ငါးမျက်စိရောဂါအကြောင်း သိကောင်းစရာ (Molluscum Contagiosum)
ငါးမျက်စိဆိုတာ အဖြစ်များပြီး ကူးစက်တတ်တဲ့ အရေပြားအဖုအလုံးကလေးတွေပါ။ ကလေးတွေရော လူကြီးတွေမှာပါ ဖြစ်နိုင်တဲ့ ဒီ ငါးမျက်စိလေးတွေအကြောင်း သိကောင်းစရာ ဗဟုသုတတွေကို ဆက်လက် ဖတ်ရှု လိုက်ရအောင်။
ငါးမျက်စိဘာလို့ဖြစ်?
ငါးမျက်စိ (Molluscum Contagiosum) ဟာ Poxvirus လို့ခေါ်ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ရပါတယ်။ ဒီဗိုင်းရပ်စ်ပိုးလေးတွေဟာ အရေပြား ထိခိုက်/ စုတ်ပြဲ/ ပြတ်ရှရာလေးကနေတောင် အရေပြားအတွင်းကို ဝင်ရောက်ပွားများပြီး ငါးမျက်စိဖြစ်ပွားစေတတ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ငါးမျက်စိဟာ အဖြစ်များတဲ့ အရေပြားအနာကလေးတွေဖြစ်ပါတယ်။ လူကြီးလူငယ်မရွေးဖြစ်နိုင်ပေမယ့် အသက် ၁၅ နှစ် အောက်ကလေးငယ်တွေ နဲ့ ကျောင်းနေအရွယ်ကလေးတွေမှာ အဓိက အဖြစ်များဆုံးဖြစ်တတ်ပါတယ်။
ငါးမျက်စိ ဘယ်လိုကူးစက်သလဲ?
ငါးမျက်စိရှိသူရဲ့ အရေပြားပေါ်က ငါးမျက်စိလေးတွေနဲ့ ထိမိ/ ကိုင်မိရင်ကူးတတ်ပါတယ်။
ငါးမျက်စိရှိသူနဲ့ အဝတ်အစား၊ ပဝါ၊ တဘက် စတဲ့အသုံးအဆောင်ပစ္စည်းတွေ အတူမျှသုံးတာကနေလည်း ကူးတတ်ပါတယ်။
ကလေးတွေမှာဆိုရင် ငါးမျက်စိရှိသူနဲ့ ရေအတူကူးတာ၊ နောက်ဆုံး ဗိုင်းရပ်စ်ပိုးကပ်ပါနေတဲ့ ရေကူးကန်က အရုပ်လေးတွေကနေတောင်ကူးနိုင်ပါသေးတယ်။
အရွယ်ရောက်ပြီးသူတွေမှာ လိင်ကတစ်ဆင့်လည်း ကူးစက်တတ်ပါတယ်။
ဘယ်လိုလူတွေမှာ ငါးမျက်စိပိုဖြစ်တတ်ပါသလဲ?
ကျောင်းနေအရွယ်ကလေးငယ်လေးတွေ။
ကိုယ်ခန္ဓာခုခံအားနည်းနေသူတွေ (ဥပမာ။ Steroid စတီးရွိုက်ဆေးတွေသုံးနေရတာ၊ HIV/AIDS ရောဂါရှိတာ စသည်)။
ငါးမျက်စိနဲ့ တိုက်ရိုက်ထိတွေ့တာ၊ ငါးမျက်စိရှိသူရဲ့ အဝတ်အစား၊ ပဝါ၊ တဘက် စတာတွေကို ထိတွေ့ ဝေမျှသုံးတာ တွေကလည်း ငါးမျက်စိ ကူးလွယ်ဖြစ်လွယ်စေပါတယ်။
ပူနွေးစွတ်စိုတဲ့ ရာသီဥတုမှာနေရသူတွေ။
အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖော်များတာ စတာတွေကြောင့်လည်း အရွယ်ရောက်ပြီးသူတွေမှာ လိင်အင်္ဂါတစ်ဝိုက်မှာ ငါးမျက်စိ ကူးလွယ် ပေါက်လွယ်စေပါတယ်။
ငါးမျက်စိရဲ့ ပုံပန်းသဏ္ဌာန်နဲ့ သိကောင်းစရာ အရေပြားလက္ခဏာတွေက ဘာတွေလဲ?
ငါးမျက်စိဟာ မာမာသေးသေး အဖြူအနှစ်အလုံးအဖုကလေးတွေ၊ ရေကြည်အဖု ပုံစံလေးတွေဖြစ်ပါတယ်။
အချင်း (diameter) ၃-၅ မီလီမီတာ ရှိတဲ့ သေးသေးအဖုလေးတွေကနေ အချင်း (diameter) ၁၀-၂၀ မီလီမီတာ အထိကြီးတဲ့ အဖုတွေအထိ အရွယ်အစားမျိုးစုံ ဖြစ်နိုင်ပါတယ်။ အရေအတွက်ကလည်း တစ်လုံးချင်း ပေါက်တတ်သလို အဖုပေါင်းများစွာလည်း ပေါက်နိုင်ပါတယ်။
အဖုအကြီးတွေကြောင့် အမာရွတ်ကျန်ကောင်းကျန်နိုင်ပါတယ်။
အလုံးအဖုလေးရဲ့ အလယ်ဗဟိုဟာ ချိုင့်ဝင်နေတတ်ပြီး အတွင်းမှာ ပြည်အရည် ရှိပါတယ်။
အဖုအလုံးတွေရဲ့ ပတ်လည်အသားအရေက နီရဲနေတတ်ပါသေးတယ်။
ကိုယ်ခန္ဓာနေရာအနှံ့မှာပေါက်နိုင်ပါတယ် (ခြေ၊ လက်၊ ကိုယ်ထည်၊ လိင်အင်္ဂါတစ်ဝိုက်၊ ဝမ်းဗိုက်၊ ပေါင် စသည်)။
အများအားဖြင့် မနာတတ်/ မယားယံတတ်ပါ။ မျက်ခွံမှာ ပေါက်ရင်တော့ မျက်လုံးကို ကသိကအောက်ဖြစ်စေပြီး အနှောင့်အယှက်ပေးနိုင်ပါတယ်။ တချို့လူတွေမှာ အနည်းငယ် ယားယံမှု ခံစားရနိုင်ပါတယ်။
ငါးမျက်စိဟာ ပုံမှန်အားဖြင့် အန္တရာယ်မရှိလှတဲ့ အရေပြားပေါ်ကအဖုကလေးတွေသာဖြစ်ပြီး ကြောက်စရာမလိုအပ်ပေမယ့် အဖုလေးတွေကို ဆွတာ၊ ဆိတ်တာ၊ အဆက်မပြတ်ကုတ်ဖဲ့တာ လုပ်ရင်တော့ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးဝင်ပြီး အရေပြားရောင်ရမ်းကာ အခြေအနေဆိုးစေနိုင်ပါတယ်။
ငါးမျက်စိကို ဘယ်လိုကုသသလဲ?
ငါးမျက်စိဖြစ်ဟာ သူ့ဘာသာအလိုလို ပြန်ပျောက်ကင်းနိုင်တဲ့ အရေပြားအဖုအလုံးကလေးတွေ ဖြစ်ပါတယ်။ ကုသမှုဟာ အမြဲမလိုအပ်ပါဘူး။
ခန္ဓာကိုယ်ခုခံအားကောင်းမွန်နေတဲ့ အခြေအနေမျိုးမှာ ဗိုင်းရပ်စ်ကို ကောင်းစွာတိုက်ထုတ်နိုင်တာကြောင့် သူ့ဘာသာအလိုလို ပျောက်ကင်းသွားတတ်ပါတယ်။
HIV/AIDS လိုခုခံအားကျ ရောဂါရှိသူတွေ၊ နာတာရှည်အရေပြားရောဂါတွေပါ တွဲရှိသူတွေ၊
လိင်အင်္ဂါတစ်ဝိုက်မှာငါးမျက်စိပေါက်နေရင်၊ နှစ်အတော်ကြာမပျောက်ဘဲ ဆက်ရှိနေတဲ့ အခြေအနေမျိုး တွေမှာတော့ ကုသမှုလိုအပ်လာနိုင်ပါတယ်။
လိမ်းဆေး၊ သောက်ဆေး တွေနဲ့ကုသလို့ရပါတယ်။
Laser လေဆာသုံးကုသမှုတွေလည်း ကုသနိုင်ပါသေးတယ်။
Liquid Nitrogen ကို အသုံးပြုပြီး ငါးမျက်စိကို အေးခဲသေဆုံးစေတဲ့ ကုသမှုတွေလည်း ပြုလုပ်နိုင်ပါ သေးတယ်။
Electrocautery လို့ခေါ်တဲ့ လျှပ်စစ်သုံးပြီး ငါးမျက်စိကိုဖယ်ထုတ်တဲ့ ကုသမှုတွေလည်း ပြုလုပ်နိုင်ပါ သေးတယ်။
ဆောင်ရန်/ ရှောင်ရန်
အများသုံး ရေချိုး/ရေကူးကန်တွေ၊ ပဝါ၊ တဘက်၊ အဝတ်အစား စတာတွေ ဝေမျှသုံးတာမျိုး ရှောင်ခြင်းကလည်း မိမိကနေ အခြားသူကို မကူးစက်စေတဲ့နည်းလမ်းတစ်ခုဖြစ်သလို အခြားသူဆီကလည်း မိမိကို မကူးစက်အောင် ကာကွယ်ပြီးသားပါဖြစ်ပါတယ်။
ငါးမျက်စိပေါက်နေတဲ့နေရာလေးတွေကို Medical tape တိပ်ကပ်ပေးတာ၊ အဝတ်အစားအောက်မှာ ဖုံးထားတာမျိုးကလည်း အခြားသူတွေကို ထိတွေ့ကူးစက်မှုမဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ကျောင်းနေအရွယ် ကလေးငယ်လေးတွေမှာ ငါးမျက်စိအဖုလေးတွေကို Medical tape တိပ်နဲ့ ကပ်ထားပြီးဖြစ်စေ၊ အဝတ်အစားအောက်မှာဖုံးအုပ်နေစေတာမျိုးဖြစ်စေ အခြားသူကိုမထိတွေ့နိုင်ဘူးဆိုရင် ပုံမှန်အတိုင်း ကျောင်းသွား၊ သူငယ်ချင်းတွေနဲ့ ဆော့ကစားမှုပြုနိုင်ပါတယ်။
အဖုတွေကို ကိုင်တွယ်မိပြီးတိုင်းလည်း လက်ကိုသေချာစွာ ဆေးကြောပစ်ရပါမယ်။
ကူးစက်ပျံ့နှံ့မှု မရှိစေဖို့အတွက် အဖုတွေကို ဆိတ်တာ၊ ဆွတာ၊ ကုတ်ဖဲ့တာမျိုးတွေကို ရှောင်ရပါမယ်။
ငါးမျက်စိရှိတဲ့ နေရာတွေက အမွေးအမျှင်တွေကို ရိတ်ခြင်းက ပြတ်ရှရာလေးတွေကို ဖြစ်စေနိုင်ပြီး ဗိုင်းရပ်စ်ပိုး ဝင်ရောက် ပွားလွယ်နိုင်တဲ့အတွက် ရှောင်သင့်ပါတယ်။
အရွယ်ရောက်ပြီးသူတွေမှာ လိင်ကတစ်ဆင့်ကူးစက်တဲ့ လိင်အင်္ဂါတစ်ဝိုက်မှာ ငါးမျက်စိပေါက်နေရင် ပျောက်ကင်းတဲ့အထိ လိင်ဆက်ဆံတာကို ရှောင်သင့်ပါတယ်။ လိင်ဆက်ဆံတိုင်း အကာအကွယ်သုံးရပါမယ်။
*** ငါးမျက်စိဟာ အန္တရာယ်မရှိတဲ့ အရေပြားအဖုကလေးတွေဖြစ်တယ်။ ကူးစက်တတ်လို့ မိမိကနေ အခြားသူတွေ မကူးစက်ရအောင် (သို့) အခြားသူတွေဆီမှ မိမိကို မကူးစက်ရအောင် ကာကွယ်ပါ။ ကုတ်ဖဲ့တာမျိုးက ပိုးဝင်တတ်ပြီး အခြေအနေဆိုးစေတတ်လို့ ရှောင်ကြဥ်ပါ ***
References John Murtagh’s Patient Education, Sixth Edition; Molluscum Contagiosum pg-148
AAD : American Academy of Dermatology Association : Molluscum Contagiosum
Oxford Handbook of Medical Dermatology, Second Edition; Molluscum Contagiosum pg-158
NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
ကုသမှုအားလုံး အခမဲ့ (အခမဲ့) ဖြစ်ပါသည်။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm )ကိုနှိပ်ပါ။
ချက်ချင်းဆေးခန်းပြရန်အတွက်( https://t.me/TelehealthMM )ကိုနှိပ်ပါ။
Ministry of Health,
National Unity Government.

Published on: 23 June 2022
Last Updated: 23 June 2022