Ko Bo K and Failed State : Part (14) (August, 2022)

ကိုဘိုကေနဲ့ တိုင်းပြည်ပျက်ခြင်း (Failed State)

ဆန်ကြမ်းတပြည် ၂၀၀၀

စားဆီတပိသာ တသောင်း

ကြက်ဥ တထောင်ဖိုး ၄ လုံး

ကန်စွန်းရွက်တစည်း ၄၀၀

ကော်ဖီမစ်တထုပ် ၂၅၀

ရန်ကုန်မှာဆို လိုင်းကားက ဘယ်တက်တက် ၃၀၀ ကျပ် အနည်းဆုံး (တချို့လိုင်းကားတွေ နှစ်ရာကျပ်ပဲတောင်း)

တဒေါ်လာ ၄၃၀၀ ရွှေတကျပ်သား ၃၇ သိန်း တဲ့

အိမ်နီးချင်း ထိုင်းဘတ် ကြည့်ဦးမလား…မြန်မာငွေ တသိန်းကျပ်ပေးမှ ထိုင်းဘတ်တထောင်ပဲရတာ ပေါက်ဖော်ကြီးယွမ်ကရော မြန်မာငွေ တသိန်းက ၁၈၄ ယွမ်ပဲ ရတော့တယ်။

(အထက်ပါဈေးနှုန်းများမှာ ယခုစာရေးနေသောအချိန်က ဈေးနှုန်းများဖြစ်ပါတယ်)

တသက်နဲ့တကိုယ် မကြားဖူးတဲ့ဈေးတွေ…

ကဲ….ဒါမှ တိုင်းပြည်မပျက် ခံနိုင်ရိုးလား။ D.S.A ဒေါ်စိန်အေးကျောင်းထွက်တွေရဲ့ ရွှေဉာဏ်တော် စူးရောက်စွာ ဖြေရှင်းပုံလေးတွေလည်း တချက်ရှိုးကြည့်လိုက်ဦး ……

နိုင်ငံရဲ့ အရေးပါ အရာရောက်တဲ့ ဗဟိုဘဏ်ဉက္ကဌ နေရာတွေကို ခန့်ချင်သလိုခန့် ဖြုတ်ချင်သလို ဆွဲဖြုတ်ပြီး ရေဘူးပေါက်တာမလို ရေပါအောင် ခပ်နိုင်တဲ့သူကို နေ့ချင်းညချင်း ဆွဲခန့်လိုခန့် ….

ဟိုတရက်ကဆို ရွှေဈေးတွေ တက်နေတာ ထိန်းညှိဖို့ဆိုပြီး ရွှေလုပ်ငန်းရှင်များ ဆိုသူတွေနဲ့ လက်အုပ်ချီ zoom Meeting ကြီး ပြီးတဲ့နောက် ဈေးတွေတက်လိုက်တာ တက်လိုက်တာဆိုတာ များ နေ့မကူးဘဲ ဈေးကွက်ထဲ ရွှေပါ ၀ယ်မရဖြစ်သွားသတဲ့ ………

တတိုင်းပြည်လုံး မကင်းနိုင်တဲ့ ဓာတ်ဆီကိစ္စ ဖြေရှင်းခဲ့ပုံလည်း ကြည့်ကြဦး …

ခုပဲ ဓာတ်ဆီသင်္ဘောကြီး သီလဝါဆိပ်ကမ်းပဲ ရောက်နေသလိုလို… ဒေါ်လာနဲ့၀ယ်ရတာမို့ ညွှန်ကြားချက်တွေအမျိုးမျိုးထုတ် ခြိမ်းခြောက်ပြီး ဒေါ်လာထုတ်ရောင်းပေးတော့မယောင် ဂျင်းထည့် ပြီးလုပ်တော့ ဆီဆိုင်တွေပိတ်၊ အရောင်းတွေ တန့်သွားတာသာ အဖတ်တင်ခဲ့ကြတယ်လေ ….

အရန်ဓာတ်ဆီတွေက ဇော်မဲလုံးပါးစပ်ထဲမှာတော့ သင်္ဘောကြီးပေါ်ကနေ ခုထိ ကမ်း မကပ်နိုင်ကြသေးတာကတော့ အသေအချာပဲ …။ သူတို့ဆရာ ရုရှားဆီတော့ လူလွတ်ပြီး ဆီဆွတ်ခံခိုင်းထား တယ်လည်း ကြားတယ်….။ ကြင်စိုးသားနဲ့ အပေါင်းအပါများရဲ့ မဟာ့မဟာစီမံကိန်းကြီး ……

ကြင်စိုးက မြန်မာ့စီးပွားရေး ဦးမော့လာပြီပြောလိုက်ကတည်းက တိုင်းပြည်ထဲမှာ ကိုယ့်ကိုကိုယ် သတ်သေသူတွေ များလာတာ အားလုံးအသိ …

ကမ္ဘာအေး လူကူးတံတားပေါ်က ခုန်ချသွားတာ၊ အင်းလျားကန်ထဲ ခုန်ချသွားတာ၊ ဗမာပြည်အနှံ့ သတ်သေမှုတွေ ကြားနေရတာ စိတ်မချမ်းမြေ့စရာ …..

ပြည်နဝဒေး တံတားပေါ်က သားအမိဆို မိခင်တယောက်အနေနဲ့ ကိုယ့်သားသမီးကို အခုလို ကျပ်တည်း ဆင်းရဲပြီး ကူရာမဲ့ဘ၀ကို မဖြတ်သန်းစေချင်ဘူး ဆိုတာ ထင်ရှားပါတယ် …။ သေခြင်းကို လွတ်မြောက်ရာထင်ပြီး သားကိုပါဆွဲခေါ်သွားတဲ့အထိ သူ့ရင်က အပူကို ကိုယ်ချင်းစာလို့ရပါတယ်။

ဒါပေမဲ့ပေါ့လေ ကြင်စိုးနဲ့ အပေါင်းပါတစုကတော့ မိုက်လုံးကြီးဆဲ ………….

ယတြာရူး ဆင်ဖြူရူးသလိုမျိုး သူ့အာဏာမြဲဖို့ ပြည်သူတွေသေတာ သူ့အတွက် ယဇ်ပူဇော်နေသလို ထင်နေတော့ ဒီတိုင်းပြည်မှ မပျက် ဘယ်တိုင်းပြည်ပျက် …….

အဲဒီတော့ တိုင်းပြည်ကြီး ချောက်ထဲကျရန်အလို စစ်တပ်က တာဝန်ယူ ထိန်းသိမ်းလိုက်ရသည်ဆိုပြီး ခေတ်အဆက်ဆက် ဝါဒဖြန့်ခဲ့ကြတဲ့ ဒေါ်စိန်အေး ကျောင်းဆင်းများကိုလည်း ချောက်ထဲက တိုင်းပြည်က စကားပါးရရင် ဟိုဟာသထဲကလို နယ်မြေအေးချမ်းရေးလား၊ ဗိုလ်ကြီးတို့ လာမှပဲ ကျမတို့ရဲ့ ရွာလေး ပြာကျသွားရတာ ဆိုသလိုပဲ။ အခုလည်း မဲစာရင်းဗန်းပြ ကယ်လိုက်တာ တိုင်းပြည်ပျက်ပါလား ဖြစ်ရပြီ …..။

(စာကြွင်း- ကိုဘိုကေ့စာ ဖတ်လို့ စာဖတ်သူ သွေးများတိုးခဲ့ရင် ခု တယ်လီကျန်းမာပေ့ချ်မှာ ဆရာဝန်တွေရဲ့လမ်းညွှန်မှုနဲ့အတူ သွေးကျဆေး သောက်လိုက်ကြပါလို့နော်… သပိတ်ပဲ မှောက်မှောက်၊ တိုက်ပွဲပဲ နွှဲနွှဲ ကျန်းမာနေမှလေ… ဟုတ်တယ် … ဟုတ်)

The End

……….

Ministry of Health,

National Unity Government.

Published on: 31 August 2022
Last Updated: 31 August 2022