“တယ်လီကျန်းမာမှာ အခုလိုဝန်ဆောင်မှုတွေ အခမဲ့ရရှိနေတယ်ဆိုတာ တော်တော်များများက မသိရှိကြသေးပါဘူး။ တချို့ဆိုရင်လည်း အခမဲ့ ဆိုတာ ယုံတောင် မယုံကြတာတွေ ရှိပါတယ်”
ဒေါက်တာမောင်ရင် (Program Manager)
အွန်လိုင်းမှတဆင့် ပြည်သူများကို ကျန်းမာရေးဝန်ဆောင်ပေးနေသည့် တယ်လီကျန်းမာ၏ တာဝန်ရှိသူ ဒေါက်တာမောင်ရင်ထံ MPA သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ တယ်လီကျန်းမာက အခုလက်ရှိလုပ်ဆောင်နေတဲ့ အချက်လေးတွေ ပြည်သူတွေကို ပြောပြပေးပါဦး။
ဖြေ။ ။ လက်ရှိမှာတော့ တယ်လီကျန်းမာဟာ ရောဂါကာကွယ်ရေးနဲ့ ကုသရေးဆိုပြီး ကဏ္ဍ(၂)ခုကို ဆောင်ရွက်နေပါတယ်။
ရောဂါကာကွယ်ရေးနဲ့ပက်သတ်လို့ အဓိကအားဖြင့် ပြည်သူတွေ ကျန်းမာရေးအမြင်ပွင့်လင်းလာစေဖို့နဲ့ ဗဟုသုတတိုးပွားလာဖို့ ရည်ရွယ်ဆောင်ရွက်ပါတယ်။
နေ့စဥ် ကျန်းမာရေးပညာပေးပိုစ့်လေးတွေကို ပုံမှန်တင်ဆက်ပေးနေပြီး ၊ ကျန်းမာရေးဗဟုသုတဆိုင်ရာ ပဟေဠိလေးတွေ ဖြေခိုင်းတာမျိုးတွေ ၊ နောက်ဆုံးရ ကျန်းမာရေးသတင်းအချက်အလက်တွေ မျှဝေတာမျိုးတွေ လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် ပြည်သူတစ်ဦးချင်းစီက သူတို့သိလိုတာတွေ မေးမြန်းလာတာမျိုးရှိတဲ့အခါမှာလည်း လက်ခံဖြေကြားပေးလျက်ရှိပါတယ်။
ကုသရေးပိုင်းအနေနဲ့ကတော့ လက်ရှိမှာ အထွေထွေဆေးခန်း (၃)ခု ၊ အထူးကုဆေးခန်း (၂၂)ခု ဖွင့်လှစ်ထားရှိပြီး လူနာများကို နေ့စဥ် အွန်လိုင်းမှ ကြည့်ရှုကုသမှုပေးလျက်ရှိပါတယ်။ကိုဗစ်ကာလတုန်းကဆိုရင် နောက်ထပ် ကိုဗစ်သီးသန့်ဆေးခန်း (၅)ခု တိုးချဲ့ဖွင့်လှစ်ကုသပေးခဲ့ပါတယ်။
မေး။ ။ တယ်လီကျန်းမာက NUG အစိုးရဲ့ လမ်းညွှန်မှုအောက်မှာ ရှိနေတာလား။
ဖြေ။ ။ တယ်လီကျန်းမာဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန NUG, MOH ရဲ့ အခမဲ့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ (၁၉-၆-၂၀၂၁)၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ခုလာမယ့် (၁၉-၆-၂၀၂၂) ဆိုရင် တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။
မေး။ ။ လူနာတွေ (ပြည်သူတွေ) ကို ဘယ်လိုနည်းနဲ့ ဝန်ဆောင်မှုပေးနေတာလဲ။ အခကြေးငွေတို့ဘာတို့ရောယူလား။
ဖြေ။ ။ ပထမဆုံးအချက်ကတော့ တယ်လီကျန်းမာရဲ့ ဝန်ဆောင်မှုတိုင်းဟာ အခမဲ့ ဖြစ်ပါတယ်။ အခကြေးငွေ လုံးဝ ယူဆောင်လက်ခံခြင်း မရှိပါဘူး။
လူနာတွေ (ပြည်သူတွေ) ကို ဘယ်လိုနည်းနဲ့ ဝန်ဆောင်မှုပေးသလဲဆိုတာကတော့ အပေါ်မှာပြောထားသလို ကျန်းမာရေးဗဟုသုတပေးတာ ၊ သတင်းအချက်အလက်မျှဝေတာတွေအတွက် ဖေ့စ်ဘွတ်ကို အသုံးပြုပါတယ်။
ဆေးခန်းပြပြီး ကုသမှုခံယူလိုသူတွေအတွက်ကတော့ တယ်လီကျန်းမာဆေးခန်းတွေဟာ Telegramကိုအသုံးပြုပြီး ကြည့်ပေးတာဖြစ်ပါတယ်။
လူနာတွေအနေနဲ့ ပထမဦးစွာ အထွေထွေဆေးခန်းမှာ အရင်ပြသရမှာပါ။ အထွေထွေဆရာဝန်များက လူနာကိုကြည့်ရှုအပြီးမှာ အထူးကုနဲ့ပြဖို့လိုတဲ့လူနာတွေကို သက်ဆိုင်ရာ အထူးကုဆေးခန်းကို စနစ်တကျလွှဲပို့ပါတယ်။
တယ်လီကျန်းမာမှာ အထွေထွေဆေးခန်းတွေ (၃)ခုရှိတဲ့အနက် (၂)ခုကတော့ ကြိုတင်ဘိုကင်ယူပြီးမှ ပြသလို့ရပါမယ်။ ကျန်တစ်ခုကတော့ ဘိုကင်ယူစရာမလိုပဲ တိုက်ရိုက်ဝင်ပြလို့ရအောင် စီစဥ်ထားပါတယ်။ ကိုယ့်ရှေ့မှာပြနေတဲ့လူနာရှိရင်တော့ တန်းစီစောင့်ရတာပေါ့။
အနည်းငယ် ဆက်လက်ရှင်းပြလိုပါတယ်…
တယ်လီကျန်းမာရဲ့ ဖေ့ဘွတ်ပိုစ့်တိုင်းမှာ Messenger linkနဲ့ ဘိုကင်ယူစရာမလိုတဲ့ အထွေထွေဆေးခန်းတစ်ခုရဲ့ Telegram linkကို အမြဲထည့်သွင်းပေးထားပါတယ်။
လူနာအနေနဲ့ အဲဒီ့ Telegram Linkကနေတစ်ဆင့် အလွယ်တကူ တစ်ခါတည်း ဆေးခန်းပြလို့ ရပါတယ်။ အားနည်းချက်ကတော့ လာပြတဲ့လူနာများနေရင် ကိုယ့်ရှေ့အရင်ရောက်နေတဲ့လူနာတွေကြည့်ပြီးမှ ကိုယ့်အလှည့်ရောက်မှာမို့ တစ်ခါတရံ (၁၅)မိနစ် ၊ နာရီဝက်လောက် Telegramက မထွက်ဘဲ သည်းခံစောင့်ဆိုင်းပေးဖို့ လိုအပ်ပါတယ်။
Messenger team ကတော့ ဘိုကင်ယူပြီးဆေးခန်းပြလိုသူတွေ အဆင်ပြေစေဖို့ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
( ဥပမာ၊ ၊ ဆေးခန်းပြလိုသူတွေမှာ Telegram မရှိသေးရင် Telegram အကောင့်ဖွင့်ဖို့ ကူညီပေးတာမျိုး ၊ ဆေးခန်းပြဖို့ ဘိုကင်ယူပေးတာမျိုး ၊ တခြားသိလိုတာတွေ ဖြေကြားပေးတာမျိုးပါ )
ဘိုကင်ယူပြီး ဆေးခန်းပြမယ့် လူနာတွေအတွက်ကတော့ လူနာတစ်ဦးကို ဆွေးနွေးမေးမြန်းချိန် (၁၅)မိနစ် သတ်မှတ်ထားပါတယ်။
မေး။ ။ ဆွေးနွေးကုသမှုပိုင်းမှာ ဘယ်လိုလုပ်ဆောင်ပေးလဲခင်ဗျာ။ ဥပမာ ဆရာဝန်တွေအပိုင်းမှာ CDM ဆရာဝန်တွေက လုပ်ဆောင်ပေးနေတာလား။
ဖြေ။ ။ ဆွေးနွေးကုသမှုအနေနဲ့ Telegram ရဲ့ Video Call (သို့မဟုတ်) Voice Call ကနေ ပြုလုပ်ပေးပါတယ်။ လူနာဘက်က အင်တာနက်လိုင်းမကောင်းတာမျိုးဆိုရင်တော့ Voice message (သို့) ရိုးရိုး message ပို့ပြီးတော့ပဲ ဆွေးနွေးပေးပါတယ်။
သွေးစစ် ၊ဆီးစစ် ၊ဓါတ်မှန်ရိုက်တာမျိုးတွေနဲ့ ဆေးဝယ်သောက်ဖို့ကိစ္စတွေကတော့ လူနာတွေ ကိုယ့်ဟာကိုယ် အပြင်မှာလုပ်ရမှာပါ။ တယ်လီကျန်းမာဆရာဝန်တွေအနေနဲ့က ကိုယ်တတ်ကျွမ်းထားတဲ့ ဆေးပညာ ဥာဏအားကိုအသုံးပြုပြီး စေတနာနဲ့ ဆွေးနွေးလမ်းညွှန်ပေးမှာပါ။
တယ်လီကျန်းမာဆရာဝန်တွေဟာ အကြမ်းမဖက် အနုနည်းနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ CDM ဆရာဝန်တွေ ပါဝင်သလို ၊ ကမ္ဘာအနှံ့မှာရှိနေကြတဲ့ မြန်မာပြည်ဖွား ဆရာဝန်တွေ အထူးကုကြီးတွေလည်း ပါဝင်ပါတယ်။ အခြား CDM ကျန်းမာရေးပညာရှင်တွေလည်း ပါဝင်ဆောင်ရွက်ပေးနေပါတယ်။
မေး။ ။ လူနာတွေအနေနဲ့ ဘယ်လိုရောဂါတွေကို လာရောက်ဆွေးနွေးလို့ ရပါသလဲ။
ဖြေ။ ။ အပေါ်မှာပြောခဲ့ဖူးသလို တယ်လီကျန်းမာမှာ အထွေထွေဆေးခန်း (၃)ခုအပြင် အထူးကုဆေးခန်း (၂၂)မျိုးအထိ လက်ခံကြည့်ရှုပေးနေတာကြောင့် အပြင်မှာသာဆို ဆေးရုံတစ်ခုဖွင့်လို့ရတဲ့ အနေအထားပါ။
ဘယ်လိုရောဂါမဆို လာရောက် ဆွေးနွေးတိုင်ပင်လို့ ရပါတယ်။
မေး။ ။ တယ်လီကျန်းမာဆီကို ယခု လူနာတွေဘယ်လောက် လာရောက်ကုသနေလဲ။ စိတ်ဝင်စားမှုရှိရဲ့လား။
ဖြေ။ ။ စတင်ဖွင့်လှစ်ချိန်ကနေဆို အခုထိ လူနာပေါင်း (၈)သောင်းကျော် လာရောက်ကုသမှုခံယူခဲ့ကြပါတယ်။ အဓိကကတော့ ကိုဗစ်ကာလမှာ လူနာတော်တော်များခဲ့ပါတယ်။အခုချိန်မှာတော့ နေ့စဥ် လူနာ (၁၀၀)နီးပါး လာရောက် ဆွေးနွေးကုသမှုခံယူလျက်ရှိပါတယ်။
မေး။ ။ ဘယ်လိုရောဂါတွေကို အများဆုံး လာရောက် ဆွေးနွေးကုသကြသလဲ။
ဖြေ။ ။ အမျိုးစုံပါဘဲ။ သာမာန် တုပ်ကွေးဖျားနာကစလို့ နာတာရှည်ရောဂါတွေ ၊ အရေးပေါ်ကိစ္စတွေ ၊ ကင်ဆာသမားတွေ ၊ စိတ်ကျန်းမာရေးပြဿနာတွေ ၊ အသည်း နှလုံး အဆုတ် ကျောက်ကပ် အကြောအဆစ် ဦးနှောက်နဲ့အာရုံကြော မျိုးစုံအောင် လာပြကြပါတယ်။ အရင်ကတော့ COVID19 လူနာတွေများခဲ့တာပေါ့။ Third wave တုန်းကဆိုရင် COVID19 လူနာ ၆၅,၀၀၀ ကျော်အထိ ကြည့်ပေးနိုင်ခဲ့တယ်။ ဒီနောက်ပိုင်းမှာ သိသိသာသာများလာတာကတော့ စိတ်ကျန်းမာရေးပြဿနာတွေကို လာရောက်တိုင်ပင်သူတွေဖြစ်ပါတယ်။ အဲ့ဒီအတွက်လဲ တယ်လီကျန်းမာ မှာ စိတ်ကျန်းမာရေးအထူးကုဆရာဝန် (၁၀)ဦး အထိ တိုးချဲ့ခန့်အပ်ထားသည့် အပြင်၊ အခြား MOWYCA (Ministry of Women, Youths and Children Affairs) ဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ “တိုင်ပင်ဖော်”၊ MOHADM (Ministry of Humanitarian Affairs and Disaster Management ) ဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ ”Mind Healers” အစရှိတဲ့ စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို ဝန်ဆောင်မှုပေးလျက်ရှိတဲ့ အဖွဲ့အစည်းများနဲ့ပါ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ အခြားဖြည့်စွက်ပြောလိုတာလေးတွေကို ပြည်သူတွေကို ပြောပြပေးပါဦး။
ဖြေ။ ။ ဟုတ်ကဲ့…တယ်လီကျန်းမာမှာ အခုလိုဝန်ဆောင်မှုတွေ အခမဲ့ရရှိနေတယ်ဆိုတာ တော်တော်များများက မသိရှိကြသေးပါဘူး။ တချို့ဆိုရင်လည်း အခမဲ့ ဆိုတာ ယုံတောင် မယုံကြတာတွေ ရှိပါတယ်။
တစ်ကယ်တမ်းပြသကြည့်ပြီးမှ လူနာတွေ ဘယ်လောက်အဆင်ပြေသလဲဆိုတာ သူတို့ကိုယ်တိုင် သိရှိသွားတာပါ။
( တယ်လီကျန်းမာ ဖေ့စ်ဘွတ်ခ်ပိုစ့်တွေရဲ့ commentတွေမှာ လူနာတွေရေးထားတဲ့ အမြင်လေးတွေကို ဝင်ကြည့်ကြည့်လို့ရပါတယ် )
တချို့ဆိုရင် ဆေးခန်းပြပြီးမှ ကျွန်တော်တို့ရဲ့စေတနာကို နားလည်သွားပြီး အလှူငွေထည့်ချင်လို့ပါဆိုပြီး ပြောလာတာတွေလည်း အများကြီး ရှိပါတယ်။
( အရင်ကတော့ အလှူငွေလက်ခံခြင်း လုံးဝ မရှိခဲ့ပေမယ့် လှူဒါန်းလိုသူတွေများပြားလာတာကြောင့် ခုနောက်ပိုင်းမှာတော့ ဖုန်းဘေလ်ငွေဖြည့်ကဒ်အနေနဲ့ လက်ခံပေးလိုက်ပါတယ်။ တယ်လီကျန်းမာ အနေနဲ့ကတော့ လုံးဝအလှူခံခြင်း မရှိပါဘူး )
နောက်ထပ် အားနည်းချက်တစ်ခုအနေနဲ့ကတော့ ပြည်သူတွေက ဖေ့စ်ဘွတ်ခ်ထက်စာရင် Telegram အသုံးပြုသူနည်းနေသေးတဲ့အတွက် တယ်လီကျန်းမာဆေးခန်းတွေအနေနဲ့ ဒီကိစ္စက စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရှိနေပါသေးတယ်။
ဘာပဲပြောပြော မိမိလက်လှမ်းမီသလောက် တယ်လီကျန်းမာအကြောင်းလေး လက်ဆင့်ကမ်း မျှဝေပေးပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုပါတယ်။ ကျေးဇူးတင်ပါတယ်
#Interview#MPA
Ministry of Health,
National Unity Government.

Published on: 6 June 2022
Last Updated: 6 June 2022