Loneliness “အပြန်အလှန် ဖေးမ၊ ကုစားရမဲ့ အထီးကျန်ဝေဒနာ”

“အပြန်အလှန် ဖေးမ၊ ကုစားရမဲ့ အထီးကျန်ဝေဒနာ”

လူဟာ လူမှုရေးသတ္တဝါမို့ ချစ်သူခင်သူတွေနဲ့ အမြဲထိတွေ့ ဆက်သွယ်နေလိုပေမဲ့ လက်တွေ့ဘဝမှာ အိမ်ပျောက်၊ ဇာတိပျောက်၊ နိုင်ငံပျောက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်ထီးတည်းဖြစ်ပြီး အထီးကျန်ခံစားရတာ ဖြစ်နိုင်ပါတယ်။ တစ်ခါတလေကျတော့ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေအများကြီး ရှိနေရဲ့သားနဲ့တောင် အထီးကျန်ဝေဒနာ ခံစားနေရနိုင်ပါတယ်။

လေ့လာမှုတွေအရ လောကဓံတွေကြားထဲ ရုန်းကန်ရှင်သန်ရင်း အထီးကျန်ဝေဒနာ ရှိလာခဲ့ရင် ကိုယ်စိတ်နှစ်ပါး သာယာချမ်းမြေ့မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်တဲ့။

ဒါကြောင့် ကိုယ့်မှာ အထီးကျန်ဝေဒနာ ခံစားနေရသလားဆိုတာကို သိရှိနိုင်ဖို့ အောက်မှာ ဖော်ပြထားတဲ့ ခံစားချက်တွေနဲ့ အခြေအနေတွေ ကြုံတွေ့နေရခြင်း ရှိမရှိ တိုက်စစ်ပြီး ဖော်ထုတ်သိရှိနိုင်ပါတယ်။

👉 အဖော်မဲ့ ခံစားချက် ရှိနေသလား (အတူရှိနေတဲ့သူတွေနဲ့ နီးရက်နဲ့ဝေး ခံစားနေရသလား)?
👉 ကိုယ့်ကိုပဲ ချန်ထားကြတယ်လို့ ခံစားနေရသလား?
👉 ပတ်ဝန်းကျင်က လူတွေနဲ့ သဟဇာတ မဖြစ်ဘူးလို့ ခံစားနေရသလား?
👉 လူတွေနဲ့ ရောရောနှောနှော၊ ချစ်ချစ်ခင်ခင် နေလိုစိတ် ကင်းမဲ့နေသလား?
👉 အရေးအကြောင်းဆို ကိုးစားရမဲ့သူ မရှိဘူးလို့ ခံစားနေရသလား (ရင်ဖွင့်ဖော်၊ စကားပြောဖော် မရှိဘူးလို့ ခံစားနေရသလား)?

သိထားရမှာတစ်ခုက ဒီလိုစိတ်ခံစားမှုတွေကို အားလုံးက ရံဖန်ရံခါများမှာ ခံစားရတတ်တာဖြစ်ပြီး ရက်ရှည်လများခံစားနေရတာ၊ ပြီးတော့ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်တာတွေ ဖြစ်လာခဲ့မှသာ ပြဿနာရှိတဲ့ အထီးကျန်ဝေဒနာလို့ ပြောရမှာဖြစ်ပါတယ်။

ပြီးတော့ တချို့တွေရဲ့ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်တဲ့ တစ်ဦးတည်းရှိမှုမျိုးကိုလည်း အထီးကျန်တယ်လို့ ခေါင်းစဥ်တပ်လို့ မရပါဘူး။

လေ့လာမှုတွေကနေ တွေ့ရှိရတဲ့ တကယ့်အထီးကျန်ဝေဒနာကို ဖြစ်စေတတ်တဲ့ အကြောင်းရင်းနဲ့ အခြေအနေတွေကတော့

၁။ နေရာအသစ်နဲ့ လူအသစ်တွေကြားထဲ ရောက်ရှိရတာ။
၂။ ကိုယ်နဲ့ ပုံစံမတူသူ၊ အကြိုက်မတူသူတွေကြားထဲမှာ ကြာရှည်နေထိုင်လာရတာ။
၃။ ချစ်ခင်တွယ်တာစရာ (လူ၊ တိရိစ္ဆာန်) မရှိတာ။
၄။ စကားလက်ဆုံကျနေကြ/ ဆုံနေကျသူတွေက ကိုယ့်အတွက် အချိန်မပေးနိုင်တော့တာ။
၅။ သူငယ်ချင်းမိတ်ဆွေတွေက မယုံကြည်ရဘူးလို့ ခံစားရတာ။
၆။ အရေးအကြောင်း ကြုံချိန်မှာ ရင်ဖွင့်နိုင်တဲ့ လက်တွဲဖော် (ဒါမှမဟုတ်) အရင်းနှီးဆုံးသူ မရှိတာ။
၇။ အိမ်ထောင်ဖက်ရှိပေမဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေ ကုန်ခမ်းနေတာ။
၈။ ရှိနေကျလူတွေ မရှိတော့တဲ့အတွက် လစ်ဟာမှု ခံစားနေရတာ။
အကြောင်းတစ်ခုမဟုတ် တစ်ခုကြောင့် ကာလရှည်ကြာ အထီးကျန်ဝေဒနာထဲမှာ တဝဲလည်လည်ဖြစ်နေခဲ့ရင် အိပ်ချိန်မမှန်တာတွေကြောင့် ကိုယ်ခံအားတွေကျဆင်းပြီး ရောဂါဘယတွေ အလွယ်တကူဝင်လာတာမျိုး ဖြစ်နိုင်ပါတယ်။

နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေနဲ့ အခြား ကိုယ်စိတ်နှစ်ပါးဆိုင်ရာ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။

အထီးကျန် ဝဲဂယက်ထဲကနေ ရုန်းထွက်နိုင်ဖို့ နည်းလမ်းတွေအများကြီးရှိပြီး လက်တွေ့အကျဆုံး နည်းလမ်းတစ်ခုက မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပုံမှန်ထိတွေ့ဆက်ဆံဖို့ ဖြစ်ပါတယ်။ နောက်ထပ်လုပ်ဆောင်လို့ ရနိုင်တာတွေကတော့

👉 မိမိဟာ ဘဝမှာ ပျော်ရွှင်ဖို့ ထိုက်တန်ပါတယ်လို့ လက်ခံယုံကြည်ထားရပါမယ်။
👉 ကပ်ဆိုးကာလကြီးထဲမှာ အားလုံးက စိတ်ခံစားမှု ဝေဒနာအမျိုးမျိုး ရှိနေနိုင်ပေမဲ့ အတူတူရင်ဆိုင် ကျော်လွှားနိုင်တယ်လို့ ယုံကြည်ထားရပါမယ်။
👉 ကိုယ်ခံစားနေရတာတွေဟာ ကြုံတွေ့နေရတဲ့ ဒုက္ခသုက္ခတွေအပေါ် ကိုယ့်စိတ်ရဲ့ ပုံမှန်တုံ့ပြန်မှုပဲ ဖြစ်တယ်ဆိုတာကို နားလည်လက်ခံရပါမယ်။
👉 ကပ်ဆိုးကာလပေမဲ့ မျှော်လင့်ချက်တွေ ကုန်ဆုံးနေတာမဟုတ်ဘူးလို့ ယုံကြည်ထားရပါမယ်။
👉 မတွေ့ဖြစ်၊ မဆုံဖြစ်တာကြာပြီဖြစ်တဲ့ ချစ်သူခင်သူတွေကို ကိုယ်က အစပြု ဆက်သွယ်ရပါမယ်။
👉 ကိုယ့်ဘဝကိုကိုယ် အစိုးရတဲ့ အနေအထားဖြစ်အောင် လုပ်ဆောင်ရပါမယ်။ တစ်နေ့တာတိုင်းမှာ ကိုယ်တိုင်ချမှတ်တဲ့ ပန်းတိုင်နဲ့ အစီအစဉ်အတိုင်း အသက်ရှင်ရပါမယ်။
👉 မိတ်ဆွေတွေနဲ့ အတူတူထိတွေ့ရတဲ့ အစီအစဉ်တွေမှာ တတ်နိုင်သမျှပါဝင်ရပါမယ်။
👉 အသင်းအပင်း၊ အစည်းအရုံးတွေမှာ ပါဝင်ဆောင်ရွက်ရပါမယ်။
👉 လိုအပ်နေသူတွေကို ကူညီဖေးမတဲ့ လုပ်ငန်းဆောင်တာများမှာ ပါဝင်ဆောင်ရွက်ရပါမယ်။
👉 မိမိရဲ့ ဝါသနာတွေကို အချိန်ပေးလုပ်ဆောင်ရပါမယ်။ တစ်ခုခုမှာ စိတ်ဝင်စားပျော်မွေ့နေတဲ့အခါ အထီးကျန်ဝေဒနာဟာ လျော့ပါးသွားမှာဖြစ်ပါတယ်။

ဒီနည်းလမ်းတွေကို ကိုယ့်ရဲ့အထီးကျန်ဝေဒနာကို ကုစားဖို့လည်း အသုံးချ၊ အထီးကျန် ဝေဒနာ ခံစားနေရတဲ့ တစ်ခြားသူတွေအတွက်လည်း အသုံးချသွားနိုင်ခဲ့ရင် အပြန်အလှန်ဖေးမတဲ့ အဝန်းအဝိုင်း တစ်ခုကို တည်ဆောက်ထားနိုင်ပြီး အားလုံးရဲ့ အထီးကျန်ဝေဒနာနဲ့ အခြားကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကိစ္စတွေကို အပြန်အလှန်၊ ဖေးမကုစားသွားနိုင်မှာဖြစ်ပါတယ်။

ကိုးကား
၁) psychologytoday.com/sg/basics/loneliness
၂) https://tinyurl.com/heal-connecting-others
၃) https://tinyurl.com/7-types-loneliness

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

International Society of Myanmar Scholars and Professionals

https://ismsp-mm.org/

စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို အခမဲ့ (အခမဲ့) (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ရန်-

တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်း (Daily 8 am to 6 pm)
https://facebook.com/telehealthmm

တိုင်ပင်ဖော် ဝန်ဆောင်မှု
https://facebook.com/taingpinphaw

Mind Healers -စိတ်ခွန်အားပေးသူများ
https://facebook.com/MindHealersMM

Ministry of Health,

National Unity Government.

Published on: 10 June 2022
Last Updated: 10 June 2022