ထိပ်ပြောင်တာ ရှက်စရာလား (Male Pattern Baldness)
“အမျိုးသားတို့ ထိပ်ပြောင်တာ ရှက်စရာမဟုတ်၊ ထိပ်ပြောင်တာ သဘာဝဖြစ်စဉ်တစ်ခုပါ”
ဆံပင်ဟာ ဒုတိယမျက်နှာလို့ ဆိုကြတော့ ဆံပင်ကျွတ် ထိပ်ကွက် ထိပ်ပြောင်ဖြစ်မှာကို စိုးရိမ်တတ်ကြတာကလည်း သဘာဝပါပဲ။ အမျိုးသားတို့ ထိပ်ကွက်ထိပ်ပြောင်ဖြစ်စေရတဲ့ အကြောင်းတရားတွေနဲ့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ဆက်လက်ဖတ်ရှုလိုက်ရအောင်ပါ….
ထိပ်ပြောင်ရခြင်း အကြောင်းတရားများ
မျိုးရိုးလိုက်ခြင်း (Genetic Factor)
ဇရာ (Ageing) ဟာလည်း ရှောင်လွှဲမရနိုင်တဲ့ ထိပ်ပြောင်ရခြင်း အကြောင်းတရားတစ်ရပ်ပါပဲ။ ဒါဟာ သဘာဝဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ပြီး အသက်အရွယ်ရလာလေ ဆံပင်ပိုကျွတ်၊ ပိုပါးလာလေ ဖြစ်တတ်တယ်။
ကျားဟော်မုန်း (Androgen) ကျားဟော်မုန်းဟာ အမျိုးသားတွေကို ခန္ဓာကိုယ်အနှံ့အမွှေးအမျှင်ထူစေပြီး ဆံပင်ကို ပါးစေတယ်။ ကနဦးအစမှာ နားထင်နှစ်ဖက်ကစလို့ ဆံသားဆုံးရှုံးပြီး ရှေ့ဆံပင် (Hair line) ဟာ တဖြည်းဖြည်းနောက်ဆုတ်လာပြီး ပြောင်စပြုတယ်။ ဦးခေါင်းထိပ်က ဆံပင်က ပါးပြီး ထိပ်ကွက်တယ်။ နောက်ဆုံးတော့ ရှေ့က နောက်ဆုတ်ပြီးကျွတ်လာတာနဲ့ ထိပ်ကွက်တာနဲ့ ဆုံတဲ့အခါ ထိပ်ပြောင်ရတော့တယ်။
ကုသမှုတွေ၊ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် (ဥပမာ ကင်ဆာရောဂါ (Cancer) မှာ သောက်ရတဲ့ ဆေးတွေက ဆံပင်ကျွတ်စေပါတယ်)
အရှိအတိုင်း လက်ခံနေထိုင်ပါ
အရှိအတိုင်း လက်ခံပြီး နေထိုင်တာဟာ ပထမဦးစားပေး နည်းလမ်းကောင်းတစ်ခုပါ။ ကနဦးအစမှာ ဒါဟာ ရှက်စရာ၊ စိတ်မလုံစရာ၊ မိမိကိုယ်ကိုယ် ယုံကြည်မှုအားနည်းစရာ ဖြစ်နိုင်ပေမယ့် ထိပ်ပြောင်တဲ့ အမျိုးသားအများစုဟာ ကုသမှုခံယူမနေတော့ဘဲ ဒါကို သဘာဝဖြစ်စဉ်တစ်ခုအနေနဲ့၊ ဇရာအနေနဲ့ အရှိအတိုင်းလက်ခံနေထိုင်ကြပြီး ဆရာဝန်တွေကလည်း ဒီနည်းလမ်းကို အားပေးထောက်ခံကြပါတယ်။
ကိုယ်နဲ့လိုက်ဖက်ကြည့်ကောင်းမယ့် ဆံပင်အတိုအကပ်ညှပ်တာ၊ ဦးခေါင်းအပြောင်တုံးလိုက်တာကလည်း နောက်ထပ် နည်းလမ်းကောင်းတစ်ခုပါပဲ။
တခြား ဘာနည်းလမ်းတွေရှိသေးသလဲ
ဦးထုပ်ဆောင်းတာ
ဆံပင်တုတပ်တာ (Hair Wig)
အစားထိုးဦးရေပြားဆံပင်အသုံးပြုတာ (Hair Substitution)
ဆံသားအသစ်စိုက်ခြင်း (Hair Transplant) စတဲ့ နည်းလမ်းတွေရှိတယ်
ဆံပင်ပြန်ပေါက်စေတဲ့ သောက်ဆေး၊ လိမ်းဆေးတွေနဲ့ ကုသလို့ ရနိုင်တယ်။ ဒါပေမယ့် သောက်ဆေး၊ လိမ်းဆေးတွေဟာ အမြဲသောက်နေဖို့လိုအပ်ပြီး ကုသမှုကိုရပ်လိုက်တာနဲ့ ဆံပင်ကပြန်ကျွတ်တတ်ပြီး အကုန်အကျလည်းများလှတယ်။
ကျန်ရှိနေတဲ့ ဆံပင်လက်ကျန်ကို တန်ဖိုးထားထိန်းသိမ်းပါ။ ခေါင်းလျှော်/ ခေါင်းသုတ်/ ခေါင်းဖြီးတဲ့အခါ ကြမ်းကြမ်းတမ်းတမ်းမပြုဘဲ အသာအယာပြုလုပ်တာက ကျန်ရှိနေတဲ့ ဆံသားတွေကို ထပ်ထပ်မကျွတ်ရအောင် အထိုက်အလျောက်အကူအညီပေးတယ်။ ဆံပင်ကိုက်တတ်တဲ့အကျင့်ရှိက ဖျောက်ပါ။ ဆံပင်အတွက်လိုအပ်တဲ့ အာဟာရ ရစေဖို့ အာဟာရပြည့်ဝမျှမျှတတ စားသောက်ပါ။ စိတ်ဖိစီးမှု (Stress) ကြောင့်လည်း ဆံပင်ကျွတ်တတ်လို့ စိတ်ဖိစီးမှုလျှော့ချပါ။ လုံလုံလောက်လောက် အနားယူအိပ်စက်ပါ။
ဆံပင်ပြန်ပေါက်စေတယ်ဆိုကြတဲ့ Shampoo တွေ၊ ဆေးမြီးတိုတွေ၊ အိမ်တွင်းနည်းတွေဟာ တကယ်တော့ အကျိုးမထူးလှပါဘူး။
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.98
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ညနေ၆နာရီအထိ
ည၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.

Published on: 19 August 2022
Last Updated: 19 August 2022