Ko Bo K: Part (17) (ကိုဘိုကေနဲ့ ဆိုက်တွဲမှသည် ဆိုက်ကားဆီသို့) (September, 2022)

“ကိုဘိုကေနဲ့ ဆိုက်တွဲမှသည် ဆိုက်ကားဆီသို့”

မဒမ်ကေ ကုမ္ပဏီရုံးပိတ်ရက်မှာ သူမီးဖိုချောင်ထဲ ဝင်နေတုန်း ကိုဘိုကေ အိမ်ရှေ့တံမြက်စည်းလှဲရင်း သစ်ရွက်‌ခြောက်တွေ အိတ်ထဲထည့်နေတုန်း လမ်းမဘက်က ကလင် ကလင် ဘဲလ်တီးသံကြားလို့ လှည့်အကြည့်

“ကိုမြင့်သိန်း ခင်များ ဆိုက်တွဲ (ဆိုင်ကယ်ဘေးတွဲ) မဆွဲတော့ဘဲ ဘယ်နှယ့် ဆိုက်ကားကြီး နင်းနေတာတုန်း”

“ဒီအချိန် ဒီကာလကြီး ဓာတ်ဆီဈေးနဲ့ ဘယ်လိုမှမဖြစ်ပါဘူးကွာ။ ကိုယ့်ခရီးသည်လည်း ဘယ်လိုမှ တိုးတောင်းလို့မရဘူး။ အဲဒါနဲ့ တိုင်တွေပတ်ပြီး ၃ ရက်လောက်ရပ်ထားရာကနေ ဒီနေ့မှ မဖြစ်တော့ဘူးဆိုပြီး ဆိုက်ကားကို အုံနာခပေးပြီး ယူနင်းလိုက်တာ”

“အေးပေါ့ ဆီဈေးနဲ့ဆိုတော့ တိုင်ပတ်ပြီပေါ့ ကောင်းပါတယ် ဆိုက်ကားဆိုတော့ အုံးမစား တော့ဘူး”

ကိုမြင့်သိန်း ရပ်ထားတဲ့ ဆိုက်တွဲပေါ် ကနေ ဟိုဟိုဒီဒီ ကြည့်ရင်း

“ဂျပုကြင်စိုး မ ချက်ကတော့ နိုင်းလောက်ရှိတယ်။ ဆိုက်တွဲသမားဘဝကနေ အနှေး ယာဉ်သမား ဖြစ်သွားရတာပါပဲကွာ ဟားဟား”

ပြောလည်းပြော တဟားဟား ရယ်ရင်း ကိုမြင့်သိန်း ဆိုက်ကားဆက်နင်းသွားပြီး ပါးစပ်က လည်း လှည့်မကြည့်ဘဲ သွားပြီဟေ့ လို့ ပြောသွားသေးတယ်။

ကိုဘိုကေ သူနဲ့အတူ လိုက် ရယ်ရင်း ကိုမြင့်သိန်း ကျောပြင်ကို ငေးရင်း တွေးမိတယ်။ သူပြောတာလည်း ဟုတ်ပ။

ဂျပု မ ချက်ကတော့ တတိုင်းပြည်လုံး ခွက်ဆွဲရအောင် မဟာစီမံကိန်းချ လုပ်လိုက်သလားထင်ရ။

ဒေါ်လာ ရွှေဈေး ဆီဈေး ဆန်ဈေး အိမ်သုံးဆေး ကြက်သွန်ခရမ်းချဉ်သီးအကုန် အကုန် လိုက်တက် ကုန်တယ်။ ပြည်သူတွေ ဒုက္ခ ပင်လယ် ဝေကုန်ကြရတာပါပဲ။ ဂျပုကြင်စိုး ထူးချွန်မှုတွေ….

ခုလည်း ရုရှားဓာတ်ဆီ တန်ချိန် သုံးသောင်းလာပြီ ပြောလို ပြော၊ အထူးဈေးနှုန်းနဲ့ ရောင်းချပေးမယ် ဖြီးလိုဖြီး လေဆိပ်ကတည်းက ကြင်စိုးနဲ့ ဇော်မဲလုံး လက်ဝါးရိုက် တော်ကီတွေ ဖုတ်ခဲ့ကြတယ်။

တကယ့်မြေပြင် သတင်းတွေမှာတော့ အဲဒီ ရုရှားဆီ တန် ၃သောင်းက ဆီဆိုင်တွေမှာ မူးလို့ ရှူစရာကို မရှိတဲ့အခြေအနေ။

လာမယ့် အဲဒီတန်ချိန် ၃သောင်းက ဘယ်လောက် ခံမှာမို့လို့လဲ။ ရန်ကုန် တမြို့တည်းရဲ့ ကားအစီးရေနဲ့တင် ဘယ်နှရက်ရမှာမို့လို့လဲ။

မောင်ကြင်စိုးတယောက် လျှပ်စစ်ရထား လျှပ်စစ်ကား မိုးပျံရထားတွေလိုအရူးချီးပန်း ပြောချင်ရာ ပြောလုပ်ချင်ရာလုပ်နေတာကလွဲရင် ဒေါ်လာဈေး၊ ရွှေဈေး၊ ဓာတ်ဆီ ဘာတခုမှ တည်ငြိမ်သွားအောင် ကိုင်တွယ်နိုင်ဖို့ နေနေသာသာ ပြုတ်ထွက်မသွားဖို့ကို ဖာထေး ကျားကန်နေရပြီ။

သူ့နောက်လိုက် ဗဟိုဘဏ် မမကြီးကရော ဒေါ်လာဈေး မတည်ငြိမ်တာ မီဒီယာတွေကြောင့် ဆိုပြီး ကြင်စိုးအကြိုက်တွေပြောပြီး ရုရှားခရီး ကပ်လိုက်၊ ခွဲတမ်းယူခဲ့ပြီး နိုင်ငံ့ဘဏ္ဍာ ကိုယ့် ဘဏ္ဍာလုပ်ပြီး ဖြုန်းခဲ့ကြသေးတာလေ။

ကြင်စိုးတို့ သက်စိုးရှည်နေသမျှတော့ ဆိုက်တွဲသမားလည်း ဆိုက်ကားအဆင့် ကျလိုကျ။ ဆိုက်ကားကနေ ထပ်ကျရမယ်ဆိုရင်တော့ လမ်းလျှောက်၊ ရေသောက် ဗိုက်မှောက်ဘဝပဲ ကျန်တော့တယ်။

ဟူး…………. “မတွေးတာကောင်းပါတယ်ကွာ”

ကိုဘိုကေသက်ပြင်းရှည် တချက် မှုတ်ထုတ်ရင်း အတွေးတွေကို အမှိုက်အိတ်ထဲထည့်ပြီး အမှိုက်ပစ်ဖို့ အမှိုက်ကန်ဆီ ထွက်လာလိုက်တော့တယ်

ဆိုက်တွဲမှသည် ဆိုက်ကား

ဆိုက္ကားကနေ…လန်ချားဆွဲလိုက်ရလို့ကတော့ကွာ

…………………

The End

Ministry of Health,

National Unity Government.

Published on: 18 September 2022
Last Updated: 18 September 2022