Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ) ( December, 2022)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာအနေဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းကြောင်း ကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

၇။ အသည်းရောင်အသားဝါ ဘီ ရောဂါ (Hepatitis B)

အသည်းရောင်အသားဝါ ဘီ ရောဂါ ဆိုသည်မှာ အသည်းကို ထိခိုက်စေသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော ရောဂါဖြစ်ပါသည်။ အသည်းရောင်အသားဝါ ဘီ ပိုး ကူးစက်ခံရသော လူကြီးများသည် ၉၀% ပြန်လည် ကောင်းမွန်လာကြပါသည်။ သို့ရာတွင် မွေးဖွားစဉ်နှင့် အသက်တစ်နှစ် မပြည့်မီ ကူးစက်ခံရသော ကလေးငယ်များအနေဖြင့် ၉၀% နာတာရှည် ဖြစ်လာကြသည်။ အသည်းရောင်အသားဝါ ဘီပိုး ဝင်ရောက်ခြင်း၏ နောက်ဆက်တွဲပြဿနာအဖြစ် အသည်းကြွပ်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းကြောင့် နှစ်စဉ် ခန့်မှန်းခြေ လူ (၇၈၀,၀၀၀) ဦး သေဆုံးသည်။

🟢 အသည်းရောင်အသားဝါ ဘီ ရောဂါ ကူးစက်ပြန့်ပွားပုံ

အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးဝင်ထားသော သွေးနှင့် အခြား ခန္ဓာကိုယ်အရည်များနှင့် အခြေအနေအမျိုးမျိုးတွင် ထိတွေ့လျက် အောက်ပါနည်းလမ်းများဖြင့် ရောဂါပိုး ကူးစက်ပြန့်ပွားစေနိုင်ပါသည်။

👉 မီးဖွားစဉ်အတွင်း မိခင်မှ တစ်ဆင့် ကလေးအား ကူးစက်ခြင်း၊
👉 ကလေး အချင်းချင်း ကစားနေစဉ် ကုတ်ခြစ်မိခြင်း၊ ထိရှမိခြင်းနှင့် တစ်ဦးနှင့် တစ်ဦး ကိုက်မိခြင်း၊
👉 လိင်မှုကိစ္စ ဆောင်ရွက်စဉ် တစ်ဦးမှ တစ်ဦး ကူးစက်ခြင်း၊
👉 ပိုးသန့်စင်မထားသော ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များကို အသုံးပြု၍ ဆေးထိုးခြင်း၊ ဆေးထိုးအပ် ထိရှမှုများနှင့် သွေးသွင်းခြင်း စသည့် နည်းလမ်းများဖြင့် ကူးစက်နိုင်ပါသည်။

🟢 အသည်းရောင်အသားဝါ ဘီ ရောဂါလက္ခဏာများ

လတ်တလော အသည်းရောင် အသားဝါ ဘီ ရောဂါ ကူးစက်ခံရသော သူများသည် ရောဂါလက္ခဏာ မပြပါ။ ရောဂါလက္ခဏာ ပြသူများအနေဖြင့် အားနည်းခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ခြင်း၊ အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ မျက်လုံးနှင့် အသားဝါခြင်းများ တွေ့ရှိတတ်ကြပါသည်။ အသည်း နာတာရှည် ရောဂါဖြစ်ပွားသူ လူနာများသည် အသည်းပျက်စီးခြင်းကြောင့် ဖြစ်သော လက္ခဏာများ ဖြစ်သည့် ခြေထောက်ရောင်ခြင်း၊ ဝမ်းဗိုက်ဖောင်းခြင်း၊ သွေးအန်ခြင်း၊ သတိဖောက်ပြန်ခြင်းနှင့် အမူအရာ ပြောင်းလဲခြင်း စသော ဝေဒနာများ ဆက်လက်ဖြစ်ပွားသည်။

🟢 အသည်းရောင်အသားဝါ ဘီ ရောဂါ၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ

လတ်တလော ရောဂါကူးစက်ခံရသောသူများတွင် လူအနည်းစုမှာ ရောဂါပြင်းထန်မှု ရှိပြီး သေဆုံးနိုင်ပါသည်။ အချိန်ကာလကြာမြင့်စွာ ရောဂါကူးစက်ခံနေရသူများတွင် နာတာရှည် အသည်းရောဂါများ ဖြစ်သည့် အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာစသည့် ဆိုးရွားသော ရောဂါများ ဖြစ်ပွား ရရှိနိုင်သည်။

🟢 အသည်းရောင်အသားဝါ ဘီ ရောဂါ ကာကွယ်ရေးနည်းလမ်းများ

အသည်းရောင် အသားဝါ ဘီ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ မွေးစအချိန်နှင့် မွေးပြီး ရက်အနည်းငယ်အတွင်း ကူးစက်ခံရခြင်းသည် နာတာရှည်ရောဂါများ ဖြစ်စေနိုင်သောကြောင့် ရောဂါဖြစ်ပွားမှုနည်းသော နိုင်ငံများ၌ပင် အသည်းရောင် အသားဝါ ဘီ ကာကွယ်ဆေး ပထမအကြိမ်ကို မွေးပြီး (၂၄) နာရီအတွင်း ကလေးအား စောနိုင်သမျှ စောစီးစွာ ထိုးနှံပေးသင့်ပါသည်။ ထို့နောက် ကလေးငယ်များ အသက် (၁) နှစ် မပြည့်မီ အသည်းရောင် အသားဝါ ဘီ ကာကွယ်ဆေးကို ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ ဘီ နှင့် ဟေမိုဖလပ်စ် အင်ဖလူယင်ဇာ ဘီ ကာကွယ်ဆေးများ ပေါင်းစပ်ထုတ်လုပ်ထားသော (၅) မျိုးစပ်ကာကွယ်ဆေးကို ထိုးနှံပေးနိုင်ပါသည်။ လတ်တလော အသည်းရောင် အသားဝါ ဘီ ရောဂါ ဖြစ်ပွားပြီး လုံးဝပျောက်ကင်းသူသည် တစ်သက်တာလုံး ကာကွယ်မှု ရပြီးဖြစ်ပါမည်။

🟢 အသည်းရောင်အသားဝါ ဘီ ရောဂါအကြောင်း အဓိကသိသင့်သောအချက်များ

⭐ အသက်တစ်နှစ်အောက် ကူးစက်ခံရသော ကလေးငယ်များသည် (၉၀%) နာတာရှည် ဖြစ်လာကြသည်။ အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခံရသော လူကြီးများ (၉၀%) ပြန်လည် ကောင်းမွန်လာကြပါသည်။ မွေးစတွင် ကာကွယ်ဆေး စောစောထိုးရန် အရေးကြီးသည်။
⭐ အသည်းရောင်အသားဝါ ဘီ ရောဂါပိုး ကူးစက်ခံနေရသူ၏ သွေးနှင့် အခြားကိုယ်ခန္ဓာ အရည်များမှ ကူးစက်ပြန့်ပွားနိုင်သည်။ ခုခံကျကူးစက်ရောဂါပိုး (HIV) ထက် အဆ (၅၀) မှ အဆ (၁၀၀) ပိုမို ကူးစက်စေနိုင်သည်။
⭐ နာတာရှည် အသည်းရောင်အသားဝါ ဘီရောဂါပိုးသည် အသည်းကျွတ်ရောဂါ၊ အသည်း ကင်ဆာများ၊ အသည်းပျက်စီးခြင်းနှင့် သေဆုံးခြင်းများ ဖြစ်စေနိုင်ပါသည်။
⭐ ကလေးများအားလုံး မွေးပြီးစတွင် အသည်းရောင်အသားဝါ ဘီကာကွယ်ဆေး တစ်မျိုးတည်း တစ်ကြိမ်ထိုးရပါမည်။ ထို့နောက် ငါးမျိုးစပ်ကာကွယ်ဆေးအဖြစ် ထပ်မံ နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ် ထိုးပေးနိုင်ပါသည်။

Source:
ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန် ၂၀၂၂ (NUG, MOH)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02V8izYCZD69Y5qsE69vnCz7YeGQCSkKJZaLv42LdfxvGLX9sC1djczrEgXeSTPShtl

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

(ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ်)

ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

၁။ ဆုံဆို့နာရောဂါ (Diphtheria) https://www.facebook.com/MoHNUGMyanmar/posts/pfbid0oCNuFcdNNYotmjCVuUYiCe9qHf8akU8DJ1BQUtPxcb1kPCmedFoHUd6F5HczPHQdl

၂။ ကြက်ညှာချောင်းဆိုးရောဂါ (Whooping cough or pertussis)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02NHRFL8UDX7WMi8tWPTosygRdbaNbLxW2p5ogrZRFYD48gp6CrXvSkj28PJz9yqyzl

၃။ ပိုလီယိုအကြောသေရောဂါ (Poliomyelitis)
https://web.facebook.com/MoHNUGMyanmar/posts/pfbid02NgboWKcPGL83euMob1uTSfg1vmL4JMeGLeGsRpZqH18K9TaAVgingrK4sg6JSH4Jl

၄။ ဝက်သက်ရောဂါ (Measles)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02cLvYfnyD985nJrpRmeFx5QzSVFDiCJwNo2QZQjYFf32aNsWhQxvw4CXErpzxgBtMl

၅။ ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ (Rotavirus Diarrhoea)
https://www.facebook.com/MoHNUGMyanmar/posts/pfbid035n1oTAVmMKvE85KMtZ8ptGssn7V1ZBmkuLMLPg4LXraARVjdqXEujRpdbp7P54VFl

၆။ မေးခိုင်ရောဂါ (Tetanus)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0yk17gtnZGjUvDRRH5PuDCEuGCCwVbKogJbr4TfpnsGDsPUis1bEFeyhgTBCkcWEKl

nugmoh #VPD #HepatitisB #hepatitis

Published on: 13 December 2022
Last Updated: 13 December 2022