အမေရိကန်ပြည်ထောင်စု၊ ကင်တာကီပြည်နယ်၊ လူဝီဗီးလ်မြို့တွင် CRPH နှင့် NUG တာဝန်ရှိသူများက မြန်မာမိသားစုများနှင့် တွေ့ဆုံဆွေးနွေး (၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်)

ဇွန်လ (၁၀) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ကင်တာကီပြည်နယ်၊ လူဝီဗီးလ်မြို့၌ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့သည် မြန်မာမိသားစုများနှင့် နွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် NUG ပြည်ထောင်စုဝန်ကြီးများက နွေဦးတော်လှန်ရေး မျက်မှောက်အခြေအနေများကို ပွင့်လင်းလွတ်လပ်စွာ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်လာသူများကလည်း အကြံပြုချက်များ ပြန်လည်ဆွေးနွေးခဲ့ကြပြီး နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ၁၉၉၀ ခုနှစ်၊ ရွေးကောက်ပွဲ ရွေးကောက်ခံ လွှတ်တော်အမတ် ဒေါက်တာတင့်ဆွေနှင့် ဝါရင့်နိုင်ငံရေးသမားကြီး ဝါးခယ်မ သခင်သိန်းမောင် (ကွယ်လွန်) ၏ သားဖြစ်သူ ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲ ရွေးကောက်ခံ လွှတ်တော်အမတ် ဦးဇော်သိန်းတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

(ဓာတ်ပုံ – ခင်မောင်လေးနှင့် ဒေါက်တာတင့်ဆွေ)

ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 12 June 2023
Last updated: 12 June 2023