Menstrual Cycle (ရာသီသွေးဆင်းခြင်းဖြစ်စဥ်/ ဓမ္မတာဖြစ်စဉ်)
Menstruation (ရာသီသွေးဆင်းခြင်း) ဆိုတာ ဘာလဲ ?
လစဉ် သားအိမ်အတွင်းနံရံမှ တစ်သျှူးများ ကွာကျခြင်းကို ရာသီသွေးဆင်းခြင်း (Menstruation) လို့ခေါ်ပါတယ်။
(Menses, Menstrual Period, Menstrual Cycle နဲ့ Period လို့လည်း ခေါ်ကြပါတယ်)
ရာသီသွေးမှာ သွေးနဲ့အတူ သားအိမ်အတွင်းမှ တစ်သျှူးတွေလည်း ပါဝင်ပါတယ်။ ရာသီသွေးဟာ သားအိမ်ခေါင်း (cervix) ကို ဖြတ်ပြီး မွေးလမ်းကြောင်း (vagina) မှတစ်ဆင့် ခန္ဓာကိုယ်ရဲ့ပြင်ပကို စီးထွက်ပါတယ်။
ရာသီသွေးဆင်းခြင်းကို မျိုးပွားခြင်းနဲ့ဆိုင်တဲ့ဟော်မုန်းတွေက ထိန်းချုပ်လုပ်ဆောင်ပေးပါတယ်။ ဟော်မုန်းဆိုတာကတော့ ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကို ညှိနှိုင်းဆောင်ရွက်ပေးတဲ့ ခန္ဓာကိုယ်အတွင်းမှ ဓာတုပစ္စည်းတွေ (chemical messengers) ဖြစ်ပါတယ်။
ဦးနှောက်မှာရှိတဲ့ pituitary gland နဲ့ သားအိမ်မှာရှိတဲ့ သားဥအိမ် (ovaries) တို့က ဓမ္မတာဖြစ်စဥ်ရဲ့အချိန်တစ်ခုမှာ တချို့သော ဟော်မုန်းတွေကို သွေးထဲကို ထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းတွေကြောင့် သားအိမ်အတွင်းနံရံ ထူထဲလာပါတယ်။ ဒီလိုထူထဲလာခြင်းဟာ သားအိမ်မှာ သန္ဓေတည်နိုင်ဖို့အတွက် ပြင်ဆင်ခြင်း ဖြစ်ပါတယ်။
သားဥအိမ်မှ သားဥကြွေခြင်းသည်လည်း ဟော်မုန်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ လွတ်ထွတ်လာတဲ့ သားဥဟာ သားပို့ပြွန် (fallopian tube) မှ ဆင်းသက်ရင်း သုက်ကောင် (sperm) ကို စောင့်မျှော်လျက်ရှိပါတယ်။ သားဥ (egg) နဲ့ သုက်ကောင် (sperm) ပေါင်းစပ်ခြင်းမရှိခဲ့ရင် သန္ဓေမတည်တော့ဘဲ သားအိမ်နံရံကွာကျသွားပါတယ်။ ဒီဖြစ်စဥ်ကို ရာသီသွေးဆင်းခြင်းလို့ ခေါ် တာပါ။
..
..
Menstrual Cycle (ရာသီစက်ဝန်း) ဆိုတာရော ဘာလဲ ?
Mentrual cycle ဆိုတာ ခန္ဓာကိုယ်က သန္ဓေတည်နိုင်ဖို့ လစဥ်ပြင်ဆင်တဲ့ ဖြစ်စဥ်တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ သွေးစဆင်းတဲ့ ပထမရက်ကနေ နောက်လ သွေးစဆင်းတဲ့ ပထမရက်ကြားအချိန် ဖြစ်ပါတယ်။ လူတိုင်းမှာ အချိန်အပြောင်းအလဲ အနည်းငယ်ရှိတတ်ပေမယ့် ဖြစ်စဥ်ကတော့ အတူတူပါပဲ။
..
..
ပုံမှန် cycle တစ်ခုက ဘယ်လောက်ကြာလဲ ?
Menstrual cycle ရဲ့ ပျမ်းမျှကြာချိန်ဟာ ၂၈ ရက် ဖြစ်ပါတယ်။ အစောဆုံး ၂၁ ရက်နဲ့ နောက်အကျဆုံး ၃၅ ရက်ထိရှိတတ်ပြီး ပုံမှန်ဖြစ်နေတာလည်း ရှိပါတယ်။
..
..
တစ်ခါ ရာသီလာရင် ဘယ်လောက် ကြာတတ်လဲ?
လူအများစုမှာ ၃ ရက်ကနေ ၇ ရက်ထိ ကြာမြင့်တတ်ပါတယ်။
..
..
Mentrual Cycle ရဲ့ ဖြစ်စဥ် (၄) ခု
(1) The Menses Phase
သာမန်အားဖြင့် ရာသီစက်ဝန်းရဲ့ ပထမဆုံးရက်မှ ၅ ရက်အထိ ကြာမြင့်တတ်ပါတယ်။ သန္ဓေမတည်ဘဲ သားအိမ်နံရံကွာကျပြီး သွေးဆင်းတဲ့အချိန် ဖြစ်ပါတယ်။ ၃ ရက်ကနေ ၅ရက်အထိ ကြာမြင့်တတ်ပါတယ်။
(2) The Follicular Phase
ရာသီစက်ဝန်းရဲ့ ၆ ရက်မြောက်နေ့မှ ၁၄ ရက်အထိ ကြာမြင့်တတ်ပါတယ်။ ဒီအချိန်မှာ oestrogen လို့ ခေါ်တဲ့ “မ” ဟော်မုန်းတွေ များလာပြီး သားအိမ်နံရံ (endometrium) ထူထဲလာပါတယ်။ ဒါ့အပြင် FSH (follicle stimulating hormone) လို့ခေါ်တဲ့ နောက်ဟော်မုန်းတစ်မျိုးကြောင့် သားဥအိမ်မှ သားဥတွေ ကြီးထွားလာပါတယ်။ Cycle ရဲ့ ၁၀ ရက်နဲ့ ၁၄ ရက်အတွင်း ကြီးထွားလာတဲ့ သားဥတွေအနက် တစ်ခုဟာ အရွယ်ရောက်ပြီး ရင့်ကျက်လာပါတယ်။
(3) Ovulation (သားဥကြွေခြင်း)
သာမန် ၂၈ ရက်ရှိတဲ့ cycle ရဲ့ ၁၄ ရက်မြောက်နေ့မှာ သားဥကြွေလေ့ရှိပါတယ်။ Luteinizing hormone(LH) လို့ ခေါ်တဲ့ နောက်ဟော်မုန်းတစ်မျိုး ရုတ်တရက်များလာပြီး သားဥအိမ်မှ သားဥကြွေရခြင်း ဖြစ်ပါတယ်။
(4) The Luteal Phase
Cycle ရဲ့ ၁၅ ရက်မြောက်ကနေ cycle အဆုံး၂၈ ရက်အထိ ကြာမြင့်ပါတယ်။ သားဥအိမ်မှ သားဥကြွေပြီးနောက် သားပို့ပြွန်(fallopian tubes) မှတစ်ဆင့် သားအိမ် (uterus) ကို ရောက်ရှိပါတယ်။ ဒီအချိန်မှာ
Progesterone လို့ခေါ်တဲ့ ဟော်မုန်းပမာဏ များလာပြီး သားအိမ်နံရံမှာ သန္ဓေတည်နိုင်အောင် ပြင်ဆင်ပေးပါတယ်။ သားဥလေးက သုက်ကောင်နဲ့ပေါင်းစပ်ခဲ့ရင် သားအိမ်နံရံမှာ တွယ်ကပ်ပြီး သန္ဓေတည်ပါတယ်။ မပေါင်းခဲ့ရင်တော့ oestrogen နဲ့ progesterone ပမာဏလျော့ကျပြီး သားအိမ်နံရံကွာကျကာ သွေးဆင်းပါတယ်။
(ဒီဖြစ်စဥ်တွေကို သိထားခြင်းအားဖြင့် ကိုယ်ဝန်ရနိုင်ချိန်ကို အကြမ်းဖျဥ်း မှန်းဆနိုင်ပါတယ်။)
..
..
ဘယ်အသက်အရွယ်မှာ သွေးစဆင်းလဲ ?
ပျမ်းမျှအသက် ၁၂ နှစ်အရွယ်မှာ ရာသီသွေးစဆင်းပါတယ်။ သို့ပေမယ့် အစောဆုံး ၈ နှစ်နဲ့ နောက်အကျဆုံး ၁၆ နှစ်မှာ သွေးစဆင်းတာလည်း ရှိပါတယ်။ ယေဘုယျအားဖြင့် ရင်သားကြီးထွားတာ၊ ဆီးခုံမွှေးပေါက်တာတွေဖြစ်ပြီး နှစ်အနည်းငယ်မှာပဲ ရာသီသွေး စဆင်းတတ်ပါတယ်။
..
..
Menopause (သွေးဆုံးခြင်း)
အသက် ၅၁ နှစ်လောက် (၄၅ နဲ့ ၅၅ ကြား) မှာ ရာသီသွေးဆင်းတာ ရပ်တန့်လေ့ရှိပါတယ်။ တစ်နှစ်အတွင်း ရာသီတစ်ခါမှမလာတော့ရင် သွေးဆုံးအရွယ်ရောက်သွားပြီလို့ ပြောလို့ရပါတယ်။
..
..
ရာသီသွေးဆင်းတဲ့အခါ ဘယ်လို ဝေဒနာလက္ခဏာတွေ ခံစားရလဲ ?
တချို့သူတွေမှာ ရာသီသွေးဆင်းချိန် ဝေဒနာအချို့ခံစားရတတ်ပြီး၊ တချို့မှာတော့လည်း ဘာမှ မဖြစ်ပါဘူး။ ဝေဒနာပြင်းထန်မှုကလည်း တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။
အဖြစ်များဆုံးကတော့ ဗိုက်အောင့်ခြင်း ( abdominal cramp) ဖြစ်ပါတယ်။ သားအိမ်အတွင်းသားတွေ ခွာချဖို့ သားအိမ်ကျုံ့ခြင်းကြောင့် ဗိုက်အောင့်တာ ဖြစ်ပါတယ်။
တခြားလက္ခဏာတွေအနေနဲ့
– စိတ်အပြောင်းအလဲ မြန်တာ (mood changes)
– အိပ်မပျော်တာ
– ခေါင်းကိုက်တာ
– အစာစားချင်စိတ် ပြင်းပြတာ (food cravings)
– လေပွလေထတာ (bloating)
– ရင်သားနာကျင်တာ
– ဝက်ခြံထွက်တာတွေ ဖြစ်တတ်ပါတယ်။
..
..
Menstrual Cycle ဟာ အသက်အရွယ်ပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ ပထမဆုံး ရာသီစလာခါစအရွယ်တွေမှာ ရာသီချိန်နောက်ကျတာ၊ သွေးဆင်းတဲ့ပမာဏ များတာတွေ ဖြစ်တတ်ပြီး ပုံမှန်ဖြစ်ဖို့ ၃ နှစ်ခန့် ကြာမြင့်တတ်ပါတယ်။
အသက် ၂ဝ ကျော်မှာတော့ ရာသီစက်ဝန်းရဲ့အချိန် ပိုမှန်လာပါတယ်။ သွေးဆုံးချိန်နီးရင်တော့ အချိန်မမှန်တာတွေ ထပ်ဖြစ်တတ်ပါတယ်။
ကလေးမွေးပြီးတဲ့အချိန်၊ နို့တိုက်တဲ့အချိန်လိုမျိုး ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့ အခြေအနေတွေမှာလည်း ရာသီစက်ဝန်းရဲ့အချိန် ပြောင်းလဲတတ်ပါတယ်။
..
..
ဘယ်အခါ ရာသီသွေးဆင်းတာ ပုံမှန်မဟုတ်ဘူးလို့ ပြောမလဲ ?
– ၂၁ ရက်ထက် စောခဲ့ရင် (သို့မဟုတ်) ၃၅ ရက်ကျော် ကြာခဲ့ရင်
– ၃ လ (ရက် ၉၀) တိုင် သွေးမဆင်းရင်
– သွေးဆင်းတဲ့ပမာဏ ပုံမှန်ထက် သိသိသာသာ များရင် (သို့မဟုတ်) နည်းရင်
– ဆက်တိုက် ၇ ရက်ကျော် သွေးဆင်းခဲ့ရင်
– သွေးဆင်းချိန်မှာ အရမ်းနာကျင်တာ၊ ဗိုက်အောင့်တာ၊ ပျို့တာအန်တာ ရှိခဲ့ရင်
– Period တွေရဲ့ ကြားချိန်မှာ သွေးဆင်းခဲ့ရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။
Reference :
https://my.clevelandclinic.org/…/10132-menstrual-cycle
NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
#menstrual_cycle
Ministry of Health,
National Unity Government.

Published on: 30 June 2023
Last updated: 30 June 2023