သန့်ရှင်းသော သောက်သုံးရေ ပြုလုပ်နည်း (ဧပြီလ၊ ၂၀၂၂ ခုနှစ်)
သောက်သုံးရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်ရန်အတွက် လူတစ်ဦးလျှင် တစ်ရက်ကို ရေ အနည်းဆုံး (၁၅) လီတာ လိုအပ်ပါသည်။
အသုံးပြုနိုင်သော ရေအရင်းအမြစ်များမှာ စမ်းရေ၊ ဘုံဘိုင်ရေ၊ တွင်းရေ၊ ကန်ရေ၊ လက်လုပ်တွင်းရေ အစရှိသည်တို့ဖြစ်ပါသည်။
အသုံးပြုသောရေသည် ညစ်ထေးနေပါက အမှုန်အမွှားများကို အနည်ထိုင်စေခြင်းနှင့် သဲဖြင့် စစ်ခြင်းများ ပြုလုပ်ရပါမည်။
ရေကို (၂) မိနစ် မှ (၅) မိနစ်ထိ ကျိုချက်ပါ။
သို့မဟုတ်ပါက ရေကျိုချက်ရန် ထင်း (သို့မဟုတ်) လောင်စာ အခက်အခဲရှိလျှင် တစ်ရက်စာ သောက်သုံးမည့် ရေကို ပလတ်စတစ်ဘူး အကြည်များ (သို့မဟုတ်) ပလတ်စတစ်အိတ်များထဲသို့ လုံခြုံစွာ ထည့်ပိတ်၍ နေရောင်ထဲတွင် (၁၀) နာရီထားပါ။ နောက်ရက်တွင် သောက်သုံးနိုင်ပါသည်။
သို့မဟုတ်ပါက ရေတစ်လီတာတွင် ကလိုရင်း သန့်စင်ဆေးရည် (၃) စက် ထည့်ပါ။ သမအောင် မွှေပါ။ မိနစ် (၃၀) ခန့်ကြာ ထားပြီးလျှင် သောက်သုံးနိုင်ပါသည်။ (ကလိုရင်း သန့်စင်ဆေးရည်ကို ရရှိရန် Bleaching powder လက်ဖက်ရည်ဇွန်း (၃) ဇွန်းကို ရေတစ်လီတာတွင် ရောဖျော်ပါ။)
သို့မဟုတ်ပါက ရေတစ်လီတာတွင် အိုင်အိုဒင်း (၁၀) မီလီဂရမ် (သို့မဟုတ်) အိုင်အိုဒင်း တင်ချာ tincture of iodine ၁၀ စက် ထည့်ပါ။ (၁၅) မိနစ်ကြာ ထားပြီးလျှင် သောက်သုံးနိုင်ပါသည်။
သို့မဟုတ်ပါက ရေသန့်စင်ဆေးပြားများကို အသုံးပြုပါ။
သန့်ရှင်းသော သောက်သုံးရေကို သိုလှောင်ရန်
သန့်စင်၍ အဖုံးပါသော ဘူး၊ ပုလင်း၊ ရေပုံး စသည့် ထည့်စရာ တစ်ခုခု (container) ထဲတွင် သိုလှောင်ထားပါ။ (၂၄) နာရီအတွင်း သောက်သုံးပါ။
Container မှ ရေကို မိမိသောက်သုံးမည့် ခွက်ထဲသို့ ငှဲ့ထည့်ပါ။ ခွက် (သို့မဟုတ်) အခြားမည်သည့်အရာကိုမျှ Container ထဲသို့ မထည့်ရပါ။
သင့်လက်များကို သောက်သုံးရေထဲသို့ လုံးဝ မထည့်ရပါ။
Reference:
လက်နက်ကိုင်ပဋိပက္ခများနှင့် အခြားအဓိကရုဏ်းများတွင် ဆောင်ရွက်ရမည့် ရှေးဦးသူနာပြုစုနည်းများ (ICRC)
First Aid in armed conflicts and other situations of violence, ICRC, 2006.
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.

Published on: 30 April 2022
Last Updated: 30 April 2022