Ko Bo K : Part (11) (August, 2022)

ကိုဘိုကေနဲ့ မင်းကလည်း မနိုင်ဘူး

“လာဗျ..ကိုဘိုကေ..ဒီနေ့မှ ခများပေါ်မလာရင် ကျနော် အခုပဲ ဖုန်းဆက်တော့မလို့”

ကိုဘိုကေ တီးဆိုင်ရှေ့ စက်ဘီးဒေါက်ထောက် သော့ခတ်နေတုန်းမှာပဲ ရှေ့ဆုံးဝိုင်းမှာ ထိုင်နေတဲ့ မဲလုံးတို့အသံ ကြားလိုက်ရတယ်။ ထိုင်နေကျ ဘော်ဒါတွေဖြစ်တဲ့ မဲလုံးရယ် ရဲနောင်ရယ် ဆိုင်ရှေ့ ဘက် မျက်နှာမူထိုင်နေတယ်။

“အေး ငါလည်း ထွက်လာချင်နေတာ..တီးဈေးတွေက တက်နေတော့ မနက်နဲ့ညနေ နှစ်ခါ ထွက်ဖို့ စဉ်းစားနေရပြီဟ..”

ကိုဘိုကေ ပြောလည်းပြော ထိုင်လည်းထိုင်ရင်း..

“ဟေ့ ငါ့လည်း ကျဆိမ့်တခွက်ဟေ့” စားပွဲထိုးတွေဘက် လှမ်းအော်လိုက်တယ်။

“ထွက်ခဲ့ပါဗျာ..မရှိတူရှိတူ လုံးဝပြတ်တော့လည်း နှစ်ယောက်တခွက် ဆွဲကြတာပေါ့ ဗျာ….ခွေးက စီးပွားရေး ဉီးမော့လာပြီ ပြောလိုက်ကတည်းက အကုန်ဈေးတွေတက် တိုင်တွေပတ်ကုန်ကြရ တော့တာပဲဗျ”

“ဟေ့ရောင်..တိုးတိုး…

သတ္တဝါတွေက အရပ်ဝတ်နဲ့တီးဆိုင်တွေမှာ ထောက်နေတယ်ကြားတယ်ဟ..” ကိုဘိုကေ မဲလုံးနားကပ်ပြီး တိုးတိုးပြောရင်း ဘေးဘီကို တချက်ရှိုးလိုက်တယ်။

“ကျနော်တို့ စောစောကတည်းက ထိုင်နေတာ ဆိုင်ထဲ လူစိမ်းမရှိပါဘူး..ထိုင်နေကျလူတွေပဲရှိတာ”

“ဒီအချိန် သတိထားတာကောင်းပါတယ်ကွာ..ကဲ..ဆိုစမ်းပါဦး…မင်းက ဘာကိစ္စ ဖုန်းဆက်မလို့လဲ ”

“ဟိုတနေ့က ဇော်မဲလုံး သတင်းစာရှင်းလင်းပွဲမှာ ဖေ့ဘွတ်တွေ ပိတ်ပစ်မယ်လို့ ပြောလိုက်တာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်မဖြစ်နိုင် အဲ့သတင်း သိချင်လို့”

“ဇော်မဲလုံးဆိုတော့ မင့်အကိုပေါ့ကွ မဲလုံးရ…မင့်အကို မင်းဘာသာမေးကြည့်ပေါ့ဟ”

ကိုဘိုကေ လာချတဲ့ လက်ဖက်ရည်တငုံသောက်ရင်း မဲလုံးကို နောက်လိုက်တယ်။

“နေပါဗျာ..အဲ့ဟာနဲ့ မနှိုင်းစမ်းပါနဲ့…ကျနော်က အော်ရီဂျင်နယ်မဲလုံး ဗျ…ဟိုဟာက မဲလုံး Clone….ဂျလုံးပလုံးကြီးပါ

….

ထားပါ…ဒီကောင်တွေက ဖေ့ဘွတ်ပိတ်မယ့် လေသံတွေ ပစ်လာပြီဆိုတော့ လုပ်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ..အဲ့ဒါ ကျနော်တို့ ပြောနေကြတာဗျ”

“ဂရုစိုက်စရာလားဟ..ပြည်သူတွေအပေါ် ဘယ်တုန်းက စေတနာရှိဖူးလို့တုန်း” ကိုဘိုကေ ပြော လည်းပြော လေသံလည်း တိုးလိုက်ရင်း…

“သူတို့ထုတ်မယ့် အပလီကေးရှင်း OK par လား မသိဘူး.လိုင်းပေါ်မှာ ခုကတည်းက ရီပို့တွေ ဝိုင်းထုနေကြတာ…ငါလည်းညကျရင် ဝင်ပြီးဆွမ်းလောင်းဉီးမှာ…”

“ဟုတ်ပါတယ်..ကျနော်လည်း ကျွေးပြီးပြီ…ဖေ့ဘွတ်ကို သူတို့ပိတ်မယ်ဆို သူတို့ OK Par ကို လည်း အမ်အာတီဗီ အပလီကေးရှင်းလို ဖြုတ်ချပစ်ရမယ်ဆိုတာ လူတိုင်းသိပါတယ်. တွစ်တာတို့ တယ်လီဂရမ်တို့ ပြောင်းသုံးဖို့လည်း အကောင့်တွေဖွင့်ပြီး အဆင်သင့်တော့ ပြင်ထားရမယ်ဗျ…”

“အေးပေါ့ အရေးကြီးတဲ့ ဖိုင်တွေဘာတွေဆိုရင်တော့ ဖေ့ဘွတ်တခုတည်း ကြည့်ပြီး ဆေ့ထားလို့ မဖြစ်တော့ဘူး..ဒီကောင်တွေက မလုပ်ရဲတာ မရှိတဲ့ကောင်တွေ ကိုယ့်ဘက်က ပြင်ဆင်ထားတာ တော့မမှားဘူး..ဆက်သွယ်ရေးအတွက် တခုခုတော့ ပြောင်းသုံးထားမှ”

“ကျနော် ပြောချင်တာ အဲ့ဒါ…. ဒီကောင်တွေ သူတို့ပထွေး ကျီနားကြီးလို ဖေ့ဘွတ် ပိတ်ပင်ရေး လုပ်လာရင် ကျနော်တို့ဘက်က ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်တွေ အတွက် တူညီတဲ့ အပလီကေးရှင်း တခုခုကို တခုတည်းသုံးမှဗျ..အဲ့ဒါဘာဖြစ်နိုင်မလဲ”

“ငါလည်း ဘယ်သိမတုန်း…ငါတော့ တွစ်တာရော တယ်လီဂရမ်ရော အကောင့်တော့ရှိတယ်.. တအားကြီးတော့ တွေးမပူပါနဲ့ကွာ..ဒီကောင်တွေက နည်းပညာနဲ့ ပတ်သက်လာရင် စီစီတီဗီတောင် ဝါးလုံးနဲ့ထိုးချတဲ့ ကောင်တွေပါကွာ.. သူ့ရှူး သူပတ်မယ့်ကိန်း ဆိုက်သွား တော့လည်း သူ့အလိုလို ပြီးသွားတာပေါ့…”

“ဘယ်လို သူရှူး သူပတ်မှာတုန်း ကိုဘိုကေရ ကိုယ့်ရှူး ကိုယ်ပတ်ပဲ ကြားဖူးပါတယ်”

“မင်းပြောတဲ့ ကိုယ့်ရှူး ကိုယ်ပတ်စကားက မှန်ပါတယ်..ငါပြောတဲ့ သူ့ရှူး သူပတ်ဆိုတာ ဒီလို လေကွာ သူတို့က ဉပဒေတွေထုတ်လိုက် တိုင်ပတ်လိုက်….ဒေါ်လာနဲ့ ပတ်သက်တာပဲ ကြည့်လေ ခုတမျိုး ထုတ်လိုက် နောက်တခါ ထပ်ပြင်လိုက်နဲ့ သူ့ရှူး သူပတ်နေတာ. ခုလည်းဖေ့ဘွတ်ပိတ် မယ် ဘာညာနဲ့ လာပြန်ပြီ..”

“အေးဗျာ..ခွေး ပလ္လင်ပေါ် ရောက်ကတည်းက သူ့ရှူး သူပတ်နေတာ ခွေးဇာတ်သိမ်းမှပဲ သင်ဇာဝင့်ကျော်တို့ နန်းမွေစံတို့ အားပေးရတော့မယ် ထင်တယ်ဗျာ နော့”

“လုပ်ပြီ…မင်းကလည်း မနိုင်ဘူး….ခေတ်ပျက်နေပါတယ် ဆိုမှ”

————————————-The End————————————–

Ministry of Health,

National Unity Government.

Published on: 20 August 2022
Last Updated: 20 August 2022