MENINGITIS (ဦးနှောက်အမြှေးရောင်ရောဂါ) (October 2022)

🧠 ဦးနှောက်အမြှေးရောင်ရောဂါ (MENINGITIS) (October 2022) 🧠

👉 အဓိက အချက်များ

🧠 ဦးနှောက်အမြှေးရောင်ရောဂါသည် သေနှုန်းမြင့်မားပြီး ပြင်းထန်သော ကာလရှည် နောက်ဆက်တွဲရောဂါများဖြစ်စေနိုင်သည်။
🧠 ဦးနှောက်အမြှေးရောင်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်သည်။
🧠 ဦးနှောက်အမြှေးရောင်ရောဂါ ကူးစက်ပြန့်ပွားမှုများကို ကမ္ဘာတစ်ဝန်းတွင်တွေ့ရပြီး အထူးသဖြင့် ဆာဟာရကန္တာရတောင်ဘက်ရှိ အာဖရိကနိုင်ငံများတွင် ပိုမိုဖြစ်ပွားသည်။
🧠 ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကပ်ပါးပိုးမွှားများ အပါအဝင် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်စေနိုင်သော ပိုးမွှားများစွာရှိသည်။
🧠 ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါကို ပိုမိုအလေးထားရမည်ဖြစ်ပြီး ဖြစ်ပွားသူ (၁၀) ဦးလျှင် တစ်ဦးနှုန်း အသက်သေဆုံးပြီး ဖြစ်ပွားသူ (၅) ဦးလျှင် တစ်ဦးသည် ပြင်းထန်သော နောက်ဆက်တွဲရောဂါများကို ခံစားရသည်။
🧠 ဘေးကင်းစိတ်ချရပြီး အဖိုးနှုန်းသက်သာသော ကာကွယ်ဆေးများသည် ကာလရှည် ရောဂါကာကွယ်ရေးအတွက် အထိရောက်ဆုံးဖြစ်သည်။

ဦးနှောက်အမြှေးရောင်ရောဂါဖြစ်စေသော အဓိက ဘက်တီးရီးယားပိုး (၄) မျိုးရှိပြီး ၎င်းတို့မှာ ….

🧠 Meningococcus ဦးနှောက်အမြှေးရောင်ရောဂါကိုဖြစ်စေသော Neisseria meningitidis
🧠 Pneumococcal ရောဂါဖြစ်စေသော Streptococcus pneumoniae
🧠 Haemophilus influenzae နှင့်
🧠 Streptococcus agalactiae (group B streptococcus) တို့ဖြစ်ကြသည်။

ကမ္ဘာတစ်ဝန်းတွင် ဦးနှောက်အမြှေးရောင်ရောဂါကြောင့် သေဆုံးရခြင်းများအနက် ထက်ဝက်ကျော်သည် အထက်ဖော်ပြပါ ဘက်တီးရီးယားပိုး (၄) မျိုးတို့ကြောင့်ဖြစ်ပြီး သွေးဆိပ်တက်ခြင်း (Sepsis) နှင့် နမိုးနီးယားတို့ကဲ့သို့သော ပြင်းထန်ရောဂါများကိုလည်း ဖြစ်စေနိုင်ပါသည်။

👉 ရောဂါဖြစ်ပွားနိုင်ခြေရှိသူများ

ဦးနှောက်အမြှေးရောင်ရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်သော်လည်း ကလေးငယ်များတွင် ပိုမိုအဖြစ်များသည်။ မွေးကင်းစကလေးငယ်များသည် Group B streptococcus ရောဂါပိုးကူးစက်နိုင်ခြေ အများဆုံးဖြစ်ပြီး ကလေးငယ်များသည် meningococcus, pneumococcus နှင့် Haemophilus influenzae ရောဂါပိုး ကူးစက်ဖြစ်ပွားနိုင်ခြေပိုများကြောင်း တွေ့ရသည်။ ဆယ်ကျော်သက်များနှင့် လူငယ်များ အနေဖြင့် meningococcal ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေများပြီး လူကြီးများတွင်မူ pneumococcal ရောဂါကူးစက်ဖြစ်ပွားမှုများကြောင်း တွေ့ရသည်။

ကမ္ဘာတစ်ဝန်းရှိ လူအားလုံးသည် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားနိုင်ခြေရှိသူများ ဖြစ်ကြသည်။ ရောဂါကူးစက်ဖြစ်ပွားမှုများသော ဒေသများကို ဆာဟာရကန္တာရတောင်ဘက်ရှိ အာဖရိကနိုင်ငံများတွင်တွေ့ရပြီး “အာဖရိက ဦးနှောက်အမြှေးရောင်ရောဂါ ခါးပတ်လမ်းကြောင်း” (the African Meningitis Belt) ဟု လူသိများသည်။ အထူးသဖြင့် meningococcal ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားကူးစက်မှုများပြီး pneumococcal ဦးနှောက်အမြှေးရောင်ရောဂါများကိုလည်း တွေ့ရသည်။

လူအများအပြား နီးကပ်စွာနေထိုင်ကြသည့် နေရာများတွင် ရောဂါကူးစက်နိုင်ခြေ ပိုမို မြင့်မားကြောင်းတွေ့ရသည်။ ဥပမာအားဖြင့် လူအများစုဝေးရာနေရာများ၊ စစ်ဘေးရှောင်စခန်းများ၊ လူနေများပြားသော အိမ်များ၊ ကျောင်းသားအဆောင်များ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အခြားလူများစုဝေးနေထိုင်ရသော လုပ်ငန်းခွင်များ ဖြစ်သည်။ အိတ်ချ်အိုင်ဗွီရောဂါ ကူးစက်ခံရသူများကဲ့သို့ ကိုယ်ခံအားနည်းသူများ၊ ကိုယ်ခံအားကျစေသော ကုထုံးများခံယူနေသူများ၊ ဆေးလိပ်သောက်သူများနှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်သူများသည်လည်း ဦးနှောက်အမြှေးရောင်ရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေများကြောင်း တွေ့ရသည်။

👉 ရောဂါကူးစက်ပုံ

ရောဂါကူးစက်ပုံသည် ဖြစ်ပွားစေသော ရောဂါပိုးပေါ်မူတည်၍ ကွဲပြားမှုရှိသည်။ ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေသော ဘက်တီးရီးယားများဖြစ်သည့် meningococcus, pneumococcus နှင့် Haemophilus influenzae ရောဂါပိုးတို့သည် လူတို့၏ နှာခေါင်းနှင့် လည်ချောင်းတို့ထဲတွင် ရှိနေနိုင်ကြသည်။ လူတစ်ဦးမှတစ်ဦးသို့ နှာချေ၊ ချောင်းဆိုးရာမှ ထွက်ပေါ်လာသော အစက်အမှုန်များနှင့် လည်ချောင်းအတွင်းရှိ ချွဲ၊ သလိပ်တို့မှတစ်ဆင့် ကူးစက်နိုင်သည်။ Group B streptococcus ဘက်တီးရီးယားပိုးများသည် အူလမ်းကြောင်းနှင့် မိန်းမကိုယ်တွင် တည်ရှိနိုင်ပြီး ကလေးမွေးချိန်တွင် မိခင်မှ သန္ဓေသားသို့ ကူးစက်နိုင်သည်။

ထိုကဲ့သို့ ရောဂါပိုးမွှားများ ခန္ဓာကိုယ်တွင်းရှိနေခြင်းသည် ပုံမှန်အားဖြင့် လူကိုထိခိုက်မှုမရှိဘဲ အခြားသောရောဂါပိုးများကို ကာကွယ်နိုင်သည့် ကိုယ်ခံအားစနစ်တည်ဆောက်ရာတွင် အကူအညီဖြစ်စေသည်။ သို့သော်လည်း တစ်ခါတရံတွင်မူ ထိုရောဂါပိုးများသည် ခန္ဓာကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ဦးနှောက်အမြှေးရောင်ရောဂါနှင့် သွေးဆိပ်တက်ခြင်း (Sepsis) တို့ကို ဖြစ်စေနိုင်သည်။

👉 ရောဂါလက္ခဏာများ

ရောဂါအစပျိုးချိန်သည် ဖြစ်ပွားစေသော ဘက်တီးရီးယားပိုးပေါ် မူတည်၍ ကွဲပြားနိုင်ပြီး ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါများအတွက် ရောဂါအစပျိုးချိန်သည် (၂) ရက်မှ (၁၀) ရက်အတွင်း ရှိကြောင်းတွေ့ရသည်။
သွေးဆိပ်တက်ခြင်း (Sepsis) နှင့် တွဲဖက်ဖြစ်ပွားသော ဦးနှောက်အမြှေးရောင်ရောဂါများတွင်မူ ရောဂါနှစ်ခုလုံးနှင့် သက်ဆိုင်သော ရောဂါလက္ခဏာများကို တွေ့ရသည်။

ရောဂါလက္ခဏာများအနေဖြင့်

🧠 ပြင်းထန်သောခေါင်းကိုက်ခြင်း
🧠 လည်ပင်းတောင့်တင်းခြင်း
🧠 အဖျားကြီးခြင်း
🧠 စူးရှသော အလင်းရောင်များကို မခံနိုင်ခြင်း
🧠 မှိန်းခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း
🧠 တက်ခြင်း
🧠 ခန္ဓာကိုယ်တွင် အနီကွက်များထွက်ခြင်း
🧠 အရိုးအဆစ်များနာခြင်း
🧠 ခြေဖျားလက်ဖျားများ အေးစက်နေခြင်း
🧠 အန်ခြင်း တို့ဖြစ်ကြသည်။

ကလေးငယ်များတွင် အောက်ပါရောဂါလက္ခဏာများတွေ့ရတတ်သည်။

🧠 အစာမဝင်ခြင်း
🧠 အမြဲအိပ်ငိုက်နေခြင်း၊ နိုးထရန်ခက်ခဲခြင်း၊ သတိလစ်ခြင်း
🧠 ဂနာမငြိမ်ဖြစ်ခြင်း၊ ထိကိုင်ပွေ့ချီလိုက်ပါက ငိုခြင်း
🧠 အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူရာတွင် အသံမြည်ခြင်း
🧠 ဖျားခြင်း
🧠 လည်ပင်းတောင့်တင်းခြင်း
🧠 ငယ်ထိပ်ဖောင်းနေခြင်း
🧠 ကျယ်လောင်စွာငိုခြင်း
🧠 တက်ခြင်း
🧠 အန်ခြင်း
🧠 ခန္ဓာကိုယ်တွင် အနီကွက်များထွက်ခြင်း တို့ဖြစ်သည်။

👉 ရောဂါ၏နောက်ဆက်တွဲပြဿနာများ

ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပွားသူ (၅) ဦးတွင် တစ်ဦးသည် နောက်ဆက်တွဲဆိုးကျိုးများကို ကာလကြာရှည် ခံစားရတတ်သည်။ ၎င်းတို့မှာ နားမကြားခြင်း၊ ခြေ၊ လက်ရှိ ကြွက်သားများ အားနည်းခြင်း၊ အမြင်အာရုံ ပြဿနာများ၊ စကားပြောရ ခက်လာခြင်း၊ မှတ်ဉာဏ် လျော့နည်းလာခြင်းနှင့် ပြောဆိုဆက်သွယ်ရ ခက်ခဲခြင်း တို့အပြင် သွေးဆိပ်တက်ခြင်း (Sepsis) ကြောင့် ခြေ၊ လက်များ ဖြတ်တောက်ရခြင်းတို့ ဖြစ်စေနိုင်သည်။

👉 ရောဂါကာကွယ်ခြင်း

🧠 ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးထိုးခြင်းသည် အထိရောက်ဆုံး ရောဂါကာကွယ်ရေးနည်းလမ်းဖြစ်ပြီး ရောဂါကြောင့်ဖြစ်သော ထိခိုက်မှုများကို လျှော့ချနိုင်သည့်အပြင် ကာလရှည်ကြာသောရောဂါကာကွယ်နိုင်မှုကို ပေးစွမ်းနိုင်သည်။

Meningococcal နှင့် Group B streptococcal disease ကူးစက်နိုင်ခြေများသူများကို ကြိုတင်ကာကွယ်ရာတွင် ပဋိဇီဝဆေးများကို သုံးစွဲနိုင်သည်။ Meningococcal ဦးနှောက်အမြှေးရောင်ရောဂါ ကူးစက်ပျံ့နှံ့မှုများသောအခြေအနေများတွင် ကာကွယ်ဆေးနှင့် ပဋိဇီဝဆေးကို ပူးတွဲသုံးစွဲလေ့ရှိသည်။

🧠 ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ရေးအတွက် ပဋိဇီဝဆေးအသုံးပြုခြင်း

💢 Meningococcus ဦးနှောက်အမြှေးရောင်ရောဂါ

ရောဂါရှိသူနှင့် အနီးကပ်နေထိုင်သူများကို ပဋိဇီဝဆေးအချိန်မီပေးခြင်းဖြင့် ရောဂါကူးစက် ပျံ့ပွားမှုကို လျှော့ချနိုင်ကြောင်း တွေ့ရသည်။ အာဖရိက ဦးနှောက်အမြှေးရောင်ရောဂါ ခါးပတ်လမ်းကြောင်း ပြင်ပရှိ ဒေသများတွင် ရောဂါရှိသူနှင့် အနီးကပ်နေထိုင်သူများကို ရောဂါကူးစက်ခြင်းမှကာကွယ်ရန် ပဋိဇီဝဆေးပေးနိုင်ကြောင်း အတည်ပြုထားသည်။ ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်အတိုင်း ပဋိဇီဝဆေးများကို သောက်ရမည် ဖြစ်သည်။

💢 Group B streptococcus ဦးနှောက်အမြှေးရောင်ရောဂါ

Group B streptococcus ဦးနှောက်အမြှေးရောင်ရောဂါ ကူးစက်နိုင်ခြေများသော ကိုယ်ဝန်ဆောင်မိခင်များကို ကလေးမွေးချိန်အတွင်း သတ်မှတ်ထားသော ပဋိဇီဝဆေးထိုးနှံပေးခြင်းဖြင့် မိခင်မှ ကလေးသို့ ဦးနှောက်အမြှေးရောင်ရောဂါကူးစက်မှု ကာကွယ်နိုင်သည်။

Source:
https://www.who.int/news-room/fact-sheets/detail/meningitis

Ministry of Health,

National Unity Government.

 Published on: 27 October 2022
Last Updated: 27 October 2022