Ko Bo K: Part (18) (ကိုဘိုကေနဲ့အိမ်ဂရန်ပေါင် ဆေးကုရခြင်း) (October, 2022)

“ကိုဘိုကေနဲ့အိမ်ဂရန်ပေါင် ဆေးကုရခြင်း”

မအလလက်ထက် ကိုဘိုကေတို့ထီပေါက်ပြီ။ ပေါက်တာမှ ဆုကြီးကြီးဗျ။ သိန်း ၂၀ လောက်နီးပါးရှိတာမို့လေ။

ဘယ်နှယ့် ကိုဘိုကေတယောက် မအလတို့ဆဲပြီး မအလတို့ဖွင့်တဲ့ထီ ထိုးနေရတာ တုန်းအမေးရှိလာရင် ခက်ရချည့်ရဲ့။

ကိုဘိုကေပေါက်တာ ကြင်စိုး(ခ)မအလဖွင့်တဲ့ထီ(ဖွင့်သေးလားတောင် မသိဘူး) မဟုတ်ပါဘူး။ ကိုဘိုကေတို့ဖြစ်ရပ်ကြောင့် ကိုဘိုကေက ထီပေါက်သလို လို့ငေါ့ ပြောလိုက်ရတာပါ။

ကိုဘိုကေက မြန်မာဆိုတော့လည်း ဝမ်းနည်းစရာစိတ်ညစ်စရာတွေကို ပျော်ရွှင်ဖွယ်နဲ့ တွဲပြောတတ်တဲ့ဉာဏ်ကြောင့်လည်းဖြစ်မှာပေါ့လေ။

ဇာတ်လမ်းက ဒီလိုပါ။ ကိုဘိုကေ့မိန်းမ မဒမ်ကေမှာ သားအိမ်ထဲအသားလုံးတွေ့လို့ အချိန်မီခွဲစိတ်ထုတ်ရမယ်။

ကြာကြာထားရင် လူ့အသက်ထိခိုက်နိုင်တာမို့ ခုလို မအလလက်ထက် ပြည်သူ့ဆေးရုံလိုမျိုးဝန်ဆောင်မှုမျိုးရဖို့ မျှော်လင့်စရာမရှိတာမို့ ပုဂလိက ဆေးရုံမှာပြသဖို့ ကိုဘိုကေတို့ဆုံးဖြတ်ခဲ့ကြတယ်။

အသက်ထက် တန်ဖိုးထားစရာမရှိတာကြောင့် လက်ထဲပိုက်ဆံတော့မရှိဘူး။ လက်ထဲ ဘာရှိတုန်းဆိုတော့ ဘာမှမရှိ။

မဒမ်ကေလည်း ၂၄နာရီတရက်လောက် ခေါင်းပူခံစဉ်းစားပြီး သက်ပြင်းရှည်နဲ့ဆုံး ဖြတ်ချက်ချလိုက်တယ်။

ကြွေးတင်ရှင်ဘုရင်ဆပ်ခေတ်လည်း မဟုတ်တော့ ကြွေးတင်ကိုယ့်ဘာသာဆပ် မအလခေတ်မှာနောက်ဆုံးလက်ထဲက အိမ်ဂရန် မျက်စောင်းထိုးလိုက်ကြရတယ်။

ကိုယ့်ကျန်းမာရေး ကိုယ်ကုရမှာမှန်ပေမယ့် အခုလို လူတိုင်းကျပ်တည်းနေတဲ့ကာလ၊ တိုင်းရင်းသားဒေသတွေမှာဆို စစ်ဘေးရှောင်ဘဝတွေနဲ့ကျန်းမာရေးကုသမှုဝေးစွ။ မိုးလုံလေလုံ နေဖို့စားဖို့တောင် ကိုဘိုကေတို့ထက် ခက်ခဲတယ်ဆိုတာသိပါတယ်။

မြို့ပေါ်နေ ကိုဘိုကေတို့ကမှ အိမ်ဂရန်ပေါင်ကုကု ကြွေးတင်ကိုယ့်ဘာသာဆပ်ဆိုပြီး ကုကု ဆေးကုသခွင့်ရနေကြပါသေးတယ်။

ထားပါ။ ပြောချင်တာလေးက ကိုဘိုကေတို့ အိမ်ဂရန်ပေါင်ဆေးကုသမှုကြီးမှာ ကြုံတွေ့ ရတဲ့ ပုဂ္ဂလိကဆေးရုံ၂ခုအကြောင်းပါဗျ။

ပုဂ္ဂလိကဆေးရုံတခုမှာ မဒမ်ကေကိုပြသရာကနေ အထူးကုဆရာဝန်မကြီးက ခွဲစိတ်ရမယ်။

ခုကြည့်နေတဲ့ ပုဂ္ဂလိကဆေးခန်းကြီးတခု(ဆေးရုံအဆင့်ရှိမရှိ ကိုဘိုကေလည်း မသိပါဘူး)မှာ ခွဲစိတ်ခန်းမရှိလို့ ခွဲစိတ်ခန်းရှိတဲ့ပုဂ္ဂလိကဆေးရုံ (မြောက်ဥက္ကလာပက ဆေးရုံတစ်ခု)မှာ ခွဲစိတ်ပေးမယ်ဆိုညွှန်ပါတယ်။

ခွဲစိတ်ပေးမယ့် အိုဂျီဆရာမကြီးက စိတ်သဘောထားကောင်းပြီး ဂရုစိုက်ပါတယ်။ လူနာကြောက်တတ်လို့ မေ့ဆေးဆရာဝန်မကြီးတွေနဲ့တောင် အပ်နှံပေးပါတယ်။

ကိုဘိုကေတို့ အဲဒီပုဂ္ဂလိကဆေးရုံရောက်သွားကြတယ်ဆိုပါတော့………

အခန်းခစုံစမ်းကတည်းက စ စိတ်ညစ်ရပါတယ်။ ကိုဘိုကေတို့ကို ဉီးလေးတို့တတ်နိုင်တဲ့ အခန်း တတ်နိုင်တဲ့အခန်း ဆိုပြီး တတ်နိုင်ဆိုတဲ့စကားလုံးလှိုင်လှိုင်သုံးပြီး သူနာပြုဆိုသူတယောက်က ပြောနေတော့ ကိုဘိုကေလည်း “ဉီးတို့တတ်နိုင်တာထက် ဇိမ်ခံဖို့လာတာမဟုတ်လို့ ခွဲစိတ်ဖို့ကိစ္စနဲ့ အဆင်ပြေမယ့် အခန်းယူပါ့မယ်။ ပိုက်ဆံတရက် လေးသောင်းဆိုလည်း လေးသောင်းပေးရမှာပေါ့”လို့ပြောမှ မမလေးရဲ့ဂျိုထိုးခြင်းမှလွတ်ခဲ့ရတယ်။

ကိုဘိုကေကြီးကြီးကျယ်ကျယ်ပြောရရင် အရှင်းရှင်နောက်လိုက်တဲ့ ပညာတတ်လို့များ ဆိုရမလားပဲ။ အင်းလေ..မလိုက်ရင်လည်း ဒီလိုအချိန် ပုဂ္ဂလိကဆေးရုံမှာ အလုပ်ရဖို့ကလည်း မလွယ်လောက်ဘူးဆိုတာ လူတိုင်းသိပါတယ်။

ဒါမှမဟုတ်ရင်လည်း သူတို့ကိုယ်တိုင်က ကျန်းမာရေးဝန်ထမ်းဆိုတာ မေ့ပြီးအာဏာရှင် စိတ်များကိန်းအောင်းနေသလား ကိုဘိုကေစဉ်းစားမိတယ်။

သူတို့ဘက်က လုပ်ရတဲ့အခက်အခဲသိပေမယ့် လူနာဆိုတာကို ငေါက်စရာပြောစရာ လူလိုမြင်နေရင်တော့ ဒါ တခုခုတော့လွဲနေပြီလို့ ကိုဘိုကေ ဒီနေရာက ပြောချင်ပါတယ်။

တိုးတက်ဖွံ့ဖြိုးနေတဲ့ ဘယ်နိုင်ငံမှာများ လူနာကို မျက်နှာခပ်တည်တည်နဲ့မာန်နိုင်သလဲ ကိုဘိုကေသိချင်မိတယ်။ ဒါက တခု။

အဲဒီဆေးရုံမှာပဲ ဆေးဝယ်ရတဲ့စင်တာလိုမှာလည်း ပေးလိုက်တဲ့စာရွက်ကို အဲဒီမှာပေး ပြီးရင် ငွေရှင်းကောင်တာမှာ ငွေရှင်း….. ငွေကိုင်က ပိုင်ရှင်သမီး အသက်ခပ်လတ်လတ်ပဲ။

မေးတာမြန်းတာကို သိပ်သဘောမတွေ့…မေးမိတဲ့ကိုဘိုကေ ကိုယ့်ပါး ကိုယ်ရိုက်ရမလို..မရှင်းတာလေးတွေနဲ့သိချင်တာလေးတွေမေးတော့ ငွေကိုင်ဘွားတော်က မျက်နှာတော်တော်ပျက်နေပြီး ဘေးက ‌ဆေးဝါးကျွမ်းကျင်ဆင်းဝန်ထမ်းတွေကငွေကိုင်ဘက်ကနေ ကိုဘိုကေ့ကို ပြူးတူးပြဲတဲတွေနဲ့ကြည့်နေကြတယ်။ ပြဿနာရှာရန်ကောလို့ထင်နေတဲ့မျက်လုံးတွေနဲ့။

အော် ….ဖြစ်မှ ဖြစ်ရလေ……

စုစုပေါင်းကုန်ကျစရိတ်ကို မရှင်းချင်ရှင်းချင် မျက်နှာနဲ့ရှင်းပြပြီး ဆေးဝါးဝယ်ထားတဲ့ တသိန်း၄သောင်းကိုမေးတော့ ကိုဘိုကေကို သူတို့ဆေးရုံကသူနာပြုမကြီးတွေနဲ့ အပိုအလို ဆေးတွေတိုက်စစ်ဆေးပြီးမှငွေစာရင်းရှင်းရတာဖြစ်ကြောင်း မမှားနိုင်ဘူးဆိုတဲ့ အထာနဲ့ဆက်ပြောပါသေးတယ်။

တရက်ချင်းကုန်ကျစရိတ်ကတော့ သူတို့ဆေးရုံက လုပ်မပေးတဲ့ အကြောင်းရယ် ဆေးဖိုး အသေးစိတ်သိချင်ရင်တော့ မိနစ်၂၀လောက်စောင့်ပေးပါဆိုတဲ့ အကြောင်းလေး ပြောပြီး ကြိုငွေသွင်းထားတဲ့လိုငွေတွက်ပြီးပေးချေစေပါတယ်။

လိုရင်းပြောရရင် ဆေးရုံတက်နေစဉ်ကာလမှာလည်း ကိုဘိုကေရော ကိုဘိုကေညီမ ဝမ်းကွဲလေးရော ချမ်းလို့ အဲယားကွန်းလျှော့ခိုင်းလည်း ငေါက် စောင်ခြုံလည်းငေါက်ခံရတာပဲ…..

အော် ….သူတို့မှာ ငါတို့ကိုကုသပေးနေရလို့ အခက်အခဲဖြစ်များနေသလား ကိုဘိုကေစဉ်းစားမိတယ်။ ပိုက်ဆံ၁၃သိန်းကျော်(ဆေးဝယ်တာအပါ)ပေးကုသတာတောင် စေတနာမပါသလိုလိုမျက်နှာပေးတွေနဲ့ ဘယ်လို အသည်းနှလုံးနဲ့များ လူနာကိုထိတွေ့ဆက်ဆံနေကြပါလိမ့်…..

ပြည်သူ့ဆေးရုံတွေမှာ လစာနဲ့မလောက်ငလို့ အပိုငွေ မပေးလို့ဆိုလည်း တော်သေး။

ခုဟာက ဝန်ဆောင်ခတွေ တောင်းခံထားပြီး သူတို့လုပ်စာ လာလုစားတဲ့မျက်နှာပေးတွေ တွေ့ခဲ့ရတဲ့တော့ အော် “တ”ခဲ့ရတာဖောက်သည်ပြန်ချမိတာ….

အဓိကကတော့ ငွေတောင်းပြီး ဝန်ဆောင်မှုညံ့တဲ့ပုဂ္ဂလိကဆေးရုံတွေကို လိုင်စင်ပေးထားပြီးရင် မင်းတို့ဆေးရုံပိုင်ရှင်တွေလုပ်ချင်တာလုပ်ကြကွာများတခါတည်း အမိန့်ပါပေးလိုက်သလား ကိုဘိုကေ မေးချင်တယ်။

လူနာအခွင့်အရေးဝေးစွ………ပိုင်ရှင်မျက်နှာ ပြုံးရွှင်စေဖို့ ပိုအားထုတ်ကြလေတော့ ပြည်သူ့ကျန်းမာရေးလည်း ဆွေးပြီပေါ့လေ….

ဒီပုဂ္ဂလိကဆေးရုံက ခုလိုဖြစ်လို့ ဒီညွှန်တဲ့ ပုဂ္ဂလိကဆေးခန်းကြီးကရော ပိုင်ရှင်အမျိုးသမီးရဲ့ငွေကလွဲ ဘာမှစိတ်မဝင်စားတဲ့မျက်နှာရယ် သူ့ကိုဝန်းရံကာ လူနာတွေကို မျက်နှာသေနဲ့ဆက်ဆံနေတဲ့ကျန်းမာရေးဝန်ထမ်းမိန်းခလေးတွေရယ်အကြောင်းမို့ စာဖတ်သူများလည်း ကြုံဖူးကြပါလိမ့်မယ်…..ခေတ်ပျက်နေတာကိုး…

တောမီးလောင် တောကြောင်လက်ခမောင်းခတ် စိတ်ဓာတ်တွေနဲ့ ဆေးရုံထောင်စားနေကြတော့ အဆိုတော် ကျားပေါက်သီချင်းလိုပေါ့…သည်းခံ သည်းခံ မြန်မာပြည်လူဖြစ်လာတဲ့ မင်းရဲ့ကံ လို့သာ ဆိုလိုက်ချင်တော့တယ်…..

ကိုဘိုကေတို့ အိမ်ဂရန်လေးကတော့ ပြုံးကြည့်နေမှာ သေချာတယ်……………….။

အော် မောင်ကြင်စိုးရယ် မြန်မြန်သွားပါတော့….။ ။

Ministry of Health,

National Unity Government.

Published on: 20 October 2022
Last Updated: 20 October 2022