“Irritable Bowel Syndrome (IBS)” (April 2023)

ဒီတစ်ပတ်ရဲ့ “အစားအသောက်နဲ့ အာဟာရ” အပိုင်းလေးမှာတော့ Irritable Bowel Syndrome ( IBS ) လို့ခေါ်တဲ့ရောဂါမှာ ဘယ်လိုစားသောက်ပြုမူသင့်တယ် ဆိုတာလေးကို ပြောပြပေးသွားမှာပါ။

IBS နဲ့ မရင်းနှီးသေးသူအချို့အတွက်တော့ IBS ဆိုတာ ဘာလဲလို့ အရင်ဆုံးသိချင်ကြမယ် ထင်ပါတယ်။

တကယ်တော့ IBS ဟာ ရောဂါကြီးကြီးမားမား တိတိပပ ဖြစ်တာမျိုးမဟုတ်ဘဲ…အမြဲလိုလို ဗိုက်အောင့်လွယ်တာမျိုး၊ ၀မ်းချုပ် (ဒါမှမဟုတ်) ၀မ်းလွယ်တာမျိုး၊ လေပွလေထတာ၊ အစာမကြေတာတို့လို ထစ်ခနဲရှိ အူလမ်းကြောင်းမှာ နေထိုင်မကောင်းဖြစ်တဲ့ လက္ခဏာတွေစုထားတဲ့ အူလမ်းကြောင်းရောဂါတစ်မျိုးလို့ အလွယ်မှတ်ထားလို့ ရပါတယ်။

တစ်ယောက်နဲ့တစ်ယောက်မှာ ဖြစ်တဲ့လက္ခဏာချင်းတော့ အနည်းငယ်ကွဲတတ်ပါတယ်။ ဒါပေမယ့် လူကြီးငါးယောက်မှာ တစ်ယောက်ဖြစ်လေ့ရှိတာမို့ မရှားဘူးလို့ပဲ ပြောပါရစေ။

တစ်ချို့ကျတော့လည်း လေပွလွယ်တာလောက်ပဲဖြစ်ပြီး ၀မ်းလွယ်တာလောက်ပဲ ဖြစ်ပါတယ်။ တစ်ချို့မှာတော့ ခဏခဏဆေးခန်းပြ၊ ဆေးသောက်လည်း မသက်သာ၊ မအီမသာဖြစ်တဲ့အထိ ခံစားရဆိုးတာမျိုး ဖြစ်ကြပါတယ်။

မိမိကိုယ်မိမိ IBS လို အူစိတ်တိုရောဂါ ဖြစ်နေပြီလို့ သံသယရှိရင်တော့ အောက်ပါအချက်တွေထဲက (၂) ချက်လောက်တော့ (၆) လနဲ့အထက် ဖြစ်ဖူးရပါမယ်..

၁။ ၀မ်းသွားမမှန်ခြင်း – ၀မ်းသွားလိုက်/၀မ်းချုပ်လိုက်ဖြစ်လွယ်တာပါ။

၂။ လေထတာပါ – လေထပြီဆိုရင်လည်း ဗိုက်ထဲ လေတွေအရမ်းများနေသလို ခံစားရပြီး ဗိုက်ပူလာတယ်တောင် စိတ်ထင်တတ်ပါတယ်။ တဗုံးဗုံးနဲ့ စည်ကြီးလိုပဲ ထုလိုက်တာနဲ့ “အဲ့ … အဲ့” ဆိုပြီး လေတွေတက်ပါရော။

၃။ စားလိုက်ရင်ပိုဆိုးလို့ အစားကို စားချင်ရက်နဲ့ စားရမှာကြောက်တာမျိုး

၄။ ၀မ်းသွားရင် ချွဲတွေပါ ပါတာ

ဒီလိုမျိုးလက္ခဏာတွေအပြင် ကိုယ်က တစ်ခုခုကြောင့် မအီမသာဖြစ်ပြီဆိုရင် နုံးပြီး ခါးနာ၊ ဗိုက်အောင့် စတာတွေလည်း တွဲတတ်ပါတယ်။

ကဲ….သေချာအောင်ကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းအထူးကုနဲ့ ပြဖို့လိုပါမယ်နော်။

..

..

IBS လို့ ဆရာ၀န်က confirm ပြောပြပေးလိုက်ရင်တော့ ဒါလေးတွေ လုပ်နိုင်ပါတယ်။

👇
👇
👇

• FODMAP diet လို့ခေါ်တဲ့ သကြားနဲ့ သကြားလို အလားတူဓာတ်ပါတဲ့ အစားအစာတွေစားရင် အူလမ်းကြောင်းမှာ လေပိုထတာကြောင့် ရှောင်ရင်ပိုကောင်းပါတယ်။ FODMAP ပါတဲ့ အစားအစာတွေကို ရှောင်ရမှာပါ။ (ဥပမာ – ပဲက FODMAP ပါလို့ ရှောင်တာမျိုးပါ)

• အစားကို အချိန်မှန်စားပါ။ အချိန်လွန်တာမျိုး မဖြစ်ပါစေနဲ့။

• တစ်နပ်စီတိုင်းကို ဗိုက်အရမ်းမတင်းအောင် မနည်း/မများ ပမာဏချင့်ချိန်စားပါ။

• (၃) နပ်စားတာ ပိုကောင်းပါတယ်။

• ညအချိန်မတော်ကြီး ထပ်မစားပါနဲ့။

• အရက်ဘီယာ ရှောင်ပါ။

• ဂတ်စ်ပါတဲ့ အအေးတွေ လျှော့ပါ။

• ကော်ဖီလို ကဖင်းပါတဲ့အရည်တွေ (၂) ခွက်ထက် ပိုမသောက်ပါနဲ့။

• အသီးအနှံလေး အနည်းငယ်စားပေးပါ။ တစ်နေ့ကို ငှက်ပျောသီးတစ်လုံးထက်မပိုတဲ့ ပမာဏမျိုးပေါ့။ အများကြီးစားရင်လည်း လေထနိုင်ပါတယ်။

• ဆီကြော် ရှောင်ပါ။ အလားတူ ဆီများတာတွေပါ ရှောင်ပါ။ (ဥပမာ – ထိုးမုန့်၊ ဟာလ၀ါ စသည်ဖြင့်)

• တစ်နေ့ ရေ (၈) ခွက် အနည်းဆုံးသောက်ပါ။

(ရေကိုပဲ ပြောတာပါ…အခြားအရည် မပါပါဘူး)

အခြား လုပ်ဆောင်သင့်တာတွေကတော့ အူလမ်းကြောင်းရဲ့ ကိုယ်ခံအားတက်အောင် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးတာမျိုး၊ အားကစားတစ်ခုခု လုပ်ပေးတာမျိုး လုပ်နိုင်ပါတယ်။ နောက်ပြီး စိတ်တည်ငြိမ်စေတဲ့ တရားထိုင်တာမျိုး၊ ယောဂ လေ့ကျင့်တာမျိုး လုပ်ပေးပါ။

အစားစားတဲ့အချိန်မှာလည်း အစားအစာအပေါ် အာရုံအပြည့်အ၀ထားပြီး ဖြေးဖြေးစားတာမျိုးလုပ်ပါ။

မိမိခံစားရတဲ့ လက္ခဏာတွေအတွက် “ကျန်းမာရေး ဒိုင်ယာရီ” ပုံစံမျိုးလုပ်ပြီး… နိုးချိန်၊ အိပ်ချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ ဘာတွေစားဖြစ်တယ်၊ ဆီးသွား/၀မ်းသွားနဲ့ ဗိုက်ပြဿနာတစ်ခုခုရှိခဲ့ရင် ဖြစ်တဲ့လက္ခဏာကို အသေးစိတ်မှတ်တာမျိုးလုပ်ပြီး ဆရာ၀န်နဲ့ ပြန်ပြနိုင်ပါတယ်။ နေ့စဥ်မှတ်တမ်းဖြစ်လို့ မိမိရောဂါရဲ့အတိမ်အနက်ကို ဆရာ၀န်က ခန့်မှန်းရပိုလွယ်စေပါတယ်။

..

..

ကဲ…ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ

FODMAP ပါတဲ့ အစားအစာအသေးစိတ်ကိုတော့ နောက်အပတ်မှာ တင်ဆက်ပေးသွားမှာမို့ ဆက်လက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…။

အာဟာရအထူးကုဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

Reference : 📚

British Dietetic Association: IBS & Food facts

Ministry of Health,

National Unity Government.

Published on: 30 April 2023

Last updated: 30 April 2023