Ko Bo K and Edible Oil : Part (10) (August, 2022)

ကိုဘိုကေနဲ့ စားအုန်းဆီဂယက်

“ကိုဘိုကေ”

“ဟေ”

မဒမ်ကေခေါ်သံကို ပြန်ထူးရင်း မျက်ခုံးပါ ပင့်ပြလိုက်ပြီး ‘ပြော’ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကိုဘိုကေ အိုက်တင် ပေးလိုက်တယ်…။

“ရှင် ဆီ‌ဈေးတွေ တက်နေတာသိလား”

“ဟ…မသိဘဲနေမလား မိန်းမရ..ဆီဆိုင် တော်တော်များများမှာ ဆိုင်ကယ်ကို မပေးတော့ဘူး။ ကားတွေ ပြန်တန်းစီနေရပြီ…အဲဒါနဲ့ပတ်သက်ပြီး သတင်းတွေအမျိုးမျိုး တက်နေတယ်..သီလဝါ မှာ ဆီတင်သင်္ဘောက ‘ဒေါ်လှ’နဲ့ မရှင်း လို့ မကပ်သေးတာဆိုတာ တောင်ပါသေး။ သေချာတာက ဆီဆိုင်တွေမှာ ဆီလိုသလောက်မရ ပြန်ဖြစ်နေပြီဆိုတာပဲ..ကဲ.. မင်း ဘာသိချင်သေးလဲ…”

“ဓာတ်ဆီဈေးတက်တာ ပြောတာမဟုတ်ဘူး..ဓာတ်ဆီဈေးတက်တာ ကျမသိတယ်..ရှင်က နည်းနည်းလေးတော့ လွဲလိုက်ရမှ…ကျမပြောတာက စားအုန်းဆီရှင့်. .စားအုံးဆီဈေးတက်တာကို ပြောတာ အခု တပိသာ ၁ သောင်းကျော် နေပြီ..အဲ့ဒီ ကိစ္စကို ပြောတာ”

“လျှော့စား..လျှော့ချက်ပေါ့ကွာ..ဒါများ”

“မစားနိုင်ဘူးတော်ရေ…အကုန်ချွေတာနိုင်ပေမယ့် ကျမကတော့ ဟင်းဆို ဆီပြန်လေးမှ…..ဒါလေး အားပြု စားနေရတာလေ”

“အေးပါ မိန်းမရာ”

“ခု စားအုံးဆီကို အပြင်ပေါက်ဈေးနဲ့ တဝက်ချပြီးရောင်းနေတယ်..လူတယောက်ကို ၂ဘူးနှုန်းနဲ့ လိုက်ရောင်းနေပြီ…တန်းစီနေကြတာ အကုန်ရတာလည်းမဟုတ်ဘူး.. စားအုံးဆီဈေးက ရွှေဈေး ဆန်ဈေးလိုမျိုး လိုက်တက်လို့ကတော့ သေပြီဆရာ”

“တခုတော့ ကောင်းတယ်ကွ”

“ဒီလောက် ဆန်၊ ဆီလိုမျိုး အခြေခံစားကုန်တွေ ဈေးတက်နေတဲ့ ခေတ်ကြီးကိုနော် ရှင်မို့လို့ ကောင်းတယ် ပြောရက်တယ် ကိုဘိုကေ”

“မဟုတ်ပါဘူးကွာ ငါတို့ ဗမာလူမျိုးတွေက ဆီစားတာက ကြမ်းချက်လေ။ မွေးကတည်းကနေ သေတဲ့အထိ ဆီစားကြမ်းချက်က နောက်ဆက်တွဲ ရောဂါတွေကလည်း စုံလို့၊ အသည်းအဆီဖုံး နှလုံး စုံနေတာပဲ”

“အဲတော့ မစားနဲ့ ဈေးတက်တာ ကောင်းတယ် ရှင်ဆိုလိုချင်နေတာမလား”

“ဒါပေါ့ ငါ့မိန်းမရ၊ ဆီဈေးတွေ တက်တော့ ဆီလျှော့စားဖြစ်မယ်၊ ဒယ်အိုးထဲ ဆီထည့်ခါနီးတိုင်း ဆီဈေးနှုန်းလေး ရွတ်ပြီးတော့သုံးရင် လျှော့သုံးဖြစ်လာတာပေါ့ကွ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တခုဆင်ခြင်ပြီးသားဖြစ်လို့ ကောင်းတယ်ပြောတာလေ”

“ရှင်ပြောတာ မမှားပါဘူး။ ဒါပေမယ့်မွေးကတည်းက ပါလာတဲ့အကျင့်လေ၊ အနည်းဆုံး ငပိချက် လေးနဲ့စားရ စားရ ဆီလေးပါတော့ ထမင်းစားရတာ လျောခနဲ ဖြစ်တာပေါ့လို့”

“ဟုတ်ပါတယ်။ မင်းကိုသာပြောတာ ယောကျာ်းလည်း ဒီကာချာ(ယဉ်ကျေးမှု)ထဲက လူတယောက်ပဲ ဘယ်တုံးတိဖြတ်ရမလဲ၊ လျှော့သုံးတော့ ကျန်းမာရေးအတွက် ကောင်းတာပေါ့ကွာ ကျန်းမာရေး ကောင်းတော့ အသက်ရှည်တာပေါ့”

“အသက်ရှည်တော့”

“ဟ မင်းမကြားဖူးဘူးလား စာရေးဆရာကြီး ဗန်းမော်တင်အောင်က ကဗျာဆရာကြီး ဒဂုန်တာရာ ကို ပြောဖူးတဲ့ စကားလိုပေါ့..(ကိုဌေးမြိုင်..ရေ ရန်သူက သေစေချင်တဲ့အခါ မသေအောင် နေပေးရ တာလဲ တိုက်ပွဲတခုဗျ) ဆိုတာလေ”

“လျှော့သုံးမယ်ရှင်၊ မသာတွေ ပြည်သူ့ကျိန်စာမိပြီး အတုံးအရုံးနဲ့သေတာကို မြင်ချင်သေးတယ်၊ ဟုတ်တယ်၊ ရှင်ပြောသလို ချွေလည်း ချွေတာပြီး ဖြစ်သလို ကျန်းမာရေးလည်း စောင့်ရှောက်သလို လည်း ဖြစ်တယ်။ ခွေးတွေက ကျမတို့ကို တနည်းမဟုတ်တနည်းနဲ့ သေစေချင်နေကြတာ”

“စစ်ခွေးတွေ သေတာမြင်ရဖို့ စားဆီသုံးတာ လျှော့ကြစို့ ဟား ဟား…..

အဲ…..ရှူး..တိုးတိုး”

The End

Ministry of Health,

National Unity Government.

Published on: 16 August 2022
Last Updated: 16 August 2022