“Keeping your heart healthy” (March 2024)

နှလုံးသားကလေး ကျန်းမာစေဖို့
ကျွန်တော်တို့ကို အသက်ဆက်နေနိုင်အောင် အမြဲမပြတ် ခုန်လှုပ်ပေးနေရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကလေးတစ်ခု ရှိပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ “နှလုံးသားကလေး” ပါပဲ။ နှလုံးသားလေးဟာ အသက်အရွယ် ကြီးရင့်လာလို့ဖြစ်စေ၊ ကျွန်တော်တို့ရဲ့ ကျန်းမာရေးမလိုက်စားမှု၊ မဆင်ခြင်မှုတွေကြောင့်ဖြစ်စေ တစ်နည်းနည်းနဲ့ နာမကျန်းဖြစ်တတ်ပါတယ်။ ဒီတော့ နှလုံးသားကလေး ကျန်းမာနေစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ဖတ်ရှုလိုက်ကြရအောင်နော်။


🫀နှလုံးရောဂါဟာ ဘာတွေကြောင့် ဖြစ်နိုင်သလဲ….
– နှလုံးရောဂါနဲ့ပတ်သက်ပြီး မျိုးရိုးရှိရင်
– အသက် (၄၅) နှစ်ကျော်လာရင်
– ဆေးလိပ်သောက်တတ်သူဖြစ်ရင်
– ကိုယ်လက်လှုပ်ရှားမှု အားနည်းသူဖြစ်ရင်
– ကိုယ်အလေးချိန် မထိန်းသိမ်းရင်
– ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ မဟုတ်ရင် နှလုံးရောဂါဖြစ်လာဖို့ အခွင့်အလမ်း ပိုများပါတယ်။


အဖြစ်များတဲ့ နှလုံးရောဂါတွေက ဘာတွေလဲ….
– နှလုံးအဆီဖုံးရောဂါ
– နှလုံးသွေးကြောကျဥ်းရောဂါ
– နှလုံးသွေးဝိုင်းရောဂါ (Pericardial effusion)
– နှလုံးခုန်စည်းချက်မမှန်ရောဂါ (Atrial fibrillation)
– နှလုံးကြွက်သားပုပ်ရောဂါ (Myocardial infarction)
– နှလုံးပိုးဝင်ခြင်း (Infective endocarditis)
– နှလုံးလေးဖက်နာရောဂါ
– မွေးရာပါနှလုံးရောဂါ စတဲ့ နှလုံးရောဂါအမျိုးအစားတွေ မျိုးစုံရှိပါတယ်နော်။


ကဲ ဒီလိုဆိုရင် နှလုံးရောဂါတွေ ဖြစ်မလာအောင် ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ကြရအောင်….
🥦 အစားအသောက်ကို ဆင်ဆင်ခြင်ခြင်စားသုံးပါ….
နှလုံးကျန်းမာရေးအတွက် အစေ့အဆန်‌တွေ၊ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားသုံးပေးပါ။ အဆီများတဲ့အစားအစာတွေ၊ ပြည့်ဝဆီပါဝင်တဲ့ အဆီအဆိမ့်တွေ၊ သကြားနဲ့ အငန်အရသာပါတဲ့ စားစရာတွေ စတာတွေကို တတ်နိုင်သလောက် ရှောင်ကြဥ်ရပါမယ်။
.
🍺အရက်၊ ဘီယာစတဲ့ အယ်ကို‌‌ဟောပါဝင်တဲ့အရည်တွေကို အလွန်အကျွံမသောက်သုံးပါနဲ့….
အဲဒါတွေကို အလွန်အကျွံသောက်သုံးလေ့ရှိနေမယ်ဆိုရင် နှလုံးရောဂါဖြစ်စေဖို့ ရာခိုင်နှုန်းပိုများတာကြောင့် ချင့်ချိန်ပြီး သောက်သုံးသင့်ပါတယ်နော်။
.
🏊‍♂️ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပါ….
ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးတာဟာ နှလုံးနဲ့သွေး‌ကြောအဖွဲ့အစည်းအတွက် ကောင်းကျိုးတွေ အများကြီး ရရှိစေနိုင်လို့ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ ပြေးတာစတဲ့ အားကစားတစ်ခုခုကို ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။
.
🧘‍♂️ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ….
အဝလွန်တဲ့သူတွေဟာ မကူးစက်နိုင်သောရောဂါတွေ (Non-communicable diseases NCDs) ဖြစ်တဲ့ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေပိုများတာမို့ မိမိကိုယ်အလေးချိန်ကို ပုံမှန်ထိန်းသိမ်းရပါမယ်။
.
🚬 ဆေးလိပ်ရှောင်ပါ….
ဆေးလိပ်သောက်တာဟာ နှလုံးအတွက်ရော တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေအတွက်ပါ ဆိုးကျိုးဖြစ်စေတတ်လို့ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်တိုင်ဆေးလိပ်မသောက်ရင်တောင်မှ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်း (Passive smoking) ဟာလည်း ဆေးလိပ်ကို ကိုယ်တိုင်သောက်သလိုပဲ ဆိုးကျိုးဖြစ်စေတာမို့ ဆေးလိပ်သောက်သုံးမှုများတဲ့ ပတ်ဝန်းကျင်တွေကို သွားရောက်လည်ပတ်တာမျိုး မလုပ်မိအောင် ဂရုစိုက်ရပါမယ်နော်။
.
🤞စိတ်ဖိစီးမှုကို လျှော့ချပါ….
စိတ်ဖိစီးမှုကို လျှော့ချခြင်းက သင့်ကို နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ စိတ်ကျဝေဒနာခံစားရတာတွေကနေ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်တာ စတာတွေက စိတ်ဖိစီးမှုကို လျှော့ချ‌စေနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေပါပဲ။
.
ကဲ… ခုဆို ဆောင်ရန်၊ ရှောင်ရန်လေးတွေကို အတော်လေး သိသွားလောက်ပါပြီ။ အဲဒါလေးတွေကို လိုက်နာကျင့်သုံးပြီး နှလုံးသားလေးတွေ ကျန်းမာလန်းဖြာနေကြမယ်ဆိုရင်ကို ဝမ်းသာနေမှာပါလို့ပြောရင်း နိဂုံးချုပ်လိုက်ပါရစေနော်။
Reference: 📚
Myheartfinder : Keep your heart healthy
.
——————————————–
.

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

……

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း

Ministry of Health,
National Unity Government.

Published on: March 22, 2024
Last updated: March 22, 2024