Hypertension and Life Style

သွေးတိုးရောဂါနှင့် ဆောင်ရန်/ရှောင်ရန်များ ( April, 2022 )===============================

သွေးတိုးရောဂါဆိုတာ အများပြည်သူများနဲ့ မစိမ်းတဲ့ရောဂါဖြစ်ပါတယ်။ မစိမ်းသလို သေချာနားမလည်လို့ ပေါ့ဆကြလို့လည်း သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲတွေကြောင့် အသက်ဆုံးရှုံးကြရပါတယ်။ ဒါဆို သွေးတိုးရောဂါအကြောင်းဆွေးနွေးကြည့်ကြရအောင်နော်။

သွေးတိုးတယ်ဆိုတာမှာ သွေးပေါင်ချိန်အကြောင်း အရင် သိရမှာဖြစ်ပါတယ်။ သွေးပေါင်ချိန်က အပေါ်သွေးနဲ့ အောက်သွေးဆိုပြီးရှိပါတယ်။ ဥပမာ (၁၁၀/၇၀)ဆိုရင် အရင်ပြောတဲ့ (၁၁၀) က အပေါ်သွေးပါ၊ နောက်မှ ပြောတဲ့ (၇၀) က အောက်သွေးပါ။ အပေါ်သွေးရော အောက်သွေးရော အရေးကြီးပါတယ်။

အားလုံးကလည်း သိချင်ကြမှာပါ။ ပုံမှန်သွေးပေါင်ချိန်ရယ်၊ ဘယ်အခါသွေးတိုးတယ်လို့ သတ်မှတ်မလဲရယ်။
–>၁၈နှစ်အထက်ဆိုရင် ၁၂၀/၈၀အောက်ရှိသင့်ပါတယ်။ ( ၁၂၀/၈၀ နဲ့ ၁၄၀/၈၀ကြားကို ပုံမှန်လို့တော့ သတ်မှတ်ပေမယ့် နောင်မှာ သွေးတိုးနိုင်ခြေရှိတဲ့ လူများအဖြစ်ယူဆနိုင်ပါတယ် )
–>၆၅နှစ်အထက်ဆိုရင် ၁၄၀/၉၀အောက်ကို ပုံမှန်လို့ခေါ်ပါတယ်။
–> “ဆီးချိုနဲ့ ကျောက်ကပ်ဝေဒနာရှင်တွေရဲ့သွေးပေါင်ချိန်ကတော့၁၃၀/၈၀အောက်မှာပဲ ထိန်းထားဖို့ အရေးကြီးပါတယ်။”

ဘာလို့သွေးတိုးဖြစ်တာလဲဆိုတာနဲ့ပတ်သက်လို့ ၉၅%ရာခိုင်နှုန်းမှာ အဖြေအတိအကျမရှိပါ။ ၀ရင်၊ အငန်စားများရင်၊ အရက်သောက်ရင်၊ ကျောက်ကပ်မကောင်းရင် နဲ့ အချို့ဆေးတွေ ( အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက်ဆေး၊ တားဆေး)သောက်ရင်လည်း သွေးတိုးနိုင်ပါတယ်။
ဒါကြောင့်သွေးတိုးဟာ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ အများအားဖြင့် အသက် (၄၀)နဲ့အထက်မှာ အဖြစ်များပါတယ်။ ဒါပေမယ့်အများစုက ‌ကိုယ့်ကိုကိုယ် သွေးတိုးရှိမှန်း သတိမထားမိကြပါဘူး။ လက္ခဏာကလည်း အများအားဖြင့်မပြတတ်ကြပါဘူး။
သွေးတိုးရောဂါရှိတဲ့လူနည်းစုမှာ ခေါင်းကိုက်၊ရင်တုန် (သို့) နေလို့မကောင်းသလို ခံစားရတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် လူအများစုကတော့ သွေးပေါင်ချိန်မြင့်တက်နေပေမယ့် ပုံမှန်အတိုင်းနေလို့အဆင်ပြေနေကြပါတယ်။ အဲတာဟာ အန္တရာယ်ပါပဲ။

အဲလို တိတ်တဆိတ် ကိုယ့်ဆီရောက်လာနိုင်တဲ့သွေးတိုး (silent killer- အသံတိတ် လူသတ်သမား) ရဲ့နောက်ဆက်တွဲ‌ပြဿနာတွေကိုလည်း သိထားသင့်ပါတယ်။ သွေးတိုးတာကို သေချာမထိန်းရင် သွေးတိုးကြောင့် နှလုံး၊ မျက်စိ ၊ ဦး‌နှောက်၊ ကျောက်ကပ် အစရှိသဖြင့် ထိနိုင်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအားနည်းတဲ့ရောဂါ၊ မျက်စိအတွင်းပိုင်းသွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း စသဖြင့် ဖြစ်စေနိုင်ပါတယ်။ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတို့ဟာ သွေးတိုးရှိတဲ့သူက သွေးတိုးမရှိတဲ့သူထက် ဖြစ်နိုင်ခြေပိုများပါတယ်။ သွေးပေါင်ချိန်တက်လေ ဖြစ်ဖို့ ပိုများလေပါ။ သွေးပေါင်ချိန်ကို သေချာထိန်းနိုင်ရင်တော့ အပေါ်မှာ ပြောခဲ့တဲ့အန္တရာယ်တွေလည်း နည်းပါမယ်။

ဒါဆို ဒီလို တိတ်တဆိတ်လူသတ်သမား သွေးတိုးရောဂါကို စောစောစီးစီး ဘယ်လိုများ သိနိုင်မလဲက အရေးကြီးပါတယ်။ အသက်၄၀က စပြီး နှစ်စဉ်သွေးပေါင်ချိန်သင့်ပါတယ်။ အသက်၄၀ မဟုတ်ရင်လည်း ၁နှစ် သို့ ၂နှစ်တစ်ခါချိန်သင့်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ပိုဂရုစိုက်စစ်သင့်ပါတယ်။ တား‌ဆေးသောက်နေ‌တဲ့ အမျိုးသမီးတွေလည်း ပုံမှန်တိုင်းသင့်ပါတယ်။
သွေးပေါင်ချိန်နည်းကလဲ အရေးကြီးပါတယ်။
သွေးပေါင်ချိန်တဲ့အခါ လှုပ်ရှားပြီးပြီးချင်း မတိုင်းရပါဘူး။ ၅မိနစ်ခန့် နားပြီးမှ တိုင်းရပါမယ်။ တစ်ကြိမ်တည်း တိုင်းလို့အနည်းငယ်တက်ရုံနဲ့ သွေးတိုးရောဂါရှိပြီလို့ မဆိုနိုင်ပါဘူး။ အနည်းဆုံး ရက်သတ္တပတ် (၁)ပတ် (၂)ပတ်လောက်ခြားပြီး နောက်တစ်ကြိမ်တိုင်းလို့ တက်မှ ခေါ်နိုင်ပါမယ်။
သွေးတိုးရင် ဘာတွေလုပ်ရမလဲဆိုတော့
(၁) ဆရာ၀န်နဲ့ သေချာတိုင်ပင်ဆွေးနွေးပါ
(၂) ကျန်းမာသော နေထိုင်မှုပုံစံဖြစ်အောင် ကြိုးစားပါ (healthy lifestyle)
(၃) သွေးပေါင်ကျဆေးဟာ ဘယ်လိုလူနာမှာ ဘယ်ဆေးပိုသင့်တော်တယ်ဆိုတာ သီးသန့်ရှိတာမို့ ဆရာ၀န်နဲ့တိုင်ပင်ပြီးမှ သောက်ပါ။ အလွယ်မသောက်ပါနဲ့။

နိဂုံးချုပ်အနေနဲ့ကတော့ ကျန်းမာသော နေထိုင်မှုပုံစံကို အကြံပြုလိုပါတယ်။
ကျန်းမာသော နေထိုင်မှုပုံစံအတိုင်း ပြုမူနေထိုင်မယ်ဆိုရင် တချို့သော သွေးတိုးရောဂါသမားများ ဆေးသောက်ရန်မလိုသလို၊ သွေးတိုးမရှိသေးသူများလည်း သွေးတိုးမဖြစ်ရန် လူများစုတွင် ကာကွယ်ပေးနိုင်ပါတယ်။
-အဆီများတာရှောင်ပါ၊ အဆီလျော့စားပါ။
-အငန်လျော့စားပါ။
-ကိုယ်အလေးချိန်ကို မ၀အောင်ထိန်းပါ။
-အရက်လုံး၀မသောက်တာ အကောင်းဆုံးပါ။ ( daily healthy amountတော့ ရပါတယ်။)
-စိတ်ဖိစီးမှုလျော့‌ကျအောင် အလုပ်၀န်မပိပါစေနဲ့၊ တရားထိုင်ပါ (သို့) ယောဂကျင့်ပါ။
-ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ (သို့) တစ်နေ့ကို နာရီ၀က် လမ်းလျှောက်ပေးပါ။
-ဆေးလိပ်မသောက်ပါနဲ့။ အစရှိသည်တို့ပဲ ဖြစ်ပါတယ်။ ကဲ မပေါ့ဆကြနဲ့နော်…

Book reference :Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:
Mcgraw-Hill Australia,pp.289

NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )ကြိုတင်ဘိုကင်ယူရန်( https://m.me/telehealthmm )
ချက်ချင်းဆေးခန်းပြရန် ( https://t.me/TelehealthMM )
လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 20 April 2022
Last Updated: 20 April 2022