“Hypertension Medications” (October 2023)

သွေးတိုးရောဂါကုသရာမှာ သုံးတဲ့ဆေးဝါးများအကြောင်း

သွေးတိုးရောဂါဆိုတာ လူတိုင်းနဲ့မစိမ်းတဲ့ ရောဂါပဲဖြစ်ပါတယ်။ သွေးတိုးရောဂါဟာ မထိန်းသိမ်း၊ မကုသဘဲထားရင် နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးတိုးရှိပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး ဆေးပုံမှန်သောက်သုံးဖို့ လိုအပ်ပါတယ်။

သွေးတိုးရောဂါကုသရာမှာ အသုံးများတဲ့ဆေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

.

(၁) Angiotensin converting enzyme (ACE) inhibitors များ

ACE inhibitors တွေဟာ သွေးကြောတွေကို ကျဉ်းစေတဲ့ Angiotensin II လို့ခေါ်တဲ့ ဟော်မုန်းတွေထုတ်လုပ်ခြင်းကို တားဆီးပေးပါတယ်။ ကျဉ်းနေတဲ့သွေးကြောတွေကို ကျယ်လာစေခြင်းဖြင့် သွေးပေါင်ချိန်ကို လျှော့ချပေးပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့တော့ ACE inhibitors တွေကို သောက်သုံးဖို့ မသင့်တော်ပါဘူး။

.

(၂) Angiotensin II receptor blockers (ARBs)

Angiotensin II တွေဟာ သက်ဆိုင်ရာ receptor တွေနဲ့ ပေါင်းလိုက်တဲ့အခါမှာ သွေးကြောတွေကို ကျဉ်းစေပါတယ်။ ARB တွေဟာ Angiotensin II တွေ receptor နဲ့ မပေါင်းအောင် တားဆီးပေးပါတယ်။ ရလဒ်အနေနဲ့ သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။ ARBs တွေဟာလည်း ကိုယ်ဝန်ဆောင်စဉ် သောက်သုံးဖို့ မသင့်တော်ပါဘူး။

အထက်ဖော်ပြပါ ဆေးအမျိုးအစား ၂ မျိုးလုံးဟာ နှလုံးပျက်စီးမှုကို နှောင့်နှေးစေလို့ ရေရှည်စွဲသောက်ရင် အကျိုးရှိပါတယ်။ သွေးတိုးအတွက် အသုံးအများဆုံးဆေးတွေ ဖြစ်ပါတယ်။

.

(၃) Calcium channel blockers (CCBs)

လှုပ်ရှားလုပ်ကိုင်နိုင်ဖို့အတွက် ကြွက်သားအားလုံးဟာ ကယ်လ်စီယမ် လိုအပ်ပါတယ်။ Calcium channel blockers တွေဟာ ကယ်လ်စီယမ်ကို နှလုံးနဲ့ သွေးကြောကြွက်သားတွေဆီကို မရောက်နိုင်အောင် ကူညီပေးပါတယ်။ ဒီလိုနဲ့ နှလုံးခုန်နှုန်းကို လျော့နည်းစေကာ သွေးကြောတွေကို ပြေလျော့စေပြီး သွေးပေါင်ချိန်ကျစေပါတယ်။

CCBs တွေမှာ Non-dihydropyridine (နှလုံးကြွက်သားအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတာ) နဲ့ Dihydropyridine (ခန္ဓာကိုယ်ရှိ အခြားသောသွေးကြောကြွက်သားတွေအပေါ် သက်ရောက်မှုရှိတာ) ဆိုပြီး ရှိပါတယ်။ Amlodipine, Nifedipine စတဲ့​ဆေးများ ပါဝင်ပြီး သွေးတိုးအတွက် လူသိများ၊ လူသုံးများတဲ့ ဆေး​တွေ ဖြစ်ပါတယ်။

.

(၄) Diuretics ဆီးဆေးများ

ဆီးဆေး (Diuretics) တွေဟာ သွေးတိုးရောဂါကုသရာမှာ အသုံးအများဆုံး ဆေးဝါးထဲမှာ ပါပါတယ်။ ခန္ဓာကိုယ်အတွင်း ပိုလျှံနေတဲ့ အရည်တွေနဲ့ ဆိုဒီယမ် (ဆားဓာတ်) တွေကို ကျောက်ကပ်မှတစ်ဆင့် စွန့်ထုတ်ဖယ်ရှားတဲ့နေရာမှာ ကူညီပေးပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် သွေးကြောတွေထဲက သွေးဖိအားပမာဏကို လျော့နည်းစေပြီး သွေးပေါင်ချိန် ကျစေပါတယ်။ Diuretics အမျိုးအစား အဓိကအားဖြင့် ၃ မျိုး ရှိပါတယ်။ Thiazide, potassium-sparing နဲ့ loop diuretics တွေပဲ ဖြစ်ပါတယ်။

.

(၅) Beta-blockers

Beta-blockers ကတော့ နှလုံးကို လှုံ့ဆော်ပေးတဲ့ catecholamines ဟော်မုန်းတွေကို တားဆီးပေးပါတယ်။ ဒါ့ကြောင့် နှလုံးခုန်နှုန်းနဲ့ ညှစ်အားကို နည်းစေပြီး သွေးပေါင်ချိန်ကျစေပါတယ်။ နှလုံးကြွက်သားတွေမှာရှိတဲ့ beta-1 receptors တွေကို ပိတ်ဆို့ပေးတဲ့ selective Beta-blockers နဲ့ အဆုတ်နဲ့ အခြားကြွက်သားတွေမှာရှိတဲ့ beta-1 နဲ့ beta-2 receptors ၂ ခုလုံးကို ပိတ်ဆို့ပေးတဲ့ non-selective Beta-blockers ဆိုပြီး ရှိပါတယ်။ နှလုံး​သွေး​ကြောကျဥ်း​ရောဂါ၊ နှလုံးခုန်မမှန်တဲ့​ရောဂါတွေမှာ သုံးပါတယ်။

နှလုံးပျက်စီးမှုကို ရေရှည်မှာ နှေးစေဖို့အတွက် ကာကွယ်ပေးပါတယ်။ ရေရှည်မှာအကျိုးရှိတဲ့ ဆေးအုပ်စုထဲ ပါပါတယ်။

.

(၆) Aldosterone receptor antagonists

Aldosterone receptor antagonists တွေဟာ aldosterone လို့ခေါ်တဲ့အရာကို ပိတ်ဆို့ပေးပါတယ်။ ခန္ဓာကိုယ်မှာစုထားတဲ့ အရည်ပမာဏကို လျှော့ပေးပြီး သွေးပေါင်ချိန်ကျစေပါတယ်။

.

(၇) Alpha-blockers

အချို့အခြေအနေတွေမှာ ခန္ဓာကိုယ်ကနေ catecholamamines လို့ခေါ်တဲ့ဟော်မုန်းတွေ ထုတ်​ပေးပါတယ်။ ဒီဟော်မုန်းတွေဟာ alpha receptor တွေမှာ သွားပေါင်းတဲ့အခါမှာ သွေးကြောတွေ ကျဉ်းလာပြီး နှလုံးခုန်မြန်လာသလို နှလုံးညှစ်လည်း ပိုပြင်းလာတာကြောင့် သွေးပေါင်ချိန်တက်လာပါတယ်။

Alpha-blocker ဆေးတွေဟာ catecholamines ဟော်မုန်းတွေကို alpha receptors တွေနဲ့ မပေါင်းစပ်နိုင်အောင် တားဆီးပေးခြင်းဖြင့် သွေးကြောကျယ်စေပြီး နှလုံးခုန်နှုန်းမှန်စေကာ သွေးပေါင်ချိန်လည်း ကျစေပါတယ်။ Alpha-blocker အုပ်စုတွေမှာ doxazosin, prazosin နဲ့ terazosin တို့ ပါဝင်ပါတယ်။ သွေးတိုးနဲ့ ဆီးကျိတ်ရောဂါတွဲရင် ပိုသုံးပါတယ်။

ဆီးကျိတ်ကြီးတဲ့နေရာမှာလည်း အသုံးဝင်တာကြောင့် ဆေးကို သွေးတိုးမရှိလည်း ဆီးကျိတ်အတွက် ဆရာဝန်တွေက ပေးထားနိုင်ပါတယ်။

.

(၈) Alpha receptor agonists

ဒီဆေးတွေကတော့ alpha-blockers တွေရဲ့ လုပ်ဆောင်ချက်ကို ဆန့်ကျင်ဘက်လုပ်ဆောင်ပါတယ်။ Agonist တွေက တူညီတဲ့ receptor နဲ့ပေါင်းစပ်ပြီးတော့ နဂိုမူလ chemical တွေဖြစ်တဲ့ alpha-1 နဲ့ alpha-2 ပရိုတင်းတွေအတိုင်း လှုံ့ဆော်မှုတွေ ဖြစ်စေပါတယ်။ ဒီ chemical တွေက အာရုံကြောစနစ်ကို ငြိမ်စေကာ adrenaline ထုတ်လုပ်မှုကို လျော့နည်းစေပြီး သွေးပေါင်ချိန်ကျစေပါတယ်။

အသုံးများတဲ့ alpha-2 agonist ကတော့ methyldopa ဖြစ်ပြီး alpha-1 agonist ကတော့ phenylephrine နဲ့ pseudoephedrine တို့ဖြစ်ပါတယ်။ Central agonist ဆေးတွေကတော့ ဦးနှောက်ကနေ catecholamines တွေထုတ်လွှတ်ဖို့ လှုံ့ဆော်ပေးနေတာပဲ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ နှလုံးက အားစိုက်ညှစ်စရာမလိုဘဲ သွေးစီးဆင်းမှု ပိုလွယ်ကူစေပြီး သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။ methyldopa က ကိုယ်ဝန်ဆောင်သည် သွေးတိုးရင် သုံးရပါတယ်။

.

(၉) Vasodilators

Vasodilators တွေဟာ အထူးသဖြင့် arterioles လို့ခေါ်တဲ့ သွေးလွှတ်ကြောငယ်တွေရဲ့ သွေးကြောနံရံကြွက်သားတွေကို ပြေလျော့စေပါတယ်။ သွေးကြောတွေကို ကျယ်စေပြီး သွေးတွေကို ပိုမိုလွယ်ကူစွာ စီးဆင်းစေခြင်းဖြင့် သွေးပေါင်ကျစေပါတယ်။ သွေးတိုးအတွက် သီးသန့်သုံးတာ နည်းပါတယ်။ အမျိုးသားများ ပန်း​သေခြင်း၊ အဆုတ်​သွေးတိုးခြင်းတို့မှာ သုံးပါတယ်။

.

(၁၀) Direct renin inhibitors (DRI)

DRI တွေဟာ ခန္ဓာကိုယ်ရှိ renin လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေကို ပိတ်ဆို့ပေးခြင်းဖြင့် သွေးကြောတွေကို ကျယ်စေပြီး သွေးပေါင်ချိန်ကျစေပါတယ်။

.

(၁၁) Peripheral adrenergic inhibitors

Peripheral adrenergic inhibitors တွေဟာ ဦးနှောက်ရှိ neurotransmitter လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေကို ထိန်းညှိပြီး နှလုံးကြွက်သားတွေရဲ့ ညှစ်အားကိုထိန်းညှိပေးခြင်းဖြင့် သွေးပေါင်ကို ကျစေပါတယ်။ အခြားဆေးတွေနဲ့ ထိန်းလို့လုံးဝမရတဲ့ သွေးတိုးတွေမှာ သုံးပါတယ်။ ဒီမှာတော့ ဝယ်လို့မရသေးပါဘူး။

သွေးတိုး​ကျ​ဆေး​တွေ သောက်တဲ့အခါ အ​ရေးအကြီးဆုံးအချက်က ဆေးကို နေ့စဉ်မှန်မှန်​သောက်ဖို့ပါ။ သွေး​ပေါင်​ကောင်း​နေပြီဆိုပြီး ဆေးမရပ်ပစ်ရပါ။ တကယ်လို့ ဆေး​သောက်ရင်း အထိုင်အထ ခေါင်းမူး​သော ဝေဒနာနှင့် အခြားအလားတူ ဘေးထွက်ဆိုးကျိုးများ ပေါ်လာမှသာ ဆေး​လျှော့တာမျိုး လုပ်ရပါတယ်။

သွေးတိုးကျ​ဆေးများကို နှစ်မျိုးပေါင်း၊ သုံးမျိုး​ပေါင်း​တွေလည်း ပေး​လေ့ရှိပါတယ်။ ဆားလျှော့စားခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း စတဲ့ ကျန်းမာ​သော လူ​နေမှုဘဝပုံစံ​တွေကိုလည်း ကျင့်သုံးဖို့လိုပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ သွေးတိုးကျဆေးအမျိုးမျိုးဟာ လူနာတစ်ဦးချင်းစီရဲ့ အခြေအနေ၊ အသက်အရွယ်နဲ့ အခြားအချက်များစွာကို ထည့်သွင်းစဉ်းစားပြီးမှ တတ်ကျွမ်းတဲ့ဆရာဝန်က အသင့်တော်ဆုံး အမျိုးအစားတွေကို တစ်မျိုးတည်း ဖြစ်စေ၊ တွဲ၍ဖြစ်စေ ပေးမှာဖြစ်ပါတယ်။ မိမိသဘောနဲ့မိမိ ရွေးချယ်သောက်သုံးပါက ဘေးထွက်ဆိုးကျိုး အန္တရာယ်များ၊ သွေးပေါင်မထိန်းနိုင်ခြင်းနှင့် သွေးပေါင်အလွန်အမင်းကျဆင်းပြီး အသက်အန္တရာယ်ရှိနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်ပါတယ်။

ကိုးကား

Reference: 📚

https:// www. healthline. com /health/high-blood-pressure-hypertension-medication#vasodilators

.

——————————————–

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zerosc2

(၂) https://t.me/zerosc3

(၃) https://t.me/zerosc1

(နေ့စဥ် မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

Ministry of Health,
National Unity Government.

Published on: October 30, 2023
Last updated: October 30, 2023