“ခွင့်တူညီမျှ ဖြစ်တည်မှုများ”

“ခွင့်တူညီမျှ ဖြစ်တည်မှုများ”

နှစ်စဉ်နှစ်တိုင်း ဇွန်လကို LGBTQIA+ များအတွက် အထိမ်းအမှတ်အနေနဲ့ Pride Month အဖြစ် သတ်မှတ်ခေါ်ဝေါ်လေ့ရှိကြပါတယ်။

အတွေးအခေါ်နဲ့ နည်းပညာ ပွင့်လင်းမြင်သာမှုများစွာ ဖြစ်ထွန်းနေတဲ့ ဒီကမ္ဘာလောကကြီးမှာ “အမျိုးမျိုးသော လိင်စိတ်တိမ်းညွတ်မှုတွေဟာ ပုံမှန်ပါ” ဆိုတဲ့စကားကို လူတိုင်းလိုလို လက်ခံလာကြပါပြီ။ ဒါပေမဲ့ လက်ခံမှုတစ်ခုတည်းနဲ့တော့ လူမှုပြောင်းလဲမှု အရွေ့ကြီးတစ်ခုကို ဖော်ဆောင်နိုင်ဖို့ မလုံလောက်ပါဘူး။ လက်ခံကြောင်းကို ပြသတဲ့အပြင် လူမှုအသိုင်းအဝိုင်းမှာ နွေးထွေးဖေးမပေးမှသာ လူသားအခွင့်အရေးအပြည့်အဝ ရရှိတဲ့ လူ့ဘောင်လောကကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ရှေးရှေးပဝေသဏီကတည်းက လိင်စိတ်တိမ်းညွတ်မှုကွဲပြားခြင်းကို အပြစ်တစ်ခုလို ဖိနှိပ်ခဲ့ကြတဲ့ မှတ်တမ်းဥပမာတွေ ရှိခဲ့ပါတယ်။ လက်ရှိမှာလည်း ဖိနှိပ်မှုကို ကျင့်သုံးဆဲဖြစ်တဲ့ အသိုင်းအဝိုင်းတွေ ရှိနေပါသေးတယ်။ လေ့လာတွေ့ရှိချက်တွေအရ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးပမ်းသူ LGBTQIA+ ဦးရေဟာ တစ်နှစ်အတွင်း (၅) သိန်းအထိ ရှိနေကြောင်း အချက်အလက်တွေက ဖော်ပြနေပါတယ်။ တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်တော့ ဘဝမှာ နားလည်ဖေးမပေးနိုင်သူ တစ်ဦးတစ်ယောက်သာ ရှိနေခဲ့ရင်တောင် သေကြောင်းကြံစည်မှု ဖြစ်နိုင်ခြေ (၄၀)% အထိ လျော့ကျနိုင်တာကို လေ့လာချက်တွေက ဖော်ပြနေပြန်ပါတယ်။

နှစ်ကာလအဆက်ဆက် LGBTQIA+တွေကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ အများကြီး ရှိပါတယ်။

၁။ ပစ်ပယ်ခံရခြင်းနဲ့ အစုအဖွဲ့လိုက် လှောင်ပြောင်သရော်ခံရခြင်း
၂။ ပတ်ဝန်းကျင်ရဲ့ ပြင်းထန်တဲ့ ဝေဖန်အကဲဖြတ်မှုတွေ ခံရခြင်း
၃။ မိသားစုဝင်တွေအမြင်မှာ အရှက်ရစရာလို့ သတ်မှတ်ခံထားရခြင်း
၄။ လိင်အခြေပြု အကြမ်းဖက်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားခံရခြင်း
၅။အလုပ်အကိုင် အခွင့်အရေးတွေ ကန့်သတ်ခံရခြင်း စတာတွေကို အများအပြား ကြုံတွေ့ခဲ့ ရပါတယ်။

လိင်စိတ်တိမ်းညွတ်မှုနဲ့ တစ်ထပ်တည်းကျနိုင်ဖို့အတွက် (မွေးရာပါ) ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို ပြုပြင်ချင်ကြတဲ့အတွက်လည်း ကိုယ်ရောစိတ်ပါ ပင်ပန်းဆင်းရဲခြင်း ဒဏ်တွေကို ထမ်းပိုးထား ရတတ်ပါတယ်။

ဒီလိုအတွေ့အကြုံတွေကို ရင်ဆိုင်နိုင်ဖို့အတွက် မိမိကိုယ်တိုင် စိတ်ဓာတ်ကြံ့ခိုင်ဖို့အပြင် မိသားစုနဲ့ လူမှုပတ်ဝန်းကျင်တို့ရဲ့ဖေးမမှုနဲ့လည်း အများကြီးသက်ဆိုင်နေပါတယ်။

ဒီလိုခွဲခြားဆက်ဆံခံရတဲ့အခါ တုံ့ပြန်နိုင်တဲ့အခြေအနေတွေကတော့

  • ခွဲခြားဆက်ဆံတဲ့ပတ်ဝန်းကျင်ဆီကနေ ထွက်ပြေးခြင်း
  • မိမိကိုယ်ကို အဆုံးစီရင်မှုနဲ့ ရုန်းထွက်ခြင်း
  • မိမိရဲ့ ဖြစ်တည်မှုအစစ်အမှန်ကို ဖုံးကွယ်ထားခြင်း
  • ခဏတာလွတ်မြောက်မှုဖြစ်တဲ့ အရက်နဲ့ မူးယစ်ဆေးတွေကို သုံးစွဲခြင်း စတာတွေဖြစ်ပါတယ်၊ ဒီတုံ့ပြန်မှုတွေဟာ တကယ်တမ်းတော့ မိမိကိုယ်တိုင်အတွက် ဆိုးကျိုးတွေသာ ဖြစ်စေနိုင်တဲ့ တုံ့ပြန်မှုပုံစံတွေ ဖြစ်ပါတယ်။

မိမိရဲ့ စိတ်နဲ့ ခန္ဓာအတွက် ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့

  • မိမိရဲ့ ပုံစံအစစ်အမှန်နဲ့ပဲ နေထိုင်မယ်ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ထားရှိခြင်း၊
  • ဘဝကို အကောင်းဆုံး ပုံဖော်နေထိုင်ခြင်း၊
  • မိမိကိုယ်မိမိ ချစ်မြတ်နိုးခြင်း၊
  • မိမိကဲ့သို့ ခံစားနေရသူတွေနဲ့ တွေ့ဆုံပြီး ရင်ဖွင့်တိုင်ပင်ခြင်း၊
  • အချင်းချင်း ဖေးမတဲ့ အဝန်းအဝိုင်းကို တည်ဆောက်ခြင်း တို့ပဲ ဖြစ်ပါတယ်။

“ဖိစီးမှုတွေက သက်သာဖို့ မိသားစုရဲ့ နားလည်လက်ခံပေးမှုနဲ့ အားပေးမှုတွေကို အထူးလိုအပ်ပါတယ်။ “

ဒီလို အားပေးလက်ခံမှုတွေကို ရရှိတဲ့အခါမှာ
LGBTQIA+များမှာ စိတ်ကျရောဂါလက္ခဏာ ခံစားရမှုနှုန်းဟာ အတော်လျော့ကျသွားတာကို တွေ့ရှိရ ပါတယ်။ ဒါ့အပြင် မိမိကိုယ်ကို ယုံကြည်ခြင်းတွေ ဆတက်ထမ်းပိုး တိုးလာပြီး ကိုယ်ရဲ့ ကျန်းမာခြင်း၊ စိတ်ရဲ့ချမ်းသာခြင်းတွေကိုလည်း ပိုင်ဆိုင်ရရှိနိုင်ပါတယ်။ မိမိတို့ရဲ့ ဖြစ်တည်မှုဟာ ရှက်ရွံ့စရာ၊ သိမ်ငယ်စရာ မဟုတ်ဘူး ဆိုတဲ့အချက်ကို လက်ခံနိုင်လာပြီး၊ ကျေနပ်ပျော်ရွှင်တဲ့ဘဝနဲ့ ဆက်လက်နေထိုင်နိုင်ကြပါတယ်။

အဖြစ်သင့်ဆုံးကတော့ ကမ္ဘာလောကကြီးမှာရှိတဲ့ မိသားစုတစ်စုချင်းဆီကနေ LGBTQIA+ တို့အတွက် လက်ခံမှု၊ နားလည်ပေးမှု၊ ဖေးမစာနာမှုတို့ ထုံမွမ်းနေစေဖို့ဖြစ်ပါတယ်။ ဖြစ်တည်မှုတိုင်းမှာ လူသားအခွင့်အရေး အပြည့်အဝရဖို့အတွက် အားလုံး ဝိုင်းဝန်းကြိုးစား ပံ့ပိုးကြရမှာပဲ ဖြစ်ပါတယ်။

ကိုးကား
၁) https://tinyurl.com/what-exactly-is-lgbtq
၂) https://tinyurl.com/lgbtq-youth-take-care-of
၃) https://tinyurl.com/suicide-rates-in-the-lgbtq

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးစိုးရ (NUG)

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

International Society of Myanmar Scholars and Professionals

https://ismsp-mm.org/

စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို အခမဲ့ (အခမဲ့) (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ရန်-

တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်း (Daily 8 am to 6 pm)
https://facebook.com/telehealthmm

တိုင်ပင်ဖော် ဝန်ဆောင်မှု
https://facebook.com/taingpinphaw

Mind Healers -စိတ်ခွန်အားပေးသူများ
https://facebook.com/MindHealersMM

Ministry of Health,

National Unity Government.

Published on: 21 June 2022
Last Updated: 21 June 2022