ရေယုန် / ခါးပတ်ရေယုန် ( April, 2022 )
ဘာကြောင့်ဖြစ်တာလဲ
ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တာပါ။ အများအားဖြင့်တော့ ကိုယ်ခန္ဓာတစ်ခြမ်းမှာ အနီပြင်တွေပတ်ပြီးဖြစ်တတ်လို့ ခါးပတ်ရေယုန်လို့ ခေါ်လေ့ရှိပြီး ခန္ဓာကိုယ်တခြားနေရာတွေမှာဖြစ်ရင် ရေယုန်လို့ခေါ်ကြပါတယ်။
ဘယ်လိုဖြစ်တာလဲ
ရေကျောက်ဖြစ်ဖူးတဲ့သူဆိုရင် ဗိုင်းရပ်ပိုးက ကိုယ်ခန္ဓာထဲကို တခါဝင်ပြီးရင် တစ်သက်လုံးမပျောက်တော့ဘဲ ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးရဲ့ တစ်နေရာမှာ ဗိုင်းရပ်စ်ပိုးက ဝင်အောင်းနေလေ့ရှိပြီး စိတ်ပင်ပန်းချိန်၊ ကိုယ်ခံအားကျဆင်းတဲ့ အချိန်မျိုးတွေမှာ ရေယုန်အနေနဲ့ ငုပ်နေရာက ပေါ်လာတတ်ပါတယ်။
ရေကျောက်မဖြစ်ဘူးသူ/ ကာကွယ်ဆေးလဲထိုးမထားသူတွေမှာတော့ ရေယုံဖြစ်နေသူရဲ့အရည်ကြည်ဖုထဲက အရေတွေနဲ့ ထိမိရင်ကူးနိုင်ပါတယ်။
ဘယ်နေရာတွေမှာဖြစ်လဲ
ခန္ဓာကိုယ် ဘယ်နေရာမဆိုဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓာတစ်ခြမ်းမှာပဲဖြစ်ပါတယ်။
အဖြစ်အများဆုံးကတော့
-နို့အုံအောက်
-ဝမ်းဗိုက်
-မျက်နှာ
ရောဂါလက္ခဏာများ
၁။ သာမာန်နာကျင်မှုနဲ့မတူတဲ့ စူးရှတဲ့နာကျင်မှုမျိုး
– အပေါ်မှာရှင်းပြထားသလိုဘဲ ဗိုင်းရပ်ပိုးက အောင်းနေရာကတဆင့် ပြန်ကြွလာတဲ့ အချိန်မျိုးတွေမှာ အာရုံကြောတလျောက် ပွားပြီးဆင်းလာတဲ့အတွက် သာမာန်နာကျင်မှုနဲ့မတူတဲ့ စူးရှတဲ့နာကျင်မှုမျိုးခံစားရတတ်ပါတယ်။
– မီးစနဲ့ထိုးသလို၊ ဓါးနဲ့ ထိုးသလိုအထိ ခံစားရတတ်ပါတယ်။
– ဗိုင်းရပ်စ်ပွားတာပေါ်မူတည်ပြီး တချို့ကတော့ နည်းနည်းပါးပါးပဲ ခံစားရတတ်ပါတယ်။
ကြာချိန်
– အနီပြင်တွေမပေါ်ခင် နာတာစတတ်ပြီး အရေကြည်ဖုတွေပေါက်သွားပြီး ၁ ပတ်ကနေ ၁ လလောက်အထိ ဆက်နာနေတတ်ပါတယ်။
ထူးခြားချက်
ရေယုန်ပေါက်ပြီး အာရုံကြောနာကျင်မှု
တချို့တွေမှာတော့ ရေယုန်ပေါက်ပြီးနောက်ဆက်တွဲအနေနဲ့စူးရှနာကျင်နေမှုက ၃ လလောက်အထိ ကျန်နေတတ်ပါတယ်။ အပြင်မှာ ဘာရောဂါလက္ခဏာမှမရှိတော့ပေမယ့် လက်ကလေးနဲ့ သပ်ချလိုက်မိရင်/ အင်္ကျီအဝတ်အစားနဲ့ ပွတ်မိရင်တောင် စူစူးရှရှနာကျင်မှုကို ခံစားရတတ်ပါတယ်။ ရေယုန်ပေါက်ပြီး အာရုံကြောနာကျင်မှု လို့ခေါ်ပါတယ်။
၂။ အနီပြင်၊ အရည်ကြည်ဖုများ
– ယားယံတဲ့ အနီပြင်၊ အရည်ကြည်ဖု၊ အရည်တရွှဲရွှဲနဲ့ အနာပေါက်တွေ၊ အနာဖေးတက်နေတဲ့ အနာတွေစသဖြင့် တပြိုင်ထဲမြင်ရနိုင်ပါတယ်။
– ၁၀ရက်- ၁၅ရက်လောက်ကြာတတ်ပါတယ်။
– ဖြစ်ခဲ့တဲ့နေရာမှာ အရေပြားအရောင်ပြောင်းသွားတာ၊ အမာရွတ်ကျန်ခဲ့တာဖြစ်နိုင်ပါတယ်။
ရေယုန်၊ ရေကျောက် နှင့် ကိုယ်ဝန်ဆောင်
– ကိုယ်ဝန်ဆောင်နေချိန် ရေယုန်ပေါက်ရင်စိတ်ပူစရာမလိုပါဘူး။
– ပထမဆုံးအကြိမ်ရေကျောက်ပေါက်ဖူးတာဆိုရင်တော့ သန္ဓေသားကို ပြင်းပြင်းထန်ထန်ထိခိုက်နိုင်လို့ ဆရာဝန်နဲ့ ချက်ခြင်းပြပါ။
– အကောင်းဆုံးကတော့ ရေကျောက်ကာကွယ်ဆေးမထိုးထားရင်၊ ရေကျောက်မဖြစ်ဘူးတဲ့ ကိုယ်ဝန်ဆောင်တွေဆိုရင် ရေကျောက်ဖြစ်နေတဲ့ ကလေးတွေနဲ့ အထိအတွေ့မရှိသင့်ပါဘူး။ ကလေးတွေနဲ့အထိအတွေ့များတဲ့အလုပ်တွေဖြစ်တဲ့ မူကြိုဆရာမတွေ၊ မူလတန်းဆရာမတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်အထူးသတိထားသင့်ပါတယ်။
ကုသနည်းများ
– နာကျင်တာသက်သာဖို့နဲ့ ဖြစ်တဲ့ရက်တိုအောင် Anti-virus ဆေးသောက်နိုင်ပါတယ်။ အနီကွက်တွေပေါ်လာပြီး ၃ ရက်အတွင်းသောက်ရပါမယ်။ (၂၄ နာရီအတွင်းဆေးစသောက်နိုင်ရင် အထိရောက်ဆုံးပါပဲ)
– ရေခဲကို အဝတ်သန့်သန့်နဲ့ ထုပ်ပြီး အနီကွက်တွေနေရာမှာ တနေ့ သုံးကြိမ်ကပ်ပေးနိုင်ပါတယ်။
တခြားသူတွေကို မကူးအောင် ဘယ်လိုကာကွယ်ရမလဲ
– ရေခဲကပ်ထားတဲ့ အဝတ်ကို ဆပ်ပြာနဲ့ သေချာလျှော်ဖွတ်ပါ။
– မျက်နှာသုတ်ပဝါကို တစ်ကိုယ်ရည် သီးသန့်သုံးပါ။
အယူမှားများ
– ခန္ဓာကိုယ် တစ်ပတ်ပြည့်သွားရင် သေတတ်တယ်။
– ခန္ဓာကိုယ် တစ်ပတ်ပြည့်သွားရင် ရူးတတ်တယ်။
References:
1. John Murtagh’s Patient Education, six edition: Herpes Zoster (Shingles)
2. Better Health Channel: Shingles
တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
ကြိုတင်ဘိုကင်ယူရန်( https://m.me/telehealthmm )
ချက်ချင်းဆေးခန်းပြရန် ( https:/t.me/TelehealthMM )
လှူဒါန်းရန်-https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.

Published on: 3 April 2022
Last Updated: 3 April 2022