့လယ်နေ ရနိုင်သည့် ပြတင်းပေါက်များတွင် နေကာ၊ ခန်းဆီးနှင့် တရုတ်ကတ်များ တပ်ဆင်ထားပါ။
🔆 အခန်းတွင်းရှိလေ အေးမြစေရန် အဝတ်ရေစွတ်ပြီး ကာထားပါ။ ထိုအချိန်တွင် အခန်းတွင်းရှိ လေ၏ စိုထိုင်းဆမြင့်တက်မည်ကို သတိပြုပါ။
🔆 နေအိမ်၌ အဲယားကွန်းတပ်ဆင်ထားပါက တံခါးနှင့် ပြတင်းပေါက်များ ပိတ်ထားခြင်း၊ မလိုအပ်သော လျှပ်စစ်ပစ္စည်းများ ပိတ်ထားခြင်းတို့ဖြင့် ရပ်ရွာအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်နိုင်ခြင်းကို လျှော့ချထိန်းသိမ်းပါ။
🔆 လျှပ်စစ်ပန်ကာများသည် အပူချိန်လျော့ကျစေသော်လည်း (၃၅) ဒီဂရီစင်တီဂရိတ်အထက် ဖြစ်ပါက အပူဒဏ်ကြောင့်ဖြစ်သော နာမကျန်းမှုများကို မကာကွယ်နိုင်ပါ။
🔆 အရည်များများ သောက်သုံးရန် အရေးကြီးပါသည်။
🔴 အပူဒဏ် ရှောင်ပါ။
🔆 အထူးသဖြင့် ညအချိန်တွင် အိမ်ရှိ အအေးဆုံးအခန်းတွင် နေထိုင်ပါ။
🔆 အိမ်ကို အေးမြအောင်ထားရန် မဖြစ်နိုင်ပါက နေ့အချိန်တွင် အေးမြသောနေရာ၌ (၂ – ၃) နာရီခန့် သွားရောက်နေထိုင်ပါ။ (ဥပမာ အရိပ်ရ၊ အေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာများ၊ အဲယားကွန်းရှိသော အများပြည်သူအဆောက်အဦးများ)
🔆 နေ့ခင်း အပူဆုံးအချိန်များတွင် အပြင်ထွက်ခြင်း ရှောင်ကြဥ်ပါ။
🔆 ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ရှောင်ကြဥ်ပါ။ မဖြစ်မနေ လုပ်ရမည်ဆိုပါက နေ့တစ်နေ့တွင် အအေးဆုံးအချိန်ဖြစ်သည့် မနက် (၄) နာရီနှင့် (၇) နာရီအတွင်း လုပ်ပါ။
🔆 အရိပ်အောက်တွင် နေထိုင်ပါ။
🔆 ရပ်ထားသော ယာဥ်ပေါ်၌ ကလေးငယ်နှင့် တိရစ္ဆာန်များကို မထားခဲ့ပါနှင့်။
🔴 ခန္ဓာကိုယ်ကို အေးမြစေပြီး ရေဓာတ်ဖြည့်ပါ။
🔆 ရေအေးဖြင့် ရေချိုးပါ။ ရေခဲအိတ် ကပ်ခြင်း၊ ရေစိုပဝါနှင့် ရေပတ်တိုက်ခြင်း၊ ခြေထောက်ရေစိမ်ခြင်းတို့လည်း လုပ်နိုင်သည်။
🔆 ပေါ့ပါးချောင်ချိသော ချည်သားအဝတ်အထည်များ ဝတ်ဆင်ပါ။ အပြင်ထွက်ပါက အနားကျယ်ပြန့်သော ဦးထုပ်၊ နေကာမျက်မှန်တို့ကို ဝတ်ဆင်ပါ။
🔆 အပူစုပ်ယူ စုခဲထားခြင်း မရှိစေရန် ကူရှင်မသုံးဘဲ အိပ်ရာခင်းပါးပါးသာ သုံးပါ။
🔆 ရေကို ပုံမှန်သောက်ပါ။ အရက်သေစာနှင့် ကဖင်းဓာတ်၊ အချိုဓာတ် လွန်ကဲသည်များကို ရှောင်ကြဉ်ပါ။
🔆 အစာကို နည်းနည်းချင်းစီ ခဏခဏစားပါ။ ပရိုတင်းဓာတ် အလွန်မြင့်သော အစားအစာများကို ရှောင်ပါ။
🔴 တခြားသူများကို ကူညီပါ။
🔆 မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် တစ်ကိုယ်တည်းသမား အိမ်နီးနားချင်းများကို စောင့်ရှောက်ပါ။ ရာသီဥတု ပူပြင်းသော နေ့များတွင် အကူအညီများ ပိုမိုလိုအပ်ကောင်း လိုအပ်နေနိုင်ပါသည်။
🔆 ပြင်းထန်အပူလှိုင်းများအကြောင်း မိသားစုဝင်များနှင့် ဆွေးနွေးတိုင်ပင်ပါ။ မိမိနေထိုင်ရာ နေရာအတွက် လိုအပ်သလို စီမံထားရန် လူတိုင်းသိထားသင့်သည်။
🔆 တစ်စုံတစ်ယောက် အပူဒဏ်အန္တရာယ် ရှိနိုင်ပါက ထိုသူအတွက် လိုအပ်သော အကြံဥာဏ်နှင့် ထောက်ပံ့မှုရရှိရေး ကူညီပါ။ တစ်ဦးတည်းနေထိုင်သော အသက်ကြီးသူများနှင့် နေမကောင်းသူများထံ နေ့စဥ်သွားရောက်ကြည့်ရှုသင့်သည်။
🔆 ဆေးကုသမှု ခံယူနေရသူဖြစ်ပါက သောက်သုံးနေသည့် ဆေးများက ခန္ဓာကိုယ်၏ အပူချိန်ထိန်းညှိမှုနှင့် ရေဓာတ်မျှတမှုအပေါ် သက်ရောက်မှု ရှိမရှိ တာဝန်ခံဆရာဝန်ထံ မေးမြန်းပါ။
🔆 လေ့လာ သင်ယူပါ။ အပူဒဏ်ကြောင့် ဆပ်စပ်အရေးပေါ်အခြေအနေများနှင့် အခြားအရေးပေါ်အခြေအနေများအတွက် ရှေးဦးသူနာပြုစုခြင်း သင်တန်းတက်ပါ။ အရေးပေါ်အခြေအနေများတွင် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို လူတိုင်းသိသင့်သည်။
🔴 ကျန်းမာရေးပြဿနာများရှိပါက
🔆 ဆေးများကို (၂၅) ဒီဂရီစင်တီဂရိတ်အောက် သို့မဟုတ် ရေခဲသေတ္တာထဲတွင် ထားပါ။ (ထားရှိရန်အညွှန်းကို ဆေးထုပ်ပိုးမှုတွင် ဖတ်ပါ။ ဆေးတစ်ခုချင်းစီအတွက် ညွှန်ကြားချက် မတူနိုင်သဖြင့် ထုတ်လုပ်သူအညွှန်းကို လိုက်နာသင့်ပါသည်။)
🔆 နာတာရှည်ရောဂါခံစားနေရသူ သို့မဟုတ် ဆေးအများအပြား သောက်နေရသူဖြစ်ပါက ကျွမ်းကျင်ပညာရှင်ထံမှ ဆေးဘက်ဆိုင်ရာ အကြံဥာဏ်များ ရယူပါ။
🔴 သင် သို့မဟုတ် အခြားသူများ နေမကောင်းပါက
🔆 မူးဝေခြင်း၊ အားနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် အလွန်အမင်း ရေဆာခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ခံစားရပါက အကူအညီရရှိရန် ကြိုးစားပါ။ ဖြစ်နိုင်လျှင် အေးသော နေရာသို့ ချက်ချင်း ရွှေ့ပါ။ ကိုယ်အပူချိန် တိုင်းပါ။
🔆 ရေ သို့မဟုတ် အသီးဖျော်ရည် သောက်ပြီး ရေဓာတ်ဖြည့်ပါ။
🔆 ကြွက်တက်ခြင်း (အလွန်ပူသော ရာသီဥတုတွင် လေ့ကျင့်ခန်း ကြာရှည်ပြုလုပ်ပြီးနောက် ဖြစ်တတ်လေ့ရှိပြီး အထူးသဖြင့် ခြေထောက်၊ လက်၊ ဝမ်းဗိုက်နေရာတွင် ကြွက်တက်ခြင်း) ခံစားရပါက အေးမြသောနေရာတွင် ချက်ချင်းအနားယူ၍ ဓာတ်ဆားရည် သောက်ပါ။ အပူဒဏ်ကြောင့် ကြွက်တက်ခြင်းသည် တစ်နာရီထက် ပိုကြာပါက ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။
🔆 ပုံမှန်မဟုတ်သော လက္ခဏာများခံစားနေရပါက သို့မဟုတ် လက္ခဏာများ ဆက်ရှိနေပါက ဆရာဝန်နှင့် ပြသဆွေးနွေးပါ။
🔆 သင့်မိသားစုဝင် သို့မဟုတ် သင် စောင့်ရှောက်နေသော သူတစ်ဦးဦး အသားအရေ ခြောက်ပြီး ကယောင်ကတမ်းပြောခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းတို့ ခံစားရပါက ဆရာဝန် သို့မဟုတ် ဆေးရုံတင်ကား ချက်ချင်းခေါ်ပါ။
🔆 အကူအညီစောင့်နေစဥ် လူနာကို အေးသော နေရာသို့ ရွှေ့ပါ။ လူနာ၏ ခန္ဓာကိုယ်ကို အလျားလိုက် ထား၍ ခြေထောက်နှင့် တင်ပါးကို မြှင့်ထားပါ။ အဝတ်အစားများ ချွတ်၍ အေးအောင် ပြုလုပ်ပေးပါ။ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့တွင် ရေခဲအိတ်များ ထားပေးခြင်း၊ ယပ်ခတ်ပေးခြင်းနှင့် (၂၅ – ၃၀) စင်တီဂရိတ်ရှိသော ရေဖြင့် ဖြန်းပေးခြင်းတို့ကို လုပ်နိုင်သည်။
🔆 ကိုယ်အပူချိန်ကို တိုင်းတာပါ။
🔆 အပူကျဆေး (အစီတိုင်းဆလီစလစ်အက်ဆစ် သို့မဟုတ် ပါရာစီတမော) မပေးရပါ။
🔆 သတိလစ်နေပါက လူနာကို ဘေးတစောင်းအနေအထား၌ ထားရှိပါ။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Source: World Health Organization
အပူဒဏ်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ (Video)
https://youtu.be/n2F7P1zMjao
အပူဒဏ်အန္တရာယ်ဆိုင်ရာ ကျန်းမာရေးပညာပေး ပိုစတာများ
https://www.facebook.com/MoHNUGMyanmar/posts/pfbid0PoTCvCchti6qj97HRPdaJHr3LfDfTk2MLqyRHEVffh2fXBgpr54jAgABjKS7TmJFl
ယခင်တင်ခဲ့ဖူးသော အပူဒဏ်အန္တရာယ် အကြောင်းများ
https://www.facebook.com/MoHNUGMyanmar/posts/pfbid0B2f4Ra4sawcWL2W9d4k6tRepkekvecsqLSV91jsrCAz1aMzSwiwxUpZNGLntx1yDl
#nugmoh #Heat #Temperature #HeatIllnesses #HeatCramps #HeatExhaustion #HeatStroke #Hyperthermia #ClimateChange
Ministry of Health,
National Unity Government.


Published on: 18 April 2023
Last updated: 18 April 2023