MoH – Announcement (6/2023)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့

ကျန်းမာရေးဝန်ကြီးဌာန

ထုတ်ပြန်ကြေညာချက်အမှတ် (၆/၂၀၂၃)

၂၀၂၃ ခုနှစ်၊ မေလ (၂၀) ရက်

၁။ အကြမ်းဖက်စစ်ကောင်စီသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးဆိုင်ရာ ဥပဒေများနှင့် ပြည်တွင်း/ပြည်တွင်းဥပဒေများကို မျက်ကွယ်ပြု၍ ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကို အကြိမ်ကြိမ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိသည်။

၂။ အကြမ်းဖက်စစ်ကောင်စီသည် (၁၇-၅-၂၀၂၃) ရက်နေ့၊ နံနက် (၄) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကရင်နီ (ကယား) ပြည်နယ်၊ ဘောလခဲမြို့နယ်၊ စောလုံရွာကို လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ကြဲချလိုက်သော ဗုံးသည် စောလုံရွာရှိ ကျေးလက်ဆေးပေးခန်း၏ ဘေးအနီးတွင် ကျရောက်ခဲ့ပြီး အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ် မခင်ရွှေဝင်း သေဆုံးခဲ့ရကာ မခင်ရွှေဝင်း၏ ဖခင်အပါအဝင် သက်ကြီးရွယ်အို အမျိုးသား (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် ကျေးလက်ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ရာ၊ ပြည်သူ့ နေအိမ် (၆) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် ကျေးရွာ၏ သောက်သုံးရေကန်တို့လည်း ထိခိုက်ပျက်စီးခဲ့ပြီး နွားများလည်း သေဆုံးခဲ့သည်။

၃။ (၁၆-၅-၂၀၂၃) ရက်နေ့တွင် ရရှိသော သတင်းအရ အကြမ်းဖက်စစ်ကောင်စီသည် (၉-၄-၂၀၂၃) ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မြောက်ပိုင်းရှိ People’s Healthcare Network (Kalay) ၏ မြောက်ပိုင်းတိုက်နယ်ဆေးရုံအတွင်းသို့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဆေးဝါးများ၊ ဆေးဝါးသိမ်းဆည်းရာ နေရာများနှင့် လူနာကြည့်ရှုရာ နေရာများကို အကြမ်းဖက်ဖျက်ဆီးသွားခဲ့ပါသည်။ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများမှာ အချိန်မီတိမ်းရှောင်နိုင်ခဲ့ပြီး ကျေးရွာများမှ ပြည်သူနှစ်သောင်းကျော်လည်း အိုးအိမ်စွန့်ခွာ၊ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၄။ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ ဟူသည့် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကလည်း (၁၅-၅-၂၀၂၃) ရက်စွဲဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှ ပုဂ္ဂလိကဆေးရုံ (၃) ရုံတို့၏ လုပ်ငန်းလိုင်စင်များကို ဥပဒေမဲ့ ပယ်ဖျက်ခဲ့သည်။

၅။ (၁၁-၅-၂၀၂၃) ရက်နေ့၌ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ ပခုက္ကူ သူနာပြုနှင့် သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းမှ ဒုတိယနှစ်ကျောင်းသား မောင်စိုးမိုးနိုင်၊ အသက် (၂၃) နှစ်သည် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်အတွင်း ဖြစ်ပွားသောတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဒဏ်ရာရရဲဘော်ကို ပြုစုကုသနေစဉ် အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ကြောင်း သိရှိရပါသည်။

၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် သူနာကို ပြုစုရင်း ကျဆုံးခဲ့သည့် မောင်စိုးမိုးနိုင်အား ကျန်းမာရေးအာဇာနည် သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။ အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲ၍ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်သူအားလုံးကို ပြည်သူ့တရား ဥပဒေနှင့်အညီ ပြင်းထန်ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး တရားမျှတမှု ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၇။ ဝန်ကြီးဌာနအနေဖြင့် အခက်အခဲနှင့် စိန်ခေါ်မှုများ မည်သို့ပင် ရှိနေစေကာမူ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

https://moh. nugmyanmar. org/

#nugmoh#announcement#statement

To Download Mmr Version PDF : Click Here

To Download Eng Version PDF : Click Here

Published on: 20 May 2023

Last updated: 20 May 2023