Leptospirosis (လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ) (September, 2022)

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ (Leptospirosis) (စက်တင်ဘာလ၊ ၂၀၂၂ ခုနှစ်)

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ (Leptospirosis)သည် လူနှင့် တိရစ္ဆာန်များကို ကူးစက်တတ်သော လက်ပ်တိုစပိုင်းရား (Leptospira) ဘက်တီးရီးယားကြောင့်ဖြစ်သည့် ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါလက္ခဏာမျိုးစုံပြသနိုင်ပြီး တစ်ခါတစ်ရံတွင် အခြားသောရောဂါများနှင့် မှားယွင်းနိုင်ပါသည်။ အချို့သော ကူးစက်ခံရသူများတွင်မူ ရောဂါလက္ခဏာမပြဘဲ ရှိတတ်သည်။

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ ကူးစက်မှုခံရပြီး ဆေးကုသမှု ကောင်းစွာမရရှိပါက ကျောက်ကပ် ပျက်စီးခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ အသည်းပျက်စီးခြင်း၊ အသက်ရှူရခက်ခဲခြင်း တို့ဖြစ်စေပြီး သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါသည်။

❗ ရောဂါကူးစက်ပုံ

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါကို ဖြစ်စေသော ဘက်တီးရီးယားပိုးသည် ရောဂါကူးစက်ခံရသော တိရစ္ဆာန်များ၏ ဆီးထဲမှတစ်ဆင့် ရေထဲနှင့် မြေကြီးအတွင်းသို့ ရောက်ရှိပြီး ရက်သတ္တပတ်အချို့မှ လချီကြာမြင့်သည်အထိ နေနိုင်ကြသည်။ ကျွဲနွားများ၊ ဝက်များ၊ ခွေးများ၊ မြင်းများ၊ ချွန်ထက်သော သွားများရှိသည့် တိရစ္ဆာန်များနှင့် တောတွင်းတိရစ္ဆာန်များသည် လက်ပ်တိုစပိုင်ရိုးစစ်ရောဂါပိုးကို သယ်ဆောင်နိုင်ပြီး ရောဂါကူးစက်ခံရသော တိရစ္ဆာန်များသည် မည်သည့်ရောဂါလက္ခဏာမျှ ပြသခြင်း မရှိချေ။

ထိုတိရစ္ဆာန်များသည် ပတ်ဝန်းကျင်သို့ ရောဂါပိုးများ အဆက်မပြတ်စွန့်ထုတ်နိုင်ပြီး လပေါင်းများစွာမှ နှစ်ချီကြာသည်အထိ စွန့်ထုတ်နိုင်ကြောင်း တွေ့ရသည်။

ရောဂါကူးစက်ခံရသော တိရစ္ဆာန်များ၏ မစင်နှင့် ဆီးစသည့် အညစ်အကြေးများကို ထိကိုင်မိခြင်းကြောင့်ဖြစ်စေ၊ ရောဂါပိုးရှိသော ရေ၊ မြေကြီးနှင့် အစားအသောက်တို့ကို ထိကိုင်မိခြင်းကြောင့်ဖြစ်စေ လူများထံသို့ရောဂါကူးစက်ခံရနိုင်သည်။
လက်ပ်တိုစပိုင်ရိုးစစ်ရောဂါကို ဖြစ်စေသော ဘက်တီးရီးယားပိုးသည် လူ့အရေပြားပေါ်ရှိ ထိခိုက်ရှနာဒဏ်ရာများနှင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့မှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်နိုင်သည်။

❗ ရောဂါလက္ခဏာများ

ရောဂါကူးစက်ခံရသူများတွင် အောက်ပါရောဂါလက္ခဏာများ ခံစားရသည်။

🤒 အဖျားကြီးခြင်း
🤒 ခေါင်းကိုက်ခြင်း
🤒 ချမ်းတုန်ခြင်း
🤒 ကြွက်သားများ နာကျင်ခြင်း
🤒 အန်ခြင်း
🤒 မျက်လုံးနှင့် အသားများဝါခြင်း
🤒 မျက်သားနီရဲခြင်း
🤒 ဗိုက်အောင့်ခြင်း
🤒 ဝမ်းလျှောခြင်း
🤒 ခန္ဓာကိုယ်တွင် အနီကွက်များထွက်ခြင်း တို့ဖြစ်ပါသည်။

ရောဂါပိုးရှိသော အညစ်အကြေးများနှင့် ထိတွေ့မိချိန်မှ ရောဂါလက္ခဏာ စတင်ပေါ်ပေါက်လာသည်အထိ အနည်းဆုံး (၂) ရက်မှ (၄) ပတ်အထိ ကြာမြင့်နိုင်သည်။

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါသည် အဆင့် (၂) ဆင့် ဖြင့် ဖြစ်ပွားလေ့ရှိကြောင်း တွေ့ရသည်။

🤒 ပထမအဆင့်အနေဖြင့် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ခံစားရပြီး ရောဂါကူးစက်ခံရသူသည် အနည်းငယ် သက်သာလာဟန်ရှိသော်လည်း ရောဂါလက္ခဏာများ ထပ်မံပြသလာမည်ဖြစ်သည်။
🤒 ဒုတိယအဆင့်အနေဖြင့် ရောဂါပိုမိုဆိုးရွားလာပြီး ကျောက်ကပ်နှင့် အသည်း ထိခိုက်ပျက်စီးခြင်းနှင့် ဦးနှောက်အမြှေးပါးရောင်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။

အထက်ပါအခြေအနေများသည် ရက်အနည်းငယ်မှ (၃) ပတ်အထိ ကြာမြင့်နိုင်ပြီး ထိရောက်သော ဆေးကုသမှု မရရှိပါက လပေါင်းများစွာအထိ ကြာမြင့်စွာ ခံစားရနိုင်သည်။

❗ ရောဂါကူးစက်နိုင်ခြေရှိသူများ

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါသည် ကမ္ဘာအနှံ့တွင် ဖြစ်ပွားလေ့ရှိသော်လည်း အပူပိုင်းနှင့် သမပိုင်း ရာသီဥတုရှိသော ဒေသများတွင် ပိုမိုအဖြစ်များသည်။ အလုပ်လုပ်ကိုင်ရာ လုပ်ငန်းခွင်နှင့် ဆက်စပ်သော ရောဂါတစ်မျိုးဖြစ်ပြီး အောက်ဖော်ပြပါ လုပ်ငန်းလုပ်ကိုင်သူများသည် ရောဂါကူးစက် နိုင်ခြေ အများဆုံးရှိသူများဖြစ်သည်။

◾ လယ်သမားများ
◾ မိုင်းတွင်းအလုပ်သမားများ
◾ ရေဆိုးမြောင်း အလုပ်သမားများ
◾ သားသတ်ရုံ အလုပ်သမားများ
◾ တိရစ္ဆာန်များကို ဆေးကုသသူများနှင့် စောင့်ရှောက်ရသူများ
◾ တံငါသည် ရေလုပ်သားများ
◾ မွေးမြူရေးလုပ်ငန်း အလုပ်သမားများ
◾ တော်လှန်ရေးစစ်သည်များတို့ ဖြစ်ကြသည်။

ရောဂါပိုးရှိသော မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးမျှားခြင်း၊ ရေကူးခြင်း၊ လှေလှော်ခြင်း စသည်တို့ကို ပြုလုပ်သူများနှင့် တောတွင်းစခန်းချသူများတွင်လည်း ရောဂါကူးစက်နိုင်ခြေ များကြောင်း တွေ့ရသည်။ ယခုအခါတွင် မြို့နေကလေးသူငယ်များတွင်လည်း လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်လာကြောင်းတွေ့ရသည်။

❗ ရောဂါကာကွယ်ရေးနည်းလမ်းများ

တိရစ္ဆာန်တို့၏ အညစ်အကြေးများနှင့် ရောဂါပိုးများ ရှိနေနိုင်သော မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးမျှားခြင်း၊ ရေကူးခြင်း မပြုလုပ်ပါနှင့်။ ရောဂါပိုးကူးစက်ခံထားရသော တိရစ္ဆာန်များကို ကိုင်တွယ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ ရောဂါပိုးရှိနေနိုင်သော ရေနှင့် မြေကြီးတို့ကို လုပ်ငန်းသဘော သဘာဝအရ ထိတွေ့ကိုင်တွယ်ရသောအခါတွင် အကာအကွယ် ပစ္စည်းများ၊ လည်ရှည်ဖိနပ်များကို အသုံးပြုပါ။

❗ ကုသခြင်း

ရောဂါအစပျိုးချိန်များတွင် ဒေါက်ဆီဆိုက်ကလင်း (Doxycycline) (သို့မဟုတ်) ပင်နီဆီလင် (Penicillin) ကဲ့သို့ ပဋိဇီဝသောက်ဆေး (antibiotics) ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ခြင်းဖြင့် ကုသနိုင်သည်။ ရောဂါလက္ခဏာပြင်းထန်သူများတွင်မူ အကြောတွင်းသို့ ပဋိဇီဝဆေးများသွင်း၍ ကုသရမည်ဖြစ်သည်။ လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ ဖြစ်ပွားကြောင်း သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများကို ချက်ချင်း ဆက်သွယ်အကြောင်းကြားသင့်ပါသည်။

Reference: https://www.cdc.gov/leptospirosis

Ministry of Health,

National Unity Government.

To Download Poster: Click Here

Published on: 8 September 2022
Last Updated: 8 September 2022