Herniation

အူကျခြင်း သို့မဟုတ် အူကျွံခြင်း ( April, 2022 )====================================

အူကျွံတာ အရေးကြီးလို့လားဆရာ။ အဖြစ်များလို့လား ??
မွေးကာစကလေးကနေ ဟိုးသက်ကြီးရွယ်အိုအထိ အူကျွံတာ/အူကျတာက ဖြစ်နိုင်ပါတယ်။ အမျိုးသမီး/ အမျိုးသား နှစ်ဦးလုံးမှာလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် သိသင့်ပါတယ်။ပြီးတော့ စောစောသိပြီး ခွဲစိတ်မှုခံယူရင် အူပိတ်/အူပုပ်တဲ့အဆင့်အထိ မရောက်တော့တာမို့ ရလဒ် အင်မတန်ကောင်းပါတယ်။

အသက်အရွယ်မရွေး ကျား/မ မရွေး အူကျွံ/အူကျနိုင်တယ်ဆိုတော့ ဘယ်လိုတွေဖြစ်တာလဲ ဘယ်နေရာမှာ ကျွံတာလဲဆရာ ??
အူကျွံ/အူကျတာက ခန္ဓာကိုယ်နေရာတော်တော်များများမှာ ( မြင်ရတဲ့ နေရာမှာရော ၊ မမြင်ရတဲ့ ၀မ်းတွင်းမှာပါ ) ကျွံနိုင်ပါတယ်။ ဒါပေမယ့် အဖြစ်များတာကတော့(၁) ပေါင်ခြံမှာ အူကျတာ(၂) ချက်မှာ/ချက်နားတဝိုက်မှာ အူကျွံတာ(၃) ခွဲထားတဲ့ ဒဏ်ရာနေရာမှာ အူကျွံတာ(၄) ရင်ညွန့်နား/ ၀မ်းဗိုက်အလယ်မှာ အူကျွံတာ အစရှိသဖြင့်ပေါ့။ ဘာလို့ကျွံလဲဆိုတော့ အဓိက ကတော့ (က) နဂိုတည်းက အူကျဖို့/အူကျွံဖို့ မွေးရာပါလမ်းကြောင်းလေးရှိနေပြီးသားကို ညှစ်မိလို့(၀မ်းချုပ်လို့ညှစ် ၊ အလေးအပင်မလို့ ညှစ်/ ချောင်းဆိုးလို့ညှစ်/ ဆီးကျိတ်ရှိလို့ ဆီးညှစ်ပေါက်)(ခ) ၀လို့/ကလေး ခဏခဏမွေးလို့/ အသက်ကြီးလို့ကြွက်သားတွေလျော့ရဲလာတာတွေကြောင့် အူကျွံ/အူကျပါတယ်။

မကျွံအောင် ကြိုတင် ကာကွယ်လို့ရလားဆရာ ??
ခွဲတဲ့ဒဏ်ရာ နေရာကနေ အူကျွံတာ/ ၀လို့အူကျွံတာတွေမှာတော့ မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတော့- ခွဲစိတ်ပြီး ၃လ-၆လ‌ကြာမှ အတွင်းချုပ်ရိုးက ခိုင်ပါတယ်။ ဒါကြောင့် ခွဲစိတ်ပြီး ၃လ-၆လအထိ ၀မ်းမချုပ်ပါစေနဲ့။ (ရေများများသောက်၊ အသီးအရွက်များများစား၊လေ့ကျင့်ခန်းလုပ်ပါ) ချောင်းမဆိုးပါစေနဲ့။ ချောင်းဆိုးရင် ဆေးသေချာသောက်ပါ။ ရင်ကြပ်ပန်းနာ/ အဆုတ်ရောင်အဆုတ်ပွရောဂါရှိရင် ရောဂါကို သေချာကုပါ။ အလေးအပင် မ,မရပါ။ -၀လာရင် ဝိတ်ချပါ။ အစားလျော့ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ဒါဆို ထိုက်သင့်သလောက် ကာကွယ်နိုင်ပါတယ်။

ကာကွယ်လို့မရတာတွေကျတော့ရော ဆရာ ??
ကာကွယ်လို့မရတဲ့ အူကျွံ/အူကျတာဖြစ်ဖြစ်၊ ကာကွယ်လို့ရသော်လည်း မလိုက်နာမိလို့ ဖြစ်လာတဲ့ အူကျွံတာ/အူကျတာဖြစ်ဖြစ် စောစောသိရင် စောစောခွဲသင့်ပါတယ်။ အူကျွံ/အူကျတာအတွက် ဟိုးမွေးကင်းစကနေ လူကြီးအထိ ခွဲစိတ်နည်းတစ်ခုကပဲ ကုထုံးအမှန်ပါ။ အူကျွံတာ/အူကျတာက အဆင့်ဆင့်ရှိပါတယ်။ (၁) နည်းနည်းထွက်လာ/ သူ့အလိုလိုပြန်၀င်/ ၀င်လိုက်ထွက်လိုက်ဖြစ်(၂) ပိုကြီးလာ (ပေါင်ခြံအူကျတာဆို အောက်အထိကျလာ) ၀င်လိုက်ထွက်လိုက်ပဲ(၃) လက်နဲ့ထည့်မှ ပြန်၀င်(၄) ပြန်မ၀င်တော့ဘူး(၅) နာလာမယ် သို့ အူပိတ် ( အန်၊ ဗိုက်တင်း၊ လေမလည်၊ ၀မ်းမသွားတော့ဘူး)(၆) အူပုပ် သို့ အူပေါက် (နာလာ/အူကျတဲ့နေရာနီလာ/ဖျားလာ) ဒီအဆင့်တွေမှာ ပြန်မ၀င်တာကစပြီး အန္တရာယ်ရှိပါတယ်။ ပြန်မ၀င်တာကို အချိန်မီ မခွဲရင် အူပိတ်နိုင်ပါတယ်။ ပြီးရင် အူပုပ်/အူပေါက်နိုင်ပါတယ်။ အဲလိုတွေ အူပုပ်/အူပေါက်တွေဖြစ်လာခဲ့ရင် အရေးပေါ်ခွဲရမှာပါ၊ မကောင်းတဲ့အူကို ဖြတ်ပြီးပြန်ဆက်ရတာတွေ အထိကျယ်ပြန့်နိုင်ပါတယ်။

ဘယ်လိုခွဲလို့ရလဲဆရာ ဟို ခုခေတ်စားနေတဲ့အပေါက်ကလေးတွေနဲ့ရော ( keyhole surgery) ခွဲလို့ရလား ??
ရိုးရိုးခွဲလို့လည်း ရသလို အပေါက်ကလေးတွေနဲ့လည်း ခွဲလို့ရပါတယ်။ စောစောသိလို့ စောစောခွဲရင် ရလဒ်ပိုကောင်းပါတယ်။ လူနာ သက်သာပါတယ်။

ခွဲပြီးရင်ကော ပြန်ဖြစ်နိုင်လားဆရာ ??
ခွဲပြီးရင်လည်း အပေါ်မှာ ပထမပြောထားတဲ့ အနေအထိုင် ဆင်ခြင်နည်းတွေကို ဂရုစိုက်ရမှာပါ။ ၃လ-၆လ အထိ ၀မ်းမချုပ်စေနဲ့။ ချောင်းမဆိုးစေနဲ့။အလေးအပင်မ,မနဲ့။ ရင်ကြပ်ပန်းနာ အဆုတ်ရောင်အဆုတ်ပွရောဂါရှိရင် သေချာကုပါ။ ဆီးကျိတ်သေချာကုပါ။ ဝိတ်ချပါ။ ကလေးယူမယ်ဆိုလည်း တစ်နှစ်ကျော်မှ ယူရပါမယ်။ အမှန်တော့ မခွဲခင်တည်းကလည်း ဒါတွေသေချာပြင်ဆင်ပြီးခွဲရပါတယ်။ ဒါမှ ခွဲပြီး ပြန်မဖြစ်မှာပါ။ ဒါကြောင့် မပြင်မဆင်ပဲ အရေးပေါ်မခွဲရလေအောင် အေးဆေးသေချာပြင်ဆင်ပြီး စောစောစီးစီး ခွဲလိုက်တာ အကောင်းဆုံးမို့ အူကျွံ/အူကျခဲ့ရင် မပေါ့ဆဘဲ ခွဲစိတ်ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးကုသဖို့ အကြံပြုလိုက်ရပါတယ်။

NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )ကြိုတင်ဘိုကင်ယူရန်( https://m.me/telehealthmm )

ချက်ချင်းဆေးခန်းပြရန် ( https:/t.me/TelehealthMM )

လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

Published on: 11 April 2022
Last Updated: 11 April 2022