Menorrhagia (ရာသီသွေးအဆင်းများခြင်း ) ( March, 2022 )

ရာသီသွေးအဆင်းများခြင်း ( March, 2022 )

ဘာကြောင့်ဖြစ်တာလဲ ?

Dysfunctional Uterine Bleedingအများအားဖြင့် ဖြစ်ရတဲ့အကြောင်းရင်း မသိပါဘူး။ သားအိမ်၊ သားဥအိမ်စစ်ဆေးမှုတွေမှာလဲ ပုံမှန်ပဲ အဖြေထွက်ပါတယ်။ Dysfunctional Uterine Bleeding လို့ခေါ်ပါတယ်။ ရာသီသွေးပေါ်ကာစအရွယ်နဲ့ သွေးဆုံးခါနီးအသက်အရွယ်တွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။သားအိမ်အတွင်းနံရံကနေ ပုံမှန်ထုတ်ပေးလေ့ရှိတဲ့ Prostaglandins (ပရော်စတာဂလန်ဒင်)လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို လိုအပ်တာထက်ပိုပြီး ထုတ်တာများနေတာနဲ့ သက်ဆိုင်လေ့ရှိပါတယ်။

အခြား ရာသီသွေးဆင်းများရသည့်အကြောင်းအရင်းတွေကတော့

  • သားအိမ်တွင်းအလုံးရှိခြင်း
  • သုံးလခံ တားဆေးထိုးထားသူများ
  • သားအိမ်တွင်း ကိုယ်ဝန်တားပစ္စည်းထည့်ထားသူများ
  • သွေးကျဲရောဂါရှိသူများ
  • သွေးကျဲဆေးသောက်နေရသူများ
  • ကိုယ်ဝန်ပျက်ကျလျှင်၊ သားအိမ်ပြင်ပ ကိုယ်ဝန်တည်နေလျှင်
  • လိင်ဆက်ရာမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ အပါအဝင် သားအိမ်တွင်းပိုင်း ပြဿနာရှိနေသူတွေ
  • သားအိမ်နံရံကင်ဆာရောဂါရှိသူတွေ

ဘယ်လိုသိနိုင်မလဲ ?

ဆရာဝန်က ပုံမှန်စမ်းသပ်စစ်ဆေးမှုတွေအပြင် လိုအပ်လျှင် အောက်ပါစစ်ဆေးမှုများလဲပြုလုပ်နိုင်ပါတယ်။

  • မျိုးပွါးလမ်းကြောင်း စမ်းသပ်စစ်ဆေးခြင်း
  • သားအိမ်ခေါင်းကင်ဆာရှိမရှိစစ်ဆေးခြင်း
  • သွေးအားနည်းရောဂါရှိမရှိသိနိုင်ရန် သွေးစစ်ခြင်း
  • ဝမ်းဗိုက်နှင့် မျိုးပွါးလမ်းကြောင်းမှတစ်ဆင့် အယ်ထွာဆောင်း( Ultrasound)ရိုက်ခြင်း
  • သားအိမ်မှန်ပြောင်းနှင့် စစ်ခြင်း

ကုသခြင်းအကယ်၍ စမ်းသပ်စစ်ဆေးလို့ ရောဂါအခံမရှိဘူးဆိုရင် ကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်က သွေးဆင်းတဲ့ပမာဏနည်းသွားအောင်ပဲဖြစ်ပါတယ်။ ဆရာဝန်က အောက်ပါဆေးတွေညွှန်းနိုင်ပါတယ်။

  • တားဆေးကဒ်တားဆေးကဒ်ကို ပုံမှန်သောက်ရင် ဆေးမှာပါတဲ့ ဟော်မုန်းအာနိသင်ကြောင့် သွေးဆင်းတာ သုံးပုံတစ်ပုံလောက်နည်းသွားစေနိုင်ပါတယ်
  • ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ကိုယ်ဝန်တားပစ္စည်းကိုယ်ဝန်တားနည်းသုံးဖို့လည်း လိုအပ်နေတဲ့ တချို့အမျိုးသမီးတွေမှာတော့ ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ကိုယ်ဝန်တားပစ္စည်းသုံးလိုက်ခြင်းဖြင့် ရာသီသွေးဆင်းတာသက်သာသွားတတ်ပါတယ်။
    • ပြသနာဖြစ်လေ့ရှိတာက အိမ်ထောင်မရှိသူကို ဘာကြောင့်ကိုယ်ဝန်တားဆေးတွေသောက်နေရတာလဲဆိုတာပါ။ တကယ်တော့ ရာသီသွေးဆင်းနည်းဖို့အတွက်ပေးတာပါ။
    • နောက်ထပ်ရှုပ်ထွေးစရာရှိတာက တားဆေးကဒ်နဲ့ ဟော်မုန်းပါတဲ့ သားအိမ်ထဲထည့် ကိုယ်ဝန်တားပစ္စည်းက ရာသီသွေးဆင်းတာနည်းစေပြီး သုံးလခံထိုးဆေးနဲ့ ဟော်မုန်းမပါတဲ့ သားအိမ်ထဲထည့် ကိုယ်ဝန်တားပစ္စည်းထည့်တာက ရာသီသွေးဆင်းများစေနိုင်ပါတယ်
  • NSAIDs လို့ခေါ်တဲ့ အချို့ အကိုက်အခဲပျောက်ဆေးတွေကလဲ သွေးဆင်းတာနည်းစေပါတယ် ( အစာအိမ်ရောင်နိုင်လို့ ဆရာဝန်ညွန်ကြားချက်နဲ့သာသောက်ပါ)
  • သွေးခဲရာမှာကူညီပေးတဲ့ အချို့ဆေးတွေကိုလဲ လူနာတစ်ယောက်ချင်းရဲ့ ရောဂါပြင်းထန်မှုပေါ်မူတည်ပြီးပေးနိုင်ပါတယ်။
  • ရာသီသွေး အရမ်းအများကြီးဆင်းတာမဟုတ်ဘူး၊ လူနာအတွက်လဲ အန္တရာယ်မရှိနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ကုသစရာမလိုဘဲ ကာလအတိုင်းအတာတခုထိ စောင့်ကြည့်လို့ရပါတယ်။ ( အထူးသတိထားရမှာက သွေးဆင်းတာများရင် သွေးအားနည်းတတ်ပြီး ထိုမှတဆင့် သွေးအားနည်းနှလုံးရောဂါဖြစ်နိုင်တဲ့အတွက် သွေးအားနည်းပြဿနာရှိမရှိ ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးရပါမယ်။ )
  • သံဓါတ်ပါတဲ့ အားဆေးပုံမှန်သောက်ပါ
  • ရာသီလာချိန် တတ်နိုင်သမျှ အနားယူပါ
  • အာဟာရပြည့်ဝအောင်စားပါ
  • ဆေးရုံ၊ ဆေးခန်းပြလျှင် ကိုယ့်မှာ ရာသီသွေးဆင်းတာများတဲ့ ပြဿနာရှိကြောင်း ဆရာဝန်ကိုပြောပြပါ (ဆရာဝန်က သိမှသာ Aspirin ကဲ့သို့သော သွေးကျဲစေတဲ့ဆေးမျိုးပေးတာရှောင်နိုင်မှာပါ)

Reference:John Murtagh’s Patient Education, six edition: Menorrhagia

️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန်( https://m.me/telehealthmm )

လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 12 March 2022
Last Updated: 12 March 2022