Mind Healer : ချစ်ခင်သူတွေဆုံးပါးသွားလို့ ဝမ်းနည်းပူဆွေးရချိန်မှာ ဖြေဆည်ရာဘယ်လို ရှာကြမလဲ။

👉 ချစ်ခင်သူတွေဆုံးပါးသွားလို့ ဝမ်းနည်းပူဆွေးရချိန်မှာ ဖြေဆည်ရာဘယ်လို ရှာကြမလဲ။

ဘဝမှာ ချစ်ခင်ရသူတွေကို ဆုံးရှုံးရတတ်တာဟာ သဘာဝတရားပေမဲ့ သွေးသားရင်းချာ မိသားစုဝင်ကို ဆုံးရှုံးရတဲ့အခါ၊ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဆုံးပါးသွားတဲ့အခါ၊ ရဲဘော်ရဲဘက်တစ်ဦး ကျဆုံးသွားတဲ့အခါ လူတိုင်း ဝမ်းနည်းပူဆွေးကြရပြီး ဖြေမဆည်နိုင် ဖြစ်ကြရပါတယ်။

ဖြေဆည်ရာ မရှာနိုင်ခင်အထိ စိုးရိမ်ထိတ်လန့်မှုတွေကို ခံစားကြရတယ်၊ စိတ်ဖိစီးမှုတွေကို ခံစားကြရတယ်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေ ဖြစ်ကြရတယ်၊ ဝမ်းနည်းအားငယ်ရတယ်၊ စိတ်ဓာတ်ကျရတယ်၊ ပြီးရင် စိတ်ခံစားချက်တွေ ထုံထိုင်းကုန်တဲ့အထိ ဖြစ်ကြရတယ်။

လူတစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့ အတိုင်းအဆ ကွာခြားမှုတွေ ရှိတတ်တာမို့ ဝမ်းနည်းပူဆွေးရတာကနေ ဘယ်နှစ်လ၊ ဘယ်နှစ်ရက်အကြာမှာ ဖြေဆည်ရာ ရှာနိုင်မယ်ဆိုပြီး အတိအကျ ဘယ်လိုမှ မပြောနိုင်ပါဘူး။ တချို့ တွေ ဖြေဆည်ရာရတဲ့အချိန်မှာ တချို့တွေက ဆုံးရှုံးမှုကို လက်မခံနိုင်ဘဲ ရှေ့ဆက်ဖို့ ရုန်းကန်နေရနိုင်ပါတယ်။

ကာလတစ်ခုကြာတာတောင်မှ အချိန်သမားတော်က ကုစားမပေးနိုင်ဘဲ သူမပါတဲ့ဘဝကို ရှေ့ဆက်ဖို့ခက်ခဲနေခဲ့ရင် ကျွမ်းကျင်သူတွေရဲ့ အကူအညီရယူဖို့ လိုအပ်ပါတယ်။

👉 ကြုံရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ

ဝမ်းနည်းပူဆွေးနေတဲ့အခါ အာရုံစူးစိုက်ဖို့ ခက်ခဲလာပြီး နေ့စဉ်လုပ်နေကျ ကိစ္စတွေမှာတောင် လုပ်မှားကိုင်မှား ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ ပုံမှန်ထက် ပိုများလာနိုင်ပါတယ်။ စိတ်တိုစိတ်ဆတ်နေတတ်တာနဲ့ စိတ်အလိုမကျတာတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ကျရောဂါ ခံစားရတဲ့အထိ ဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း အိပ်ချိန်စားချိန်တွေ ထိခိုက်နိုင်ပြီး ရှေ့ဆက်ဖို့အတွက် လိုအပ်တဲ့ ခွန်အားတွေ ယုတ်လျော့လာနိုင်ပါတယ်။ ဒါ့အပြင် ကြာရှည်ခံစားနေရတဲ့စိတ်ဖိစီးမှုကြောင့် ဆီးချိုရောဂါ၊ သွေး တိုးရောဂါ၊ နှလုံးရောဂါ စတာတွေ ပိုပြီး ဖြစ်လာနိုင်ပါတယ်။

တချို့တွေအနေနဲ့ ခံစားနေရတဲ့ ဝမ်းနည်းပူဆွေးမှုကိုဖြေဖျောက်ဖို့အတွက် အလွန်အကျွံစားသောက်တာ၊ အရက် နဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲတာတို့လို ကျန်းမာရေးနှင့် မညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံတွေ လုပ်လာနိုင်ပါတယ်။ ဒီလိုလုပ်မှ နည်းနည်းနေသာတယ်ဆိုတဲ့ အတွေးနဲ့ ခံစားချက်တွေလည်း အားကောင်းလာနိုင်ပါတယ်။

👉 ရင်ဆိုင်ဖြတ်ကျော်ဖို့ အကူအညီဖြစ်စေတဲ့ နည်းလမ်းများ

ဝမ်းနည်းပူဆွေးမှု ကြုံနေရတဲ့အချိန်မှာ ကိုယ့်ဘေးမှာ ဖေးမတတ်တဲ့သူတွေရှိခဲ့ရင် ရင်ဆိုင်ဖို့အကူအညီဖြစ်စေပါတယ်။ နားလည်သိမြင်ဖို့ အရေးကြီးတဲ့ အချက်တစ်ခုက လူသားတစ်ယောက်အနေနဲ့ မလိုချင်ဘဲကြုံရတဲ့ ဆုံးရှုံးမှုတွေကလည်း ဘဝကိုပိုအဓိပ္ပာယ်ရှိတဲ့ ရှင်သန်နေထိုင်မှုဖြစ်အောင် တစ်နည်းတစ်ဖုံနဲ့ ပဲ့ပြင်ပေးနိုင်တယ်ဆိုတာပါ။

၁) ကိုယ်ကြုံတွေ့ခံစားနေရတဲ့ ဝမ်းနည်းပူဆွေးမှုကို ဖွင့်ထုတ်ပြောဆိုပါ။

ကိုယ့်မိတ်ဆွေတွေနဲ့ ထိတွေ့ပြောဆိုခြင်းအားဖြင့် သူတို့တွေရဲ့ ချစ်ခင်နားလည်ပေးမှု ရနိုင်တာမို့ ဖြေဆည်ရာ ရလာနိုင်စေပါတယ်။ အဲဒီလို မဟုတ်ဘဲ တစ်ယောက်တည်း ထီးတည်းကြိတ်မှိတ်ခံစားနေတဲ့အခါ ဖေးမပေးမဲ့သူတွေ နဲ့ ပိုပြီး ဝေးကွာသွားစေတတ်ပါတယ်။

၂) ကိုယ့်ခံစားနေရတာတွေကို အရှိအဖြစ်အတိုင်း ကျေကျေလည်လည် လက်ခံလိုက်ပါ။

ချစ်ခင်သူကိုဆုံးရှုံးရလို့ ဝမ်းနည်းအားငယ်တာ၊ ငါ့ကျမှဖြစ်ရလေခြင်းဆိုပြီး ဒေါသဖြစ်ရတာ၊ လောကကြီးကို စိတ်ကုန်တာတွေကို ခံစားရရင် အဲဒါ ပုံမှန်ပါပဲ။ ကိုယ်ခံစားနေရတာကို အရင်းအတိုင်း သိမြင်လက်ခံနိုင်ပါမှ ဒီခံစား ချက်တွေကြား အချိန်အကြာကြီးပိတ်မိ မနေတော့ဘဲ အချိန်သမားတော်နဲ့အတူ ဖြေဆည်ရာရလာမှာဖြစ်တယ်။

၃) မိမိကိုယ်ကိုနဲ့ တခြားချစ်ခင်ရသူတွေကို အရင်ကထက် ပိုဂရုစိုက်ပေးပါ။

တစ်ခါတလေမှာ ဝမ်းနည်းပူဆွေးမှုကြောင့် ကိုယ့်ကိုယ်ကိုယ်ရော ချစ်ခင်ရသူတွေကို ဂရုမစိုက်လျစ်လျူရှုမိတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဆုံးရှုံးမှုတွေကြုံကြရပြီဆိုရင် သက်ဆိုင်သူအားလုံး အစားအသောက်မပျက်စေဖို့၊ ပုံမှန်နားနေအိပ်စက်မှုရှိနေဖို့၊ ပုံမှန်ကိုယ်လက်လှုပ်ရှားကစားတာ ဆက်လုပ်ဖို့တွေကို သတိကပ် လုပ်ဆောင်ကြရပါ မယ်။ အဲဒီလို အပြန်အလှန်ဖေးမကြရင် အဆိုးတွေ ဖြစ်မလာတော့ဘဲ သက်သာရာရလာနိုင်စေပါတယ်။

၄) ဆုံးရှုံးမှုကြုံရလို့ ဝမ်းနည်းပူဆွေးနေတဲ့သူနဲ့ အချိန်ပေးပြီး အတူတူရှိနေပေးပါ။

တခြားသူတွေကို ကူညီဖေးမတဲ့အခါ ကိုယ့်စိတ်ခံစားမှုတွေ သက်သာဖို့ပါ အကူအညီဖြစ်စေပါတယ်။ ဆုံးရှုံးမှု ကြုံ ရသူအချင်းချင်း သူ့ခံစားချက် ကိုယ့်ခံစားချက် မျှဝေကြတာ၊ ဆုံးပါးသွားသူရဲ့ အကြိုက်တွေစရိုက်တွေနဲ့ ရှိခဲ့သမျှ အမှတ်တရတွေကို ပြန်ပြောင်းပြောဆိုကြတာတွေဟာ ခံစားနေရသူအားလုံးကို သက်သာရာရစေနိုင်ပါတယ်။

၅) ဆုံးပါးသွားသူ အသက်ရှင်စဉ်က ပြုခဲ့တဲ့ကောင်းမှုကုသိုလ်တွေကို ပြန်ပြောင်းရေတွက်ပါ။

နှစ်ပတ်လည်ရက်တွေနဲ့ အမှတ်တရရက်တွေဟာ ကျန်ရစ်ခဲ့ရတဲ့သူတွေအတွက် ဝမ်းနည်းပူဆွေးမှုတွေ ပြန်ပြီးခံစားရတဲ့ နေ့ရက်တွေပါ။ ဒါပေမဲ့ ဒီရက်တွေမှာ ဆုံးပါးသွားသူအတွက် ရည်စူးအလှူပြုလုပ်ပေးတာ၊ မိသားစုနဲ့ သူငယ်ချင်းတွေစုဆုံပြီး ဆုံးပါးသူရဲ့ တစ်သက်တာထဲက အမှတ်ရစရာတွေကို ပြန်ပြောင်းဆင်ခြင်ကြတာတွေကို လုပ်ဆောင်ရင်း ဘဝကို ရှေ့ဆက်ဖို့ အပြန်အလှန်ခွန်အားယူလို့ရပါတယ်။

ကိုးကား-
apa.org/topics/families/grief
apa.org/topics/mental-health/coping-death-co-worker

International Society of Myanmar Scholars and Professionals

https://ismsp-mm.org/

စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို တိုင်ပင်ဆွေးနွေးနိုင်ရန်-

👉 တယ်လီကျန်းမာ ဆေးခန်း (နေ့စဉ် နံနက် ၈ နာရီမှ ၆ နာရီအထိ)
https://m.me/telehealthmm

👉 တိုင်ပင်ဖော် ဝန်ဆောင်မှု
https://facebook.com/taingpinphaw

👉 Mind Healers -စိတ်ခွန်အားပေးသူများ
https://facebook.com/MindHealersMM

To Donate:
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 6 April 2022
Last Updated: 6 April 2022