” ကိုဘိုကေနဲ့ သူတို့က တမျိုး “
ခုတလော ကိုဘိုကေ အင်တာနက်ဖွင့်ကာ လိုင်းတက်သတင်းတွေအဆက်မပြတ် ဖတ်နေမိတယ်။ မဖတ်လို့လည်း မဖြစ်၊ ကမ္ဘာ့အရေးအခင်းဆို ယူကရိန်း-ရုရှား၊ တရုတ်-ထိုင်ဝမ်- အမေရိကန်။
ကိုယ့်ပြည်တွင်းမှာရော အပြင်ကမ္ဘာမှာပါ တိုက်ပွဲတွေဝက်ဝက်ညံနေတာမို့ လိုင်းတက်နားစွင့်လုပ်နေရတာ၊ ဒီကြားထဲ ဗမာ့ရွှေဈေး ဒေါ်လာတန်ဖိုးဈေးတွေက ကြောက်ခမန်းလိလိ။ ဒေါ်လာဈေး ၃၀၀၀၊ ရွှေဈေး ၂၅ သိန်းကျော်ရောက်မယ် ပြောသူကပြောနေကြတော့ ကိုဘိုကေတော့ မနက်ဖန်အတွက် စဉ်းစားရင်း ရူးချင်သလိုလိုတောင်ဖြစ်တယ်။
ရူးချင်သလိုလို ဖြစ်ရတယ်ဆိုလို့ ကိုဘိုကေကို လုပ်ငန်းရှင်တယောက်လို့ ထင်မှာစိုးလို့ ရှင်းပြဦး မယ်။
ဒီအချိန်မှာ ရွှေဆိုတာ မူးလို့မှ ရှူစရာမရှိတော့။ သူ့ဟာသူတက်တက် (တကယ်တော့ ဘာပဲဈေး တက် တက် သွယ်ဝိုက် ရိုက်ခတ်မှုကတော့ ရှိပါတယ်)။ အဲဒါ ထားဦး…ဒေါ်လာကရော? တခွန်းတည်း ဖြေရရင်လည်း မရှိပါဘူး။ ရှိလည်းမကိုင်ရဲပါဘူး။ ဟုတ်တယ်လေ…ဒေါ်လာကိုင်ရင် လက်ထဲမှာ ရှိနေရင်ကို ရာဇဝတ်မှုမြောက်သလို ဉပဒေပုဒ်မတွေကလည်းရှိနေပြန်တယ်။ ဟိုနေ့ကတောင် ၃၅ ရာခိုင်နှုန်း ကိုင်လို့ရတယ် ဆိုလား ဥပဒေက ထပ်ထွက်သေးတယ်။
ထားပါတော့။ ဗမာငွေတန်ဖိုးကျပြီး ဒေါ်လာဈေးတက်တာကျတော့ ကိုဘိုကေတို့ အားလုံးကို ထိခိုက် ပါတယ်။ ဒေါ်လာနဲ့ ပြင်ပကဝယ်ယူရတဲ့ ဓာတ်ဆီအိမ်သုံးဆေးဝါးတွေပါတယ်။ အရေးအကြီးဆုံး ကတော့ အခြေခံစားကုန်ဖြစ်တဲ့ ဆန် ဆီ ဆား အချိုမှုန့် အကုန် အကုန် ရိုက်ခတ်ခံနေရတာ၊ ရူးနေ တဲ့ကောင် မောင်းတဲ့ အများသုံးလိုင်းကားစီးမိတော့လည်း ကားပေါ်ပါသူတွေ ဘုရားတနေကြရောပေါ့။
ငါတို့ပြည်သူတွေ ဝဋ်ကြီးလိုက်တာတွေးရင်း ကိုဘိုကေ စုပ်တသပ်သပ်လုပ်နေတာကို မဒမ်ကေ က မြင်သွားတယ်။
“ငါ့ယောကျ်ားလည်း ရွှေဈေး ဒေါ်လာဈေးတွေဖတ်ရင်း ခေတ်က ပျက်နေပါတယ်ဆိုမှ တယောက် တည်း ဘာတွေစုပ်တသပ်သပ် ဖြစ်နေရတာလဲ”
“မဖြစ်လို့မရဘူး မိန်းမရ…ဒေါ်လာဈေး အရမ်းထပ်တက်နေရင် အကိုက်အခဲပျောက်ဆေး တလုံး တထောင် ပေးသောက်နေရမယ်….ခုကို တလုံးကို သုံးရာ လေးရာ ရောင်းနေကြပြီ”
“တက်တာတော့ တက်တာပေါ့ ယောကျ်ားရယ် အရမ်းကြီး ခံစားပြီး နေရင်လည်း ရူးသွားမှာလေ မဟုတ်ဘူးလား။ တက်နေတာကြီး သွားချပေးပါဆိုလို့လည်း သူတို့က လူလိုသူလို နားလည်မှာ မဟုတ်ဘူး။ ဟိုမင်းသမီးနှစ်ယောက်ဆို သူတို့နဲ့ တည့်နေတုန်း လွှတ်ထားပြီး ခုတော့ ဂျေးထဲထည့် လိုက်ပြန်ပြီ”
“အေးဟ မိန်းမရ ရွှေဈေးတွေတက် ဒေါ်လာဈေးတွေတက် နေရတဲ့ကြားထဲ ရုရှားက တမျိုး တရုတ်က တမျိုး သူတို့နှစ်ယောက်ကတမျိုး”
” ဒါပေါ့…ဒေါပေါ့…တစ်ယောက်တစ်မျိုးနဲ့ အမျိုးမျိုးကြားမှာ ဘယ်တော့မှမရိုးတဲ့ တစ်မျိုးကဘာလဲ ရှင်သိလား “
ကိုဘိုကေ ခေါင်းကုပ်စပ်ဖြီးဖြီးလုပ်ရင်း
“ဘယ်သိမလဲ မိန်းမရ”
“တစ်နေကုန် ကမ္ပဏီမှာအလုပ်လုပ်ရင်း ညောင်းကိုက်နေတဲ့မိန်းမကို နှိပ်ပေးတာပေါ့ကွယ်…လာစမ်းပါရှင် ဇက်ကြောလေးဆွဲပေးပါဦး…ထုံးစံအတိုင်း”
မဒမ််ကေ့ ပုခုံးကို အသာအယာနှိပ်ပေးနေရင်း ကိုဘိုကေ တွေးဖြစ်အောင် တွေးလိုက်မိသေးတယ်…
“ဟွန်း…ဒင်းက တစ်မျိုး”
The End
Ministry of Health,
National Unity Government.

Published on: 12 August 2022
Last Updated: 12 August 2022