“How to Take Care of Your Voice” (May 2023)

တယ်လီကျန်းမာက ဆရာ၊ ဆရာမ အသံလေးတွေ ကြားတာနဲ့ကို ဝေဒနာတစ်ဝက် သက်သာတယ်လို့ feedback လေးတွေ ပြန်ကြားရပါတယ် (ဟုတ်တယ်…ဟုတ် ?)

ဒါဆိုရင် အသံလေးတွေ ဘယ်လိုထွက်လာတယ်၊ ကိုယ့်ရဲ့အသံကို ဘယ်လိုဂရုစိုက်လို့ရလဲဆိုတာ ဝေမျှပေးပါမယ်နော်…

🗣 အသံထွက်ပေါ်လာပုံကတော့

အဆုတ်ထဲက ထွက်လာတဲ့လေက အသံအိုးမှာရှိတဲ့ vocal fold လို့ခေါ်တဲ့ အသံကြိုး (ကြွက်သား) ၂ ချောင်းကို တုန်ခါစေပြီး အသံဖြစ်ပေါ်လာပါတယ်။ အသံအိုးဟာ လေပြွန် (trachea) အဝမှာ တည်ရှိပါတယ်။

အသံအိုး ပုံသဏ္ဌာန် အရွယ်အစား၊ အသံကြိုးရဲ့အထူအပါးနဲ့ တုန်ခါမှုပေါ် မူတည်ပြီး တစ်ဦးနဲ့တစ်ဦး မတူကွဲပြားတဲ့အသံတွေ ဖြစ်ပေါ်လာတာပါ။

အသံက ကျွန်တော်တို့နေ့စဉ်ဘဝရဲ့ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတာမို့ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

..

..

❗️ အသံဆိုင်ရာ ပြဿနာတွေကတော့

– အသံပြာခြင်း၊ အသံဝင်ခြင်း

– သီချင်းဆိုစဉ် အမြင့်သံများ မဆိုနိုင်တော့ခြင်း

– အသံ ဩလာခြင်း

– လည်ချောင်း တစစ်စစ်ကိုက်ခြင်း၊ လည်ချောင်း၌ ကြမ်းတမ်းခြောက်ကပ်ခြင်း

– စကားပြောရန် အားစိုက်ထုတ်ရခြင်း

– မကြာခဏ လည်ချောင်းရှင်းရခြင်း… တို့ဖြစ်ပါတယ်။

ဒီလိုပြဿနာတွေကို အချိန်ကာလတစ်ခုကြာ ခံစားနေရရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုနဲ့ ပြသသင့်ပါတယ်။

..

..

▪️ အသံဆိုင်ရာပြဿနာ ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့…

– ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း (အအေးမိ၊ ဖျားနာ)

– အစာအိမ်မှ အက်စစ်များ လည်ချောင်းသို့ ဆန်တက်သောရောဂါ

– အသံ အလွန်အကျွံ အသုံးပြုခြင်း

– အသံကြိုးဆိုင်ရာ ပြဿနာများ

– လည်ချောင်းကင်ဆာ

– အာရုံကြောဆိုင်ရာ ပြဿနာများ

– အရက်၊ ဆေးလိပ် အလွန်အကျွံသောက်ခြင်း… တို့ဖြစ်ပါတယ်။

..

..

🗣 အောက်ဖော်ပြပါ အလေ့အကျင့်နဲ့ လူနေမှုပုံစံတွေက မိမိအသံကို ဂရုစိုက်ရာမှာ အသုံးဝင်နိုင်ပါတယ်။

👇
👇
👇

🔹 ရေဓာတ်ပြည့်ဝအောင် နေပါ။

ရေသောက်ရာမှသာမက အသီးအနှံစားပေးခြင်းမှတစ်ဆင့်လည်း ရေဓာတ်နဲ့ ဗီတာမင်တွေကို ဖြည့်တင်းနိုင်ပါတယ်။

ပူပြီး ခြောက်သွေ့တဲ့ရာသီဥတုမှာ စိုစွတ်တဲ့လေကို ရှူပါ။ ရေငွေ့ထုတ်စက် (humidifier) ကိုအခန်းတွင်းမှာ သုံးပေးလို့ရပါတယ်။

.

🔹 ကျန်းမာသော နေထိုင်စားသောက်မှုပုံစံ

လုံလောက်စွာ အနားယူပါ။ ခန္ဓာကိုယ်အားမရှိရင် အသံကြိုးကြွက်သားလည်း အားမရှိနိုင်ပါဘူး။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဟာ သက်လုံကောင်းစေရုံသာမက အသက်ရှူတာနဲ့ စကားပြောတာမှာပါ ယုံကြည်မှု ပြည့်ဝစေပါတယ်။

အစပ်အရသာလွန်ကဲတဲ့ အစားအသောက်တွေ စားသုံးခြင်းဟာ အစာအိမ်ကအက်စစ်တွေ လည်ချောင်းသို့ ဆန်တက်စေပြီး အသံကြိုးကို ထိခိုက်စေပါတယ်။

အရက်နဲ့ ဆေးလိပ်​သောက်သုံးခြင်းဟာ အသံကြိုးကို ထိခိုက်စေရုံသာမက ကင်ဆာအထိဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

.

🔹 အသံအသုံးပြုခြင်း အနုပညာ

• အသံနာနေစဉ် အသံအလွန်အကျွံ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။

• အသံကြိုးကို ဖိအားဖြစ်စေသော အလွန်ကျယ်လောင်စွာ အော်ပြောခြင်း၊ လေသံတိုးတိုး ပြောခြင်းမှလည်း ရှောင်ကြဉ်ပါ။

• အသံကို တတ်နိုင်သမျှ အသုံးမပြုဘဲ အချိန်အတိုင်းအတာတစ်ခုအထိ အနားယူခြင်း၊ အာဟာရပြည့်ဝစွာ နေထိုင်စားသောက်ခြင်းဖြင့် ကျန်းမာသောအသံ ပြန်လည်ရရှိစေပါတယ်။

• အသံကို အသုံးပြုပြီး အသက်မွေးရသူများအနေနဲ့ မိုက်ခရိုဖုန်း (microphone) အသုံးပြုရုံသာမက အသက်ရှုလေ့ကျင့်ခန်းနဲ့ အသံဆိုင်ရာလေ့ကျင့်ခန်းတွေပါ တွဲဖက်လေ့ကျင့်သင့်ပါတယ်။

🌷 အားလုံးပဲ ကျန်းမာတဲ့ အသံပိုင်ရှင်များ ဖြစ်ကြပါစေ။

📖 Reference

https://www.nidcd.nih.gov/health/taking-care-your-voice

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#အသံ

Ministry of Health,

National Unity Government.

Published on: 3 May 2023

Last updated: 3 May 2023