ကိုဘိုကေနဲ့သတင်းတုသတင်းယောင်များ( Ko Bo K: Part (9)) (August, 2022)

ကိုဘိုကေနဲ့သတင်းတုသတင်းယောင်များ

“ကိုဘိုကေ”

“ဟေ”

မဒမ်ကေ့ထံမှ ခေါ်သံကိုပြန်ထူးရင်း ဘာလဲဆိုတဲ့အထာနဲ့ မျက်ခုံးပင့်ပြလိုက်တယ်။

“ခဏ ခဏ”

“အေး ပြော မိန်းမ”

“ခုတလော ကိုဗစ်ဗီဇပြောင်းပိုး အသစ်တွေ့လို့ဆိုပြီး လိုင်းပေါ်မှာ ရှယ်နေ ပြောနေကြတယ်။ ထိုင်းက တွေ့လို့ဆိုလား။ BA(4) နဲ့BA ဘာဆိုလားပဲ။ ရောဂါလက္ခဏာများဆိုပြီး တိတိကျကျနဲ့ ရေးထားပြီး တင်ထားတာဆိုတော့လေ”

“အဲဒါဘာဖြစ်တုန်း မိန်းမရ”

“ဪ ကျမတို့က ဆန်ဝေရင်သာ မရရှိမယ်။ သူများကိုဗစ်ဆို လိုက်ကိုဗစ်ကြတဲ့သူတွေ ဆိုတော့လေ။ လိုလိုမယ်မယ် ကြိုကြိုတင်တင် ပြင်ဆင်သင့်တာ ပြင်ဆင် ဆင်ခြင်သင့်တာ ဆင်ခြင်ရအောင် ဒီသတင်း ကွန်ဖန်းဖြစ်လား ရှင့်မေးကြည့်တာ”

မဒမ်ကေက ပြောလည်းပြော လက်ဖက်ပုဂံထဲက လက်ဖက်အနည်းငယ် ပါးစပ်ထဲထည့်ရင်း

“အရင် နောက်ဆုံး တတိယလှိုင်းတုန်းကလည်း ဆေးရုံဆေးခန်းဝေး အောက်ဆီဂျင်ပြတ်၊ တရက် တည်းကို အလောင်းတွေထပ်ခဲ့တာ ကျမတို့နှစ်ယောက် ဘယ်လောက်အိမ်တွင်းအောင်းပြီး ဘယ်လို ကုခဲ့ရလဲဆိုတာ ရှင်လည်းသိတာပဲ”

“ဟုတ်ပါပြီ မိန်းမရာ အရင်လို အိပ်မက်ဆိုးတွေ ထပ်မမက်ချင်တော့ဘူး။ ဒါကြောင့် ဒီသတင်း (ကိုဗစ်ဗီဇပြောင်းပိုးတွေ့တာ) ဟုတ် မဟုတ် သိချင်တာမို့လား”

“ဟုတ်တယ် ဟုတ်တယ် အဲဒါ”

“ငါလည်းတွေ့တယ်ဟ။ တပတ်လောက်တောင်ရှိတော့မယ်။ သတင်းမှားမှန်စစ်တဲ့ပေ့က အဲဒီ သတင်းကို (ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံက) ရှင်းထားတယ်။ ကိုဗစ်ဗီဇပြောင်း BA(4) နဲ့ BA(5)တို့ရဲ့ လက္ခဏာတွေဆိုပြီး ၂၀၂၁က အဟောင်းတွေ ပြန်ဖွနေတာမှန်းသိလို့ မိန်းမကို ပြောမပြတော့တာ”

“အေးနော် အချို့လူတွေကလည်း နိုင်ငံရေး လူမှုရေး သတင်းတွေတင်မကဘဲ ကျန်းမာရေးသတင်း အတုပါ အားအားယားယားတင်နေ၊ ဒါကို တချို့ကမှန်လား မှားလားမခွဲတော့ဘဲ တန်းရှယ်နေကြတော့…ကျမဖတ်လိုက်တဲ့ ပိုစ့်(ကိုဗစ်သတင်းအမှား)ဆို Like လုပ်တာ တစ်သောင်းကျော် Share ထားတာဆို ခြောက်ထောင်ကျော်တယ်”။

“ဟုတ်တယ် ဒါကြောင့် ကိုဗစ်ပဲဖြစ်ဖြစ် ဟိုတလောက ဘာတဲ့ ရေကျောက်ဆိုလား မျောက်ကျောက် ဆိုလား ပြောချင်တာက ကျန်းမာရေးနဲ့ ပတ်သက်တဲ့သတင်းဆိုရင်”

ကိုဘိုကေ မိန်းမကို တချက်ကြည့် လည်ချောင်းရှင်းရင်း ပြီးမှ “တကယ့်အထူးကုဆရာဝန်ကြီးတွေ၊ အထွေထွေဆရာဝန်တွေနဲ့ ဆွေးနွေးကုသမှုတွေ ပေးနေတဲ့ တယ်လီကျန်းမာလိုမျိုး ပေ့မှာတင်ထားတဲ့ ကျန်းမာရေး ဗဟုသုတတွေ၊ ရောဂါဘယအကြောင်း တွေ ဖတ်ပြီးတတ်လာတဲ့ သတင်းတွေကို ဉာဏ်ပညာ၊ အတွေ့အကြုံတို့နဲ့ ချင့်ချိန်ပြီး မှား မှန် ဆုံး ဖြတ်ပြီးမှ ပူပန်သင့်တာ ပူပန်ရတယ်ကွ”

“အမှောင်ခေတ်ထဲမှာ ကိုဗစ်နဲ့ပတ်သက်ပြီး ကျမတို့က ကုသမှုဝေး စောင့်ရှောက်မှုဝေး ဒုက္ခသုက္ခ တွေ ရောက်ခဲ့ကြရတာဆိုတော့ ကြောက်တာပေါ့ရှင်”

“အေး အဲဒီပေ့မှာပဲ ကိုဗစ်နဲ့ပတ်သက်ပြီး ကိုယ်သိလိုတာတွေ မေးမြန်းပြီးလူစုလူဝေးရှောင်၊ Mask တပ်၊ လက်သန့်ဆေးလိုမျိုး ဆောင်ထားရင်ကို နည်းနည်းမဆိုးသေးဘူးကွ”

“အင်းပါ အင်းပါ ရှင်လည်း အဲဒီကပိုစ့်ဖတ်ပြီး စာအတိုင်းပြောတာကတော့ ချောနေတာပဲ။ လက်ဖက်ရည်ဆိုင်သွားရင် Mask တပ်သွား။ လက်ဖက်ရည်ဆိုင်ဆိုတာ လူကခပ်များများ”

“အေးပါကွာ အေးပါ မြှားဉီးက ငါ့ဘက်လှည့်လာပြီ”

“ဒါပဲ ပြောလိုက်ရင် ဟွန်း…

ကြွ…ကြွ…ကျွန်မလည်း တယ်လီကျန်းမာပေ့ချ်က ပညာပေးပို့စ့်တွေ ဖတ်လိုက်ဦးမယ် “

———————————The End————————————

Ministry of Health,

National Unity Government

Published on: 15 August 2022
Last Updated: 15 August 2022