အပိုင်း (၅)
” ကိုဘိုကေနဲ့ အလကားရတဲ့ကုသိုလ် “
ကိုဘိုကေတို့ဇနီးမောင်နှံမှာက သားသမီးမရသေး။ အမျိုးသမီးဘက်က တူတွေ တူမတွေကလည်း မြို့ထဲမှာနေကြ တာဆိုတော့….
ကိုဘိုကေတို့ မောင်နှံက “စွယ်တော်” ဆိုတဲ့ ပူစီလေးမွေးထားတယ်။ နှစ်ယောက်စလုံးက သားသမီးနဲ့မခြား စွယ်တော်လေးကို ပြုစုစောင့်ရှောက်ထားကြတယ်။ ခုလည်း ကိုဘိုကေတယောက် သားလေးစွယ်တော်ကို အစာကျွေးနေတုန်း အတွေးတခုဝင်လာတာကြောင့် ပြုံးစေ့စေ့ ဖြစ်သွားတယ်။
ဒါကို မီးဖိုချောင်ထဲက ဟင်းချက်ပြီးထွက်လာတဲ့ မဒမ်ကေ မြင်ဖြစ်အောင် မြင်သွားတယ်။
“ကလေးကို အစာကျွေးပါဆို ရှင့်မျက်နှာက ပြုံးစေ့စေ့လုပ်နေ ဘာဖြစ်”
မဒမ်ကေ့စကားမဆုံးခင်ဘဲ ကိုဘိုကေ ရှင်းတမ်းအမြန်ထုတ်လိုက်ရတယ်။ တော်ကြာ ယုံထင်ကြောင်ထင်တွေ ဖြစ်မှာစိုးလို့လေ။
“တို့လင်မယားနှစ်ယောက် ဆင်းရဲကျပ်တည်းနေတဲ့ ကာလကြီးတောင် အလကားရတဲ့ ကုသိုလ်တွေ ရနေတယ်လို့ တွေးမိလို့ပါဟ”
“ဘယ်လို ဘယ်လို အလကားရတဲ့ကုသိုလ်…ရှင့်ဟာက လင်းစမ်းပါဦး”
“ဪ ဒီလိုပါမိန်းမရာ။ ဟိုနေ့က စန်းဦးတို့နဲ့ တွေ့တော့ သူ့သမီးလေးတွေဖျားတဲ့ကိစ္စ သွေးလွန်တုပ်ကွေး ဟုတ် မဟုတ်စစ်ဆေးဖို့ အခမဲ့ဆေးခန်းဖြစ်တဲ့ တယ်လီကျန်းမာနဲ့ ချိတ်ဆက်ဖို့ လုပ်ပေးခဲ့တယ်။ ခုလည်းငါ့မိန်းမက ဒေါ်ရီလေး (အမည်လွဲ)ရဲ့ နှလုံးဆီးချိုနဲ့ပတ်သက်ပြီး တယ်လီကျန်းမာနဲ့ ဆေးခန်းပြဖို့ ချိတ်ဆက်ပေးလိုက်တယ်ဆိုတော့….”
ကိုဘိုကေ စွယ်တော်လေးအစာကျွေးခြင်း ကိစ္စရပ်ကို ခဏမျှရပ်လိုက်ပြီး
“အခမဲ့ဆေးခန်းညွန်ရင်းနဲ့ ဆေးအလှူ ၊ ဆေးဝါးဒါနမြောက်ပြီး အလကားရနေတဲ့ ကုသိုလ်တွေ ရတယ်လို့ပြော တာပါကွ”
“အဲလို ကြံဖန်ယူလို့ရတာပေါ့ရှင်၊ သူ့ခမျာ စက်ကလည်းချုပ်ရသေး ၊ အဓိကက နှလုံးကလည်းဖြစ်နေ ၊ ဆီးချိုပါတက် ဆိုတော့ ဒုက္ခကမသေးလှဘူး။ ဟိုတရက်ကလည်း မိန်းမ သူ့အိမ် ဓားစက်သွားလိုက်တော့ မောနေလို့ ဗမာဆေး (နှလုံးနဲ့ပတ်သက်တဲ့) တခွက် ဖျော်တိုက်ပြီး နားခိုင်းရသေးတယ်။ အရင် ဆရာဝန်ပြတုန်းက နှလုံးဆေးကလည်း ဈေးကြီးလို့ ဝယ်မထားတာ ကြာပီဆိုတာ ဒီညနေ သူဆေးခန်းပြရင် ထည့်ပြောခိုင်းရမယ်ရှင့်”
“သူတို့က အိမ်ငှားလည်းနေရ သမီးနှစ်ယောက်ကလည်း အိမ်ထောင်သည်တွေ အိုးခွဲတွေ၊ သားတယောက် မြေးတယောက်နဲ့ နေရတဲ့အကြောင်းလေးပါ ထည့်ပြောပြပေါ့”
“ဒါမှ တယ်လီကျန်းမာက ဆရာဝန်ကြီးတွေက ဆေးဝါးဝယ်ဖို့ အခက်အခဲအကြောင်းပါ သိသွားတော့ ကူညီလို့ရ တာပေါ့”
“သူ့ဖုန်းက အင်တာနက်ဘာညာလည်း ဖွင့်မရ၊ စကားပြောသက်သက်ဆိုတော့ မိန်းမဖုန်း၊ မိန်းမအကောင့်ကနေ ပြပေးရမှာ၊ ကဲ ပြောရင်းဆိုရင်း ၅နာရီထိုးတော့မယ်။”
“ဆရာဝန်က ၅နာရီ ချိန်းထားတာလေ။ အဲဒါ ဒေါ်ရီလေးအိမ်ဘက် သွားခေါ်ပေးဦး”
“အေးပါကွာ အေးပါ အလကားရတဲ့ကုသိုလ်ဆိုတော့လည်း ဒီမောင်ကြီး အကျိုးဆောင် သွားခေါ်လိုက်ပါ့မယ်”
The End
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန်…..
Ministry of Health,
National Unity Government.

Published on: 29 July 2022
Last Updated: 29 July 2022